နေပြည်တော် ဇွန် ၁၃
၂၀၂၆ ခုနှစ်မိုးရာသီ နိုင်ငံတော်အဆင့် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ပလွေးကြိုးဝိုင်း၊ အကွက်အမှတ်တွင် ကျင်းပပြုလုပ်ရာ (၁) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ မဟော်ဂနီပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။
အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများ၊ နေပြည်တော်ရှိ တက္ကသိုလ်ကောလိပ်များနှင့် အခြေခံပညာကျောင်းများမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ကထိကဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် သစ်ပင်ဂေဟစနစ် စိုက်ပျိုးပွဲတော်များကို ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာလှပရေး၊ ကောင်းမွန်မျှတစေရေး၊ သဘာဝဘေးအန္တရာယ်များမှ တားဆီးကာကွယ်နိုင်ရေး၊ ရာသီဥတုမျှတကောင်းမွန်စေရေးစသည့် ရည်ရွယ်ချက်ကောင်းများဖြင့် နိုင်ငံတော်က ဦးဆောင်ပြီး ပြည်သူလူထုပူးပေါင်းပါဝင်မှုနှင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ယနေ့ နေပြည်တော် သစ်ပင်စိုက်ပျိုးပွဲတွင် သစ်မျိုး (၁၆) မျိုး၊ အပင်ပေါင်း (၃,၀၀၀) ပင်ကို စိုက်ပျိုးသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ခရိုင်နှင့် မြို့နယ်များတွင်လည်း သစ်ပင်စိုက်ပျိုးပွဲတော်များကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်းကျင်းပပြီး သစ်မျိုးစုံအပင်ပေါင်း (၅၄,၈၁၀) ပင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံသည် သစ်ပင်သစ်တောများ၊ မြစ်ချောင်းအင်းအိုင်များ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝအရင်းအမြစ်များ ပြည့်စုံစွာရှိနေကြောင်း၊ အမျိုးအစားစုံလင်လှသည့် ဂေဟစနစ်များ၊ သစ်ပင်သစ်တောများ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝသယံဇာတများသည် နိုင်ငံ၏စားရေရိက္ခာထုတ်လုပ်နိုင်မှု၊ အစိမ်းရောင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှု၊ သဘာဝပတ်ဝန်းကျင်သာယာဝပြောမှုနှင့် ရာသီဥတုသမမျှတစေမှုတို့အတွက် ရေခံမြေခံအခြေခံကောင်းများဖြစ်ကြောင်း။
သစ်ပင်သစ်တောများသည် ကမ္ဘာမြေပေါ်ရှိ သက်ရှိများအားလုံးရှင်သန်ရပ်တည်ရေးအတွက် အလွန်အရေးပါလှကြောင်း၊ ထို့ပြင် ရာသီဥတုမျှတရေး၊ စားရေရိက္ခာဖူလုံရေး၊ သဘာဝဘေးအန္တရာယ်များ တားဆီးကာကွယ်ရေး၊ ရေနှင့် မြေဆီလွှာထိန်းသိမ်းရေး စသည့်ဂေဟစနစ်ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ပံ့ပိုးပေးလျက်ရှိကြောင်း၊ သစ်၊ ထင်း၊ ဝါး၊ ကြိမ်၊ အစားအစာ၊ ဆေးဝါးစသည့် သစ်တောထွက်ပစ္စည်းများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများကိုလည်း ပံ့ပိုးပေးလျက်ရှိကြောင်း၊ သစ်ပင်သစ်တောများသည် သဘာဝဂေဟစနစ်များ၏ ဗဟိုချက်ဖြစ်သည့်အတွက် ရေရှည်တည်တံ့အောင် စနစ်တကျစိုက်ပျိုးပြုစုပြီး စီမံအုပ်ချုပ်သွားရမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံသည် အာဆီယံဒေသတွင်း နိုင်ငံများထဲတွင် သစ်တောဖုံးလွှမ်းမှုဧရိယာ ဒုတိယအများဆုံးပိုင်ဆိုင်သည့် နိုင်ငံဖြစ်ကြောင်း၊ ကုလသမဂ္ဂစားရေရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ ၂၀၂၀ ပြည့်နှစ် အစီရင်ခံစာအရ မြန်မာနိုင်ငံသစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိပြီး ၂၀၂၅ ခုနှစ်တွင် ၄၂ ဒသမ ၁၅ ရာခိုင်နှုန်းရှိသည်ကို တွေ့ရကြောင်း၊ ၂၀၂၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်ပါက သစ်တောဖုံးလွှမ်းမှု ရာခိုင်နှုန်း (ဒသမ ၀၄) ရာခိုင်နှုန်း လျော့နည်းသွားသည်ကို တွေ့ရပြီး သစ်တောပြုန်းတီးမှုများ လုံးဝရပ်တန့်သွားအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် လက်ရှိနှင့် အနာဂတ်မျိုးဆက်များအတွက် ကောင်းမွန်တည်ငြိမ်သည့် ပတ်ဝန်းကျင်ဂေဟစနစ်များ ထားရစ်နိုင်ခဲ့ရန်အတွက် သစ်တောဖုံးလွှမ်းမှုကို နိုင်ငံဧရိယာ၏ ၅၀ ရာခိုင်နှုန်းရောက်အောင် ရည်မှန်းချက်ထားရှိပြီး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ယနေ့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတွင် တွေ့ကြုံနေရသည့် ရာသီဥတုပြောင်းလဲမှု အဓိကအကြောင်းအရင်းများကို လေ့လာဆန်းစစ်ကြည့်မည်ဆိုပါက ရုပ်ကြွင်းလောင်စာအသုံးပြုမှုများလာခြင်း၊ စွမ်းအင်နှင့် စက်မှုလုပ်ငန်းများ ထွန်းကားလာခြင်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ တိုးတက်လာခြင်း၊ သစ်တောများ ပြုန်းတီးခြင်း၊ လူဦးရေတိုးပွားလာမှုနှင့်အတူ သစ်တောများကို အခြားမြေအသုံးချမှုအဖြစ် ပြောင်းလာခြင်း စသည့်အကြောင်းရင်းများကြောင့်ဖြစ်ကြောင်း၊ အဆိုပါအချက်များကြောင့် လေထုထဲကို မှန်လုံအိမ်ဓာတ်ငွေ့အမြောက်အများ ပိုမိုထုတ်လွှတ်လာပြီး ရာသီဥတုပြောင်းလဲမှု ပြင်းထန်လာသည်နှင့်အမျှ သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ရင်ဆိုင်လာကြရခြင်းဖြစ်ကြောင်း။
နိုင်ငံတကာ ရာသီဥတုပြောင်းလဲမှုလေ့လာစောင့်ကြည့်ရေးအဖွဲ့ တစ်ချို့၏ ၂၀၂၆ ခုနှစ်၊ ရာသီဥတုဘေးဖြစ်နိုင်ချေအညွှန်းကိန်းအရ မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်ခံစားမှုအများဆုံး ၁၀ နိုင်ငံတွင် ပါဝင်နေသည်ကို သိရကြောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် နောက်ဆက်တွဲသဘာဝဘေးအန္တရာယ်များ ပိုမိုဆိုးဝါးပြင်းထန်လာစေမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအလယ်ပိုင်းမြေလတ်ဒေသသည် ကမ္ဘာ့အပူချိန်အမြင့်မားဆုံးစာရင်းဝင်နေသည်ကို တွေ့ရပြီး ၂၀၂၄ ခုနှစ်တွင် ချောက်မြို့သည် ၄၈ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်အထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်တွင် ၄၅ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်၊ ယခုနှစ်မှာ ၄၄ ဒသမ ၉ ဒီဂရီ ဆဲလ်စီးယပ်ရှိသည်ကို တွေ့ရကြောင်း၊ အလားတူမြေလတ်ဒေသမြို့ကြီး ၁၂ မြို့တွင် ၄၁ ဒီဂရီဆဲလ်စီးယပ်နှင့်အထက်ရှိနေသည်ကို တွေ့ရကြောင်း။
အထူးသဖြင့် ယခုနှစ်ကုန်ပိုင်းတွင် အလွန်အားကောင်းသည့် စူပါအယ်လ်နီညိုအဆင့်ထိ ရောက်ရှိလာနိုင်သည်ဟု ခန့်မှန်းထားပြီး ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ်တို့သည် ကမ္ဘာ့သမိုင်းတစ်လျှောက် အပူဆုံးနှစ်ဖြစ်လာနိုင်သည်ဟု ခန့်မှန်းထားကြကြောင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် အယ်လ်နီညိုတို့ ပေါင်းစပ်သက်ရောက်လာသည်ကို ခံရမည်ဆိုပါက မိုးခေါင်ရေရှားခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ တောမီးလောင်ကျွမ်းခြင်းများ ဖြစ်ပေါ်လာနိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့်ကဏ္ဍအသီးသီးအပေါ်တွင်လည်း ဆိုးကျိုးသက်ရောက်မှုများ ရှိလာနိုင်သည့်အတွက် အဘက်ဘက်က ကြိုတင်ပြင်ဆင်ထားကြရန် လိုအပ်မည်ဖြစ်ကြောင်း။
ကမ္ဘာနှင့်အဝန်း ရင်ဆိုင်နေရသည့် ရာသီဥတုပြောင်းလဲမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ဖြေရှင်းရန်အတွက် နည်းလမ်းအမျိုးမျိုးရှိသည့်အထဲမှ သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများ ထိန်းသိမ်းခြင်းသည် အရိုးရှင်းဆုံး၊ အလွယ်ကူဆုံး၊ ကုန်ကျစရိတ်အသက်သာဆုံးနှင့် လူတိုင်းလုပ်နိုင်သည့် အလုပ်ဖြစ်သကဲ့သို့ သဘာဝနှင့် လိုက်လျောညီထွေဖြစ်ပြီး အကျိုးအရှိဆုံးလုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း။
အပူပိုင်းဒေသ ၁၃ ခရိုင်အပါအဝင် အပူချိန်မြင့်မားသည့် မြေလတ်ဒေသမြို့ကြီးများတွင် သစ်ပင်သစ်တောအလွန်ကျဲပါးခြောက်သွေ့ပြီး သစ်တောဖုံးလွှမ်းမှု ရာခိုင်နှုန်းနည်းပါးနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ လေ့လာမှုများအရ အပူပိုင်းဒေသ ၁၃ ခရိုင်တွင် ၂၀၁၆ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း အပင်ပေါင်း သန်း ၆၀ ကျော် စိုက်ပျိုးခဲ့သည့်အတွက် ယေဘုယျအားဖြင့် ဧက ၂ သိန်းကျော်နှင့် ညီမျှသည်ဟု တွက်ချက်သိရှိရကြောင်း၊
၂၀၁၆ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် သစ်ပင်မျိုးစုံ ၂၆၉ သန်း ၈ သိန်းကျော် စိုက်ပျိုးခဲ့သည့်အတွက် ယေဘုယျအားဖြင့် ဧက ၁ သန်းခန့်နှင့် ညီမျှသည်ကိုတွေ့ရကြောင်း၊ လိုအပ်ချက်အရ အကြောင်းအမျိုးမျိုးဖြင့် သစ်အသုံးချမှုများ ရှိသော်လည်း စိုက်ပျိုးသည့်သစ်ပင်များ တစ်ပင်စိုက်၊ တစ်ပင်ရှင်သန်အောင် စိုက်ပျိုးပြုစုနိုင်ခဲ့မည်ဆိုပါက သစ်ပင်သစ်တောဆုံးရှုံးမှုကို အပြည့်အဝကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် သဘာဝတောများ ပျက်စီးပြုန်းတီးမှုမရှိစေရန်အတွက် သစ်တောများ စနစ်တကျစီမံအုပ်ချုပ်လုပ်ကိုင်ခြင်း၊ ကာကွယ်ထိန်းသိမ်းခြင်းဖြင့် သစ်တောဖုံးလွှမ်းမှုတိုးပွားလာပြီး ရာသီဥတုပြောင်းလဲမှုကို လျှော့ချထိန်းညှိနိုင်မည်ဖြစ်ကြောင်း။
ထို့ကြောင့် သစ်ပင်များ စိုက်ပျိုးရာတွင်လည်း တစ်ပင်စိုက်တစ်ပင်ရှင်၊ စိုက်သမျှအပင်ရှင်သန်ရန် အလွန်အရေးကြီးကြောင်း၊ ပျိုးသက် ၂ နှစ်ရှိပြီးပျိုးပင်အမြင့် ၂ ပေနှင့်အထက် ကျန်းမာကြံ့ခိုင်သည့် ပျိုးပင်များကို စိုက်ပျိုးကြရန်လည်း ထပ်မံမှာကြားလိုကြောင်း၊ “မြေဆီစိုခိုက်သစ်ပင်စိုက်” ဆိုသည့် ဆိုရိုးနှင့်အညီ ယခုကဲ့သို့ မုတ်သုံမိုးရွာသွန်းချိန်သည် မြေဆီလွှာများ စိုစွတ်ပျော့ပြောင်းလာပြီး ရေဓာတ်ပြည့်ဝလာသည့်အတွက် အပင်ငယ်များ လွယ်ကူစွာအမြစ်တွယ်ပြီး ရှင်သန်ကြီးထွားရန် အကောင်းဆုံးနှင့် အသင့်တော်ဆုံးအချိန်ဖြစ်ကြောင်း၊ မုတ်သုံမိုးနှင့်အတူ သစ်ပင်များအချိန်ကိုက် စိုက်ပျိုးသွားကြမည်ဆိုပါက အစိုဓာတ်လုံလုံလောက်လောက်ရရှိခြင်းကြောင့် ရှင်သန်ကြီးထွားမှုကောင်းပြီး ပူပြင်းခြောက်သွေ့သည့် နွေရာသီကို အောင်မြင်စွာ ဖြတ်ကျော်ရှင်သန်နိုင်မည်ဖြစ်ကြောင်း။
သစ်ပင်စိုက်ပျိုးထိန်းသိမ်းခြင်းသည် ရေရှည်ဆောင်ရွက်ကြရမည့် လုပ်ငန်းများ ဖြစ်ခြင်းကြောင့် နှစ်စဉ်စဉ်ဆက်မပြတ် စိုက်ပျိုးပြုစုထိန်းသိမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ သစ်ပင်စိုက်ပျိုးရေး၊ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အတူ ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည်သူများအားလုံးပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မည်ဖြစ်သည့်အတွက် တက်ကြွစွာပူးပေါင်းပါဝင်စေရေး စည်းရုံးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
သစ်တောများသည် ရာသီဥတုကို မျှတစေပြီး သဘာဝအရင်းအမြစ်များစွာကို ထိန်းသိမ်းနိုင်ခြင်းကြောင့် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အခြေခံအုတ်မြစ်တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် စီးပွားရေးတည်ငြိမ်ပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများကို “အနာဂတ်အတွက် အရေးကြီးသော ရင်းနှီးမြှုပ်နှံမှု” အဖြစ် အလေးထားပြီး ပိုမိုတိုးမြှင့်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝအခြေပြုစီးပွားရေးဖွံ့ဖြိုးမှုပုံစံများဖြစ်သည့် ဇီဝစီးပွားရေး (Bio Economy)၊ အစိမ်းရောင် စီးပွားရေး (Green Economy) နှင့် စက်ဝန်းပုံစီးပွားရေး (Circular Economy) လုပ်ငန်းများကို ဖော်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် သစ်တောထွက်ပစ္စည်းများကို အခြေခံသည့် သစ်အချောထည်၊ ပရိဘောဂလုပ်ငန်းများ၊ သစ်ပါးလွှာ၊ အထပ်သား၊ သစ်ကြိတ်သားနှင့် သစ်ခွဲသားထုတ်လုပ်မှုလုပ်ငန်းများ၊ ဝါးမှပျော့ဖတ်နှင့် စက္ကူထုတ်လုပ်မှုလုပ်ငန်းများ၊ အဆင့်မြင့်ချည်နှင့် ဝါးကြိတ်သားထုတ်လုပ်မှုလုပ်ငန်းများ၊ ဝါးအခြေခံပရိဘောဂနှင့် ထုတ်ကုန်ပစ္စည်းများ ဖွံ့ဖြိုးတိုးတက်လာအောင် တိုးမြှင့်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ထုတ်လုပ်နိုင်ရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
သစ်တောသယံဇာတ ပေါကြွယ်ဝမှုနှင့် နိုင်ငံလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးသည် တိုက်ရိုက်ဆက်စပ်နေပြီး သစ်တောဖုံးလွှမ်းမှုတိုးပွားလာသည်နှင့်အမျှ ဂေဟစနစ်ဝန်ဆောင်မှုတွေဟာလည်း ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့်လည်း နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများနှင့် နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ် ရည်မှန်းဖွဲ့စည်းလျက်ရှိရာတွင် ယနေ့အထိ သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တော စုစုပေါင်း ၁၃၃၇ ခု ၊ နိုင်ငံဧရိယာ၏ ၂၆ ဒသမ ၁၁ ရာခိုင်နှုန်း တည်ထောင်နိုင်ခဲ့ပြီး သဘာဝထိန်းသိမ်းရေးနယ်မြေ ၆၂ ခု နိုင်ငံဧရိယာ၏ ၆ ဒသမ ၅၉ ရာခိုင်နှုန်းဖွဲ့စည်းထားနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ရည်မှန်းချက်အတိုင်း အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း။
နှစ်စဉ် သစ်တောစိုက်ခင်းအမျိုးမျိုးတည်ထောင်လျက်ရှိသကဲ့သို့ ယခုနှစ်မိုးရာသီတွင် နိုင်ငံအဝန်းသစ်တောစိုက်ခင်း ဧက ၃ သောင်းကျော်၊ သစ်ပင်ပေါင်း ၂၁ ဒသမ ၃၆ သန်း စိုက်ပျိုးတည်ထောင်သွားမည်ဖြစ်ကြောင်း၊ အထူးစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို အပူပိုင်းဒေသ (၁၃) ခရိုင်၊ မီးရထားလမ်းများ၊ အာဆီယံလမ်းမကြီးနှင့် ကားလမ်းဘေး ဝဲ/ယာများ၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ အင်းလေးကန်တစ်ဝိုက်ဧရိယာများနှင့် ကမ်းရိုးတန်းဒေသများတွင် သစ်ပင်များ စိုက်ပျိုးခြင်းကို ဆက်စပ်ဌာနများ၊ ဒေသခံပြည်သူများနှင့်အတူ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။
“နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” ဆိုသည့် မူဝါဒနှင့်အညီ ပတ်ဝန်းကျင်ဂေဟစနစ် တည်ငြိမ်ကောင်းမွန်စေရန်၊ နိုင်ငံတစ်ဝန်းစိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချနိုင်ရန်အတွက် သစ်ပင်စိုက်ပျိုးရေး၊ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူတစ်ဦးချင်းကစပြီး ဒေသအသီးသီးနှင့် ဌာန၊ အဖွဲ့အစည်းများအားလုံးက သစ်ပင်စိုက်ပျိုးရေးကို တိုးမြှင့်ဆောင်ရွက်သွားကြရန်၊ တစ်ပင်စိုက် တစ်ပင်ရှင်သန်စေဖို့အတွက် ပြုစုထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးကြရန်၊ နိုင်ငံအဝန်းသစ်တောဖုံးလွှမ်းမှုများ တိုးပွားလာစေရေးအတွက် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကမဟော်ဂနီပင်အား သတ်မှတ်နေရာတွင် ဦးဆောင်စိုက်ပျိုးပေးသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ လွှတ်တော်ဥက္ကဋ္ဌများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများ၊ နေပြည်တော်ရှိ တက္ကသိုလ်၊ ကောလိပ်များနှင့် အခြေခံပညာကျောင်းများမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကထိက ဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများက ပျိုးပင်များကို တစ်ပြိုင်တည်းတစ်ပျော်တစ်ပါးစိုက်ပျိုးကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ၂၀၂၆ ခုနှစ် မိုးရာသီနိုင်ငံတော်အဆင့် ပထမအကြိမ်သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများက ပျိုးပင်များအား တစ်ပျော်တစ်ပါးစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ယနေ့ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် ပန်းပွင့်သောသစ်မျိုးများဖြစ်ကြသည့် ကံ့ကော်၊ ခရေ၊ ပန်းမယ်ဇလီ၊ စိန်ပန်း၊ ပျဉ်းမ၊ ရတနာတန်းဝင်သစ်မျိုးများဖြစ်သည့် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ မဟော်ဂနီနှင့် အမြဲစိမ်းသစ်မျိုးများဖြစ်သည့် ယင်းမာ၊ ဆီသပြေ၊ မအူ၊ မာလာလူးကား၊ ယမနေ၊ ရေတမာ စသည့်သစ်မျိုး (၁၆) မျိုး၊ အပင်ပေါင်း ၃,၀၀၀ ပင်ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
