Skip to main content

လုံခြုံရေးတပ်ဖွဲ့ဝင်များက မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကမ္မ - မြိုင်သွားကားလမ်းမပေါ်၌ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ထောင်ထားသည့် လက်လုပ်မိုင်းမျိုးစုံ ၈၀ လုံးအား ဖယ်ရှားရှင်းလင်းနိုင်ခဲ့

နေပြည်တော် ဇွန် ၁၆

PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် ဒေသကောင်းစားရေးဟု သုံးနှုန်း၍ အမှန်တကယ်တွင် ဒေသခံပြည်သူများအား လက်နက်အားကိုးဖြင့် အနိုင်ကျင့်ဗိုလ်ကျ ညှင်းပန်းနှိပ်စက်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်နှင့် ကုန်စည်စီးဆင်းမှုကို ရပ်တန့်စေရန် အများပြည်သူ သွားလာအသုံးပြုလျက်ရှိသော လမ်းမကြီးများ၊ ရထားလမ်းများအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်းများကို ယုတ်မာရိုင်းစိုင်းစွာ ပြုလုပ်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဇွန်လ ၁၅ ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူမြို့နယ်၊ ကမ္မမြို့နှင့် မြိုင်မြို့နယ်သို့ ဆက်သွယ်ထားသည့် ကမ္မ-မြိုင်သွား ကားလမ်းတစ်လျှောက်တွင် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များက ကတ္တရာလမ်းအား ကျင်းတူးပြီး ဆီပေပါခွံများဖြင့် ကားမိုင်းအဖြစ်ပြုလုပ်ကာ မိုင်းထောင်ပိတ်ဆို့ထားရှိကြောင်း တာဝန်သိဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အဆိုပါကားလမ်းတစ်လျှောက် မိုင်းရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ ပခုက္ကူမြို့နယ်၊ မန်ကျည်းတန်းကျေးရွာအနီး ကားလမ်းဘေး ဝဲ/ယာ၌ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့ ထောင်ထားသည့် ဆီပေပါဖြင့် ပြုလုပ်ထားသည့် ကားမိုင်းကြီး ၁၇ လုံး၊ ပလပ်စတစ်ပုံးအဝါဖြင့် ပြုလုပ်ထားသည့် ကားမိုင်း ၁၃ လုံး၊ လက်လုပ်တိုက်မိုင်း ၈ လုံး၊ လက်လုပ်ရှေ့ထွက်မိုင်း ၄၂ လုံး၊ စုစုပေါင်း လက်လုပ်မိုင်းမျိုးစုံ ၈၀ လုံးတို့ကို တွေ့ရှိခဲ့ပြီး အဆိုပါမိုင်းများအား ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ ဘေးအန္တရာယ်မဖြစ်စေရေးအတွက် သက်မဲ့ပြုလုပ်ကာ စနစ်တကျဖယ်ရှားရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက အများပြည်သူ ဖောက်ခွဲဖျက်ဆီးရန် သွားလာအသုံးပြုလျက်ရှိသည့် လမ်းမကြီးများ၊ ရထားလမ်းများအား မိုင်းထောင်ခြင်းများ ပြုလုပ်ခဲ့သည့်အပေါ် ဒေသခံပြည်သူများက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးအဖွဲ့များအနေဖြင့် အကြမ်းဖက်လုပ်ရပ်များကို လူမဆန်စွာပြုလုပ်ခဲ့သည့် အကြမ်းဖက်သမားများအား ဒေသတွင်း အခြေချနေထိုင်နိုင်ခြင်းမရှိစေရေးနှင့် ဥပဒေနှင့်အညီ ထိရောက်စွာ ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးအတွက် တာဝန်သိ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။