Skip to main content

နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဇွန် ၁၅ ရက်က နိုင်ငံတော်အဆင့် (State Visit) ချစ်ကြည်ရေးခရီးစဉ်အဖြစ် သွားရောက်လျက်ရှိသည်။ မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုသည် နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့ပြီဖြစ်ပြီး နှစ်နိုင်ငံခေါင်းဆောင်များနှင့် နှစ်နိုင်ငံပြည်သူများအကြား အေးအတူပူအမျှ အပြန်အလှန်ဖေးမကူညီကြသော “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရင်းနှီးမှုဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ချစ်ကြည်ရေး ခရီးစဉ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲကျင်းပခြင်း၊ တရုတ်နိုင်ငံဝန်ကြီးချုပ်နှင့် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီဥက္ကဋ္ဌတို့နှင့် တွေ့ဆုံခြင်းတို့အပြင် ပြည်နယ်အကြီးအကဲများ၊ စီးပွားရေးဆိုင်ရာအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကို လက်ခံတွေ့ဆုံခြင်း၊ စီးပွားရေးကွန်ဖရင့်များသို့ တက်ရောက်၍ အဆင့်မြင့်နည်းပညာသုံး စက်မှုလုပ်ငန်းများသို့ သွားရောက်လေ့လာခြင်းတို့ကို ဆောင်ရွက်သွားမည်ဟု သိရသည်။ နိုင်ငံတော်သမ္မတဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံသို့ ရောက်ရှိသည့် မွန်းလွဲပိုင်းတွင် အာကာသမြို့တော် (Aerospace City) သို့ သွားရောက်လေ့လာကြသည်။

မြန်မာနိုင်ငံသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးကောင်းမွန်ရေးအတွက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ မြင့်မားတိုးတက်လာရေးကို ပြည်တွင်းအားဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို နိုင်ငံတကာအဆင့်မီ ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခြားနိုင်ငံများ၊ အထူးသဖြင့် အိမ်နီးချင်းမိတ်ဆွေနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်မှ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်လာရေးအတွက် မိတ်ဆွေနိုင်ငံများ၏ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာများကို သွားရောက်လေ့လာပြီး မြန်မာနိုင်ငံတွင်လည်း ပူးပေါင်းအကောင်အထည်ပေါ်လာနိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်သမ္မတကြီးလေ့လာခဲ့သော တရုတ်အာကာသသိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်း (CASC) သည် တရုတ်ဗဟိုအစိုးရက တိုက်ရိုက်ကြီးကြပ်ကွပ်ကဲသော နိုင်ငံတော်ပိုင် အဆင့်မြင့်နည်းပညာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး အာကာသအစီအစဉ်များကို အဓိကဆောင်ရွက်လျက်ရှိသည်။ နိုင်ငံ၏ကာကွယ်ရေးနှင့် အာကာသဆိုင်ရာ စူးစမ်းလေ့လာမှုများကို ပြုလုပ်ပေးလျက်ရှိသည်။ အာကာသစနစ်များအတွက် ကမ္ဘာ့အဆင့်မီ ကုမ္ပဏီစုစုပေါင်း ၅၀၀ ပေါင်းစည်း၍ သုတေသန၊ ဒီဇိုင်း၊ ထုတ်လုပ်မှု၊ စမ်းသပ်မှုနှင့် ဂြိုဟ်တုလွှတ်တင်မှုများကို ဆောင်ရွက်လျက်ရှိသည်။ CASC သည် အာကာသပို့ဆောင်ရေးစနစ်အနေဖြင့် တရုတ်အာကာသပျံသန်းမှု၏ အဓိကမဏ္ဍိုင်ဖြစ်သော ချန်ကျန်း (Changzheng) တာဝေးပစ်ဒုံးယာဉ်များ၏ ဒီဇိုင်းပြုလုပ်ခြင်းနှင့် ထုတ်လုပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

မောင်းနှင်သူလိုက်ပါသော အာကာသယာဉ်ပျံသန်းရေးနှင့် စူးစမ်းလေ့လာရေး လုပ်ငန်းများအနေဖြင့် ထျန်းကုန်း (Tiangong) အာကာသစခန်းတည်ဆောက်ခြင်း၊ ချန်အာ (Chang’e) လသို့ စူးစမ်းလေ့လာရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ထျန်းဝမ် (Tianwen) မားစ်သို့ စူးစမ်းလေ့လာရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ဂြိုဟ်တုစနစ်များဖြစ်သည့် ပေသို (BeiDou) ဂြိုဟ်တုစနစ်ပတ်လမ်းကြောင်းအပါအဝင် ကောင်းဖန်း (Gaofen) ကမ္ဘာကို လေ့လာသောဂြိုဟ်တုနှင့် ဆက်သွယ်ရေးဂြိုဟ်တုများ ထုတ်လုပ်ခြင်းနှင့် စီမံဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ အာကာသနည်းပညာအသုံးချမှုအနေဖြင့် သတင်းအချက်အလက်နည်းပညာ၊ စွမ်းအင်သစ်၊ အဆင့်မြင့်ထုတ်ကုန်များနှင့် ပတ်ဝန်းကျင်အကာအကွယ်ပေးရေးဆိုင်ရာ အထောက် အကူပြုကိရိယာများထုတ်လုပ်ခြင်းကို အရပ်ဘက်ကဏ္ဍများအထိ နည်းပညာ ကျယ်ပြန့်စွာ အသုံးချနိုင်ရေးအတွက် အဓိကထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်သမ္မတကြီးနှင့် အဆင့်မြင့်ကိုယ်စားလှယ်များ လေ့လာကြည့်ရှုခဲ့သည့် တရုတ်နိုင်ငံ၏ အာကာသနှင့် လေကြောင်းနည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများသည် မြန်မာနိုင်ငံအနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အပံ့ကောင်းများဖြစ်လာမည်ဟု မျှော်လင့်သည်။ လက်ရှိတွင်လည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံသို့ အာကာသနည်းပညာဆိုင်ရာများ ဖြန့်ဝေပေးခြင်း၊ အာကာသနည်းပညာဆိုင်ရာ ပညာတော်သင် သင်တန်းသားများ ခေါ်ယူလေ့ကျင့်သင်ကြားပေးခြင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် သစ်တော၊ ရာသီဥတု၊ ရေအရင်းအမြစ်နှင့် ပထဝီဆိုင်ရာအချက်အလက်များကို ဂြိုဟ်တုနည်းပညာ အသုံးပြု၍ တိုးတက်မြင့်မားအောင်ဆောင်ရွက်ခြင်းတို့၌ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သို့ဖြစ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီး ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ရှိ အာကာသမြို့တော် (Aerospace City) ကို သွားရောက်လေ့လာနိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံတွင် အာကာသသိပ္ပံနှင့် နည်းပညာဆိုင်ရာ ပိုမိုကျယ်ကျယ်ပြန့်ပြန့်တိုးတက်ဖြစ်ထွန်းလာနိုင်ပြီး မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်နေသည့် ဂြိုဟ်တုနည်းပညာများကို အကျိုးရှိထိရောက်အောင် အသုံးချလာနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။