၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ရက်နေ့ဆိုလျှင် ရန်ကုန်တက္ကသိုလ်သည် နှစ် ၁၀၀ တင်းတင်း ပြည့်ပြီ။ ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အစီအစဉ်များကို နိုင်ငံပိုင်မီဒီယာများတွင် နေ့စဉ်နှင့်အမျှ ဝေဝေဆာဆာ ထုတ်လွှင့်ဖော်ပြပေးနေမှု များကလည်း ထူးထူးခြားခြား မြိုင်မြိုင်ဆိုင်ဆိုင် ရှိလှသည်။ တက္ကသိုလ်၏သမိုင်း၊ သမိုင်းထဲကတက္ကသိုလ်၊ တက္ကသိုလ်အမှတ်တရ များ၊ တက္ကသိုလ်ပုံရိပ်များ၊ တက္ကသိုလ်ရင်ခုန်သံများ စသည်တို့က ရန်ကုန်တက္ကသိုလ် ရာပြည့်ကာလ မှာ ပြန်လည်နိုးထ လှုပ်ရှားလာကြသည်။
စင်စစ်အားဖြင့် ယခုနှစ်သည် မြန်မာ့ရုပ်ရှင်၊ ရန်ကုန်တက္ကသိုလ်၊ အမျိုးသားနေ့ စသည့် ၁၉၂၀ ပြည့်နှစ်နှင့် ဆက်စပ်နေသည့် သမိုင်းမှတ်တိုင်များ နှစ် ၁၀၀ တင်းတင်းပြည့်သည့် နှစ်ဖြစ်သည့် အလျောက် ရာပြည့်ပွဲသဘင်များကို ခမ်းခမ်းနားနား စည်ကားသိုက်မြိုက်စွာ ကျင်းပရန် ဖြစ်သော်လည်း ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကျရောက်လာသည့်အပြင် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံများစွာတို့တွင်ပါ ကူးစက်ပျံ့နှံ့မှု အရှိန်မြင့်နေချိန်နှင့်ပါ တိုက်ဆိုင်နေခဲ့သည်။ လူစုလူဝေးနှင့် ကျင်းပရမည့်အစား လူထုဆက်သွယ်ရေး၊ သတင်းအချက်လက်နှင့် နည်းပညာ တို့ဖြင့်သာ ရာပြည့်အထိမ်းအမှတ် အခမ်းအနားတို့ကို ကျင်းပရသည်။ နှစ်တစ်ရာပြည့် အထိမ်း အမှတ် ပွဲသဘင်တို့ကို အကြောင်းပြု၍ မကြာမီ နှစ်တစ်ပတ်လည်တော့မည့် ကူးစက်မြန် ကပ်ရောဂါကို အရှိန်မြှင့်ပေးလိုက်သကဲ့သို့ မဖြစ်စေရန် ရှောင်ရှား ရခြင်းလည်း ဖြစ်သည်။
တစ်ဖက်တွင်လည်း Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက အသိပေးကြေညာချက်ထုတ်ပြန်ပြီး ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ် တားဆီး ရေးအတွက် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ထုတ်ပြန်ထားသည့် ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ(ဖြေလျှော့တိုးမြှင့်ရန်လိုအပ်သည့် ကိစ္စရပ်များမပါ) တို့ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၅ ရက်အထိ ရက်တိုးမြှင့်သတ်မှတ်ထားပြီးဖြစ်ရာ မိမိကိုယ်တိုင် ရောဂါကူးစက်မှုမခံရရေး၊ လူအများ စုဝေးမိရာမှ ရောဂါကူးစက်ပျံ့နှံ့မှု မြင့်မားမသွားစေရေးတို့အတွက် ဆင်ခြင်ကြရန် လိုအပ်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ နေ့စဉ် ၁၀၀၀ ကျော်တွေ့ရှိနေပြီး စုစုပေါင်း ဓာတ်ခွဲအတည်ပြု လူနာအရေအတွက် ၉၀ဝ၀ဝ ခန့်၊ ပိုးတွေ့သေဆုံးလူနာ စုစုပေါင်း ၂၀၀၀ ခန့်နှင့် အာဆီယံတွင် တတိယနေရာဆီသို့ ရောက်ရှိနေပြီ ဖြစ်ရာ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးတွင် ပြည်သူတစ်ဦးချင်း၏ အသိနှင့် သတိတို့ကသာ အဆုံးအဖြတ်ပေးမည် ဖြစ်သည်။ သို့ဖြစ်သည့်အလျောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပေါ်ထွက်လာခဲ့ပြီးနောက် မိမိတို့လက်ထဲ ရောက်ရှိနေပြီ ဆိုလျှင်ပင် အချိန်ကာလ တစ်ရပ်အထိ ဆက်လက်ကျင့်သုံးနေရ ဦးမည်ဖြစ်သည့် အများသိပြီးဖြစ်သော အချက်(၄)ချက်ကိုပင် မဖြစ်မနေ လိုက်နာကျင့်သုံးကြရန် သာ တိုက်တွန်းနှိုးဆော် လိုပါသည်။
(၁) တတ်နိုင်သမျှ အိမ်မှာသာနေပြီး မလိုအပ်ဘဲ လူစုလူဝေး ရှိရာသို့ မသွားရန်၊ (၂) ပါးစပ် နှာခေါင်းစည်းကို အပြင်ထွက်တိုင်း မပျက်မကွက်တပ်ဆင်ရန်၊ (၃) အခြားသူများနှင့် ခပ်ခွာခွာ (၆) ပေအကွာမှနေထိုင်ပြောဆိုရန်၊ (၄) လက်ကို စနစ်တကျနှင့် မကြာခဏဆေးကြောကြရန် သာ အကြိမ်ကြိမ် အထပ်ထပ် အကျိုးမျှော်၍ နှိုးဆော်အပ်ပါကြောင်း။ ။