Skip to main content

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဘုတ်ပြင်းတပ်နယ်ရှိ အရာရှိ၊ စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် ဇွန် ၂၃

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် ဇနီး ဒေါ်နန်းကူးကူး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ဘုတ်ပြင်းတပ်နယ်ရှိ တပ်နယ်ခန်းမ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား သွားရောက်တွေ့ဆုံအမှာစကားပြောကြားသည်။

ဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက အမှာစကားပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဆောင်ရွက်ပြီး နိုင်ငံတော်၏ အာဏာကိုအဓမ္မရယူရန် ဆောင်ရွက်ခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို တပ်မတော်က တာဝန်ယူထိန်းသိမ်းခဲ့ရကြောင်း။

နိုင်ငံတော်၏ တာဝန်အား ဆောင်ရွက်ခဲ့ရမှုအပေါ် မသမာသူများ၏ သွေးထိုးမြှောက်ပင့်မှုများကြောင့် အကြမ်းဖက်ဆူပူမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း၊ တပ်မတော်အနေဖြင့် အဆိုပါအကြမ်းဖက်ဆူပူမှုများအား ဥပဒေနှင့်အညီ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း၊ နိုင်ငံတော်မပြိုကွဲရန်နှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာမထိပါးစေရန်အတွက် အသက်ကိုပဓာနမထားဘဲ ကိုယ်စွမ်းရှိသမျှ ဉာဏ်စွမ်းရှိသမျှ ရဲရဲဝံ့ဝံ့ဆောင်ရွက်ခဲ့ကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား အသိအမှတ်ပြုဂုဏ်ယူပါကြောင်း။

နိုင်ငံရေးအကြောင်းပြ၍ ဆူပူအကြမ်းဖက်လုပ်ငန်းများကို လုပ်ဆောင်နေသည့်အတွက် တပ်မတော်အနေဖြင့် နိုင်ငံအနှံ့လုံခြုံမှုထိန်းသိမ်းရန် လိုအပ်သည့် နေရာများကို ဆောင်ရွက်ပေးနေရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အား အပြည့်အဝကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် တပ်မတော်အင်အား တောင့်တင်းခိုင်မာရန်လိုကြောင်း၊ ထိုသို့အင်အားတောင့်တင်းခိုင်မာရန်အတွက် တပ်မတော်သားများအနေဖြင့် ခြေလျင်၊ ခြေမြန်၊ လက်ရုံးတပ်ဖွဲ့မခွဲခြားဘဲ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးအတွက် အမြဲအသင့်ဖြစ်နေအောင် လေ့ကျင့်နေကြရမည်ဖြစ်ကြောင်း။

တပ်မတော်သားများအနေဖြင့် သင်တန်းကျောင်းများမှ အဆင့်အလိုက် သင်ကြားပေးလိုက်သည့် စစ်အတတ်ပညာများ၊ စစ်နည်းဗျူဟာများကို လက်တွေ့နယ်ပယ်တွင် ကြုံတွေ့ရသည့် အတွေ့အကြုံများနှင့် ပေါင်းစပ်၍ စစ်ဆင်ရေးတာဝန်များကို အောင်မြင်အောင် ထမ်းဆောင်ကြရန်လိုကြောင်း၊ အရာရှိ၊ စစ်သည်များအနေဖြင့် တိုးတက်ပြောင်းလဲလျက်ရှိသည့် စစ်အတတ်ပညာများကိုလည်း စဉ်ဆက်မပြတ်လေ့လာနေကြရန်လိုကြောင်း။

တပ်မတော်သားများအနေဖြင့် စည်းကမ်းစနစ်တကျဖြင့် ကျင့်ကြံနေထိုင်ကြရန်လိုကြောင်း၊ သို့မှသာ ပေးအပ်လာသည့် အမိန့်နှင့်တာဝန်များကို တစ်ဦး၊ တစ်ယောက်ချင်းမှ အဖွဲ့အစည်းအလိုက် ကျေပွန်စွာ ထမ်းဆောင်နိုင်မှာဖြစ်ကြောင်း၊ တပ်မတော်သားများအနေဖြင့် တစ်ဦးချင်း၏ တိုက်စွမ်းရည်များ တိုးတက်နေစေရန် အမြဲမပြတ်လေ့ကျင့်ဆောင်ရွက်နေရန်လိုကြောင်း၊ စွမ်းရည်ထက်မြက်သော တပ်မတော်ဖြစ်စေရေးအတွက် တပ်မတော်သားတိုင်း အမိန့်နာခံတတ်မှုရှိပြီး ရဲဘော်စိတ်ဖြင့် ကိုယ်စီတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရန်လိုကြောင်း။

စစ်သည်တစ်ဦးချင်းအလိုက် မိမိတတ်ကျွမ်းရမည့် စစ်အတတ်ပညာများကို ကျွမ်းကျွမ်းကျင်ကျင် တက်ကျွမ်းအောင် လေ့ကျင့်နေရမည်ဖြစ်ကြောင်း၊ သင်တန်းကျောင်းများမှ သင်ကြားပေးသည့် စစ်အတတ်ပညာများကို မိမိစစ်ဆင်ရေးတာဝန်ထမ်းဆောင်ရမည့် နယ်မြေ၊ ရန်သူအပေါ်တည်ပြီး မြေပြင်အခြေအနေနှင့်အညီ ကျေပွန်အောင် ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံငြိမ်ဝပ်ပိပြားရေးနှင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်သားများအနေဖြင့် ကျန်းမာကြံ့ခိုင်ရန်လိုကြောင်း၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန် ကိုယ်လက်လှုပ်ရှားမှုများကို နေ့စဉ်ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးကို ထိခိုက်စေသည့် အနေအထိုင်အစားအသောက်များကို ရှောင်ကြဉ်ကြရန်လိုကြောင်း။

အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ကိုယ်ကျိုးအတွက်သာကြည့်ပြီး နိုင်ငံတော်၏ အဖိုးတန်သယံဇာတများ တရားမဝင်တူးဖော်ရောင်းချခြင်း၊ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းချခြင်းများ၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို လုပ်ဆောင်နေကြသဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာကျဆင်းရကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါအွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ထိခိုက်အောင် ဆောင်ရွက်နေမှုများကို တပ်မတော်အနေဖြင့် ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်လျက်ရှိကြောင်း။

တပ်မတော်သားများ၏ ပါရမီဖြည့်ဘက်မိသားစုဝင်များအနေဖြင့် ပါရမီဖြည့်ဘက်ကောင်းပီသစွာ ကျင့်ကြံနေထိုင်ကြရန်လိုကြောင်း၊ တပ်မတော်သား၊ မိသားစုဝင်များ၏ ပညာရေးနှင့်ပတ်သက်၍လည်း ပညာရည်မြှင့်တင်ရေး၊ ပိုင်းဆိုင်ရာများကို အစဉ်မပြတ်မြှင့်တင်ပေးလျက်ရှိပြီး မိမိတို့၏သားသမီးများ၊ မိသားစုဝင်များကို ပညာတတ်များဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

တပ်ရင်း၊ တပ်ဖွဲ့များကို ဦးစီး၊ ဦးဆောင်ပြုလုပ်ရသည့် ခေါင်းဆောင်များသည် မိဘသဖွယ်စိတ်ဓာတ်၊ တပ်မှူးကောင်းသဖွယ်စိတ်ဓာတ်တို့ဖြင့် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှကြိုးစားကာ စေတနာထားပြီး လက်အောက်ငယ်သားများအပေါ် အမြဲစည်းလုံးညီညွတ်မှုရှိအောင် ညီညွတ်မျှတစွာ ကွပ်ကဲအုပ်ချုပ်ရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ရာ တပ်နယ်မှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။ အလားတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဇနီးက တပ်နယ်ရှိ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ တပ်နယ်မှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် အဖွဲ့ဝင်များသည် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။