Skip to main content

နှစ်(၁၀၀)ပြည့် သမိုင်းဝင်တက္ကသိုလ်

မြန်မာနိုင်ငံ၏ဂုဏ်ဆောင် ရန်ကုန်တက္ကသိုလ်ကြီးကို တည်ထောင်ဖွင့်လှစ်ခဲ့သည်မှာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်(ယနေ့)တွင် နှစ်(၁၀၀)ပြည့် မြောက်ခဲ့ပြီဖြစ်သည်။ ကြုံတောင့်ကြုံခဲ တက္ကသိုလ်ရာပြည့်သဘင်ပွဲကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းများနှင့်အညီ ဝေဝေဆာဆာ ထည်ထည်ဝါဝါ ဖော်ဆောင်နိုင်သဖြင့် ဂုဏ်ယူဝမ်းမြောက်မိသည်။

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၊ မြန်မာနိုင်ငံ၏ ပညာရေးဖြစ်ထွန်းမှုသမိုင်းကြောင်းတို့ကို ပြန်ပြောင်း လေ့လာကြည့်မည်ဆိုလျှင် ရန်ကုန်တက္ကသိုလ်ကြီးသည် အဓိကကျသော အခန်းကဏ္ဍမှပါဝင်ခဲ့ပြီး ဂုဏ်ယူဖွယ်ရာ များဖြင့် အထင်အရှားဖော်ဆောင်နိုင်ခဲ့သည့် သမိုင်းမှတ်တမ်းများစွာ ရှိခဲ့ပေသည်။ နှစ်ပေါင်း (၁၀၀) ကာလအတွင်း နိုင်ငံနှင့်လူမျိုးအကျိုးအတွက် ထိရောက်စွာ ဆောင်ကြဉ်းပေးနိုင်ခဲ့သဖြင့် ရာပြည့်ကာလ၌ ရန်ကုန်တက္ကသိုလ်ကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုကြရမည်ဖြစ်သည်။

ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ်ပွဲများကို ယခု ၂၀၂၀ ပြည့်နှစ် နှစ်(၁၀၀)ပြည့်ရောက်မှ ကျင်းပပြုလုပ်ကြ ခြင်းမဟုတ်ဘဲ ၂၀၁၆ ခုနှစ်မှစတင်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်အကြို လှုပ်ရှားမှုများကို ဖော်ဆောင်နိုင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့်ပွဲသည် တက္ကသိုလ်လောကပတ်ဝန်း ကျင်နှင့် သက်ဆိုင်သည့်ပွဲ ဖြစ်သည်ဟုဆိုသော်လည်း မြန်မာနိုင်ငံ၏ ဂုဏ်ယူဖွယ်ရာအထိမ်းအမှတ် တစ်ခုဖြစ်၍ မြန်မာတစ်မျိုးသားလုံး၊ မြန်မာ့ပညာရပ်အားလုံးနှင့်သက်ဆိုင်သည့် အထိမ်းအမှတ် အခမ်းအနားဖြစ်သည်။

ထို့ကြောင့် ရန်ကုန်တက္ကသိုလ်၏ ကောင်းမြတ်သည့်သမိုင်းကြောင်း၊ ကြီးမားသည့်အစဉ်အလာများကို ပြန်လည် ဖော်ထုတ်ကာ ရန်ကုန်တက္ကသိုလ်ကြီး၏ နှစ်(၁၀၀)ပြည့်မြောက်သည့် ရာပြည့်အထိမ်းအမှတ်များကို တက်ညီ လက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ကြီး၏ ထွန်းတောက်သည့် သမိုင်းကြောင်းအစဉ်အလာများနှင့် တက္ကသိုလ်ကြီး၏ မမေ့နိုင်ဖွယ်ရာများကို ကိုယ်တိုင်တွေ့ကြုံ ဖြတ်သန်း ခဲ့ကြသူများက ပြန်လည်ဖော်ထုတ် မျှဝေအသိပေးနိုင်၍ အသိပညာဗဟုသုတများ များစွာရရှိကြမည် ဖြစ်ပါသည်။

ဂုဏ်ဒြပ်မြင့်မားသောတက္ကသိုလ်ကြီး ဖြစ်ထွန်းတည်ရှိနေခြင်းသည် နိုင်ငံတကာအလယ်တွင် ဂုဏ်တင့်တယ်စေ သဖြင့် ရန်ကုန်တက္ကသိုလ်ကြီး၏ ကောင်းမြတ်သော အစဉ်အလာကောင်းများကို ပြန်လည်ဖော်ထုတ်၍ အမျိုးသား ရေးတာဝန်တစ်ရပ်အနေဖြင့် တက်ညီလက်ညီ အင်နှင့်အားနှင့် ဝိုင်းဝန်းပူးပေါင်းမြှင့်တင်ဆောင်ရွက် ပေးကြရမည် ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ကြီး နိုင်ငံတကာအလယ်တွင် ပြန်လည်ဝင်ဆံ့လာနိုင်ရေးအတွက် ပညာရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေပြီဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ကို နိုင်ငံတကာအဆင့်မီတက္ကသိုလ်အဖြစ် ဖြစ်ထွန်းလာစေရန် မဟာစီမံကိန်းဖြင့် ဖော်ဆောင်နေပြီ။ မဟာစီမံကိန်းဖော်ဆောင်ရေးအတွက် ဦးစီးကော်မတီနှင့် ပညာအရည်အသွေးမြှင့်တင်ရေးကော်မတီ၊ ရုပ်ပိုင်းဆိုင်ရာဖြည့်ဆည်းရေးကော်မတီနှင့် ရန်ကုန်တက္ကသိုလ် ပဋိညာဉ်ရေးဆွဲရေးကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။

သမိုင်းဝင်ရန်ကုန်တက္ကသိုလ်၏ ရာပြည့်ကာလကို ဖြတ်သန်းနေသောအခါတွင် ရန်ကုန်တက္ကသိုလ်၏ ထွန်းတောက်ခဲ့ သည့် ဂုဏ်ဒြပ်များနှင့် မမေ့နိုင်ဖွယ်ရာများကို ပြန်လည်ထုတ်ဖော်အသိပေးနေသလို နိုင်ငံတကာအဆင့်ဝင် တင့်တယ်လာစေရေးအတွက် အစီအမံများရေးဆွဲဆောင်ရွက်နေကြောင်း သိရသဖြင့် များစွာဝမ်းမြောက်မိသည်။ ရန်ကုန်တက္ကသိုလ်နှင့် ပတ်သက်၍ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ ရာပြည့်သဘင်ကျင်းပရေး အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “တက္ကသိုလ်တစ်ခုဆိုတာ ပညာပေးတဲ့ အဆင့်မြင့်ဌာနတစ်ခုလို့ ဒီလိုပဲမြင်ပါ တယ်။ ဒါပေမယ့် ပညာပေးရုံတင်မက လူငယ်တွေကနေ လူကြီးတွေဖြစ်လာတဲ့အခါမှာ ပိုပြီးပြီးပြည့်စုံတဲ့ လူသားတွေဖြစ်အောင် ပြုစုပျိုးထောင်ပေးတဲ့ ဌာနတစ်ခုဖြစ်အောင် ပြုစုပေးနိုင်အောင် လုပ်ပေးချင်ပါတယ်”ဟု ပြောကြားခဲ့သည်။

ပြီးပြည့်စုံသောလူသားများဖြစ်လာစေရန် ပညာတစ်မျိုးတည်း တတ်မြောက်ရုံဖြင့် မလုံလောက်ဘဲ ဘက်ပေါင်းစုံတွင် ပညာပြည့်ဝနှလုံး လှသည့် လူသားများဖြစ်လာရေး ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထို့ကြောင့် ရန်ကုန်တက္ကသိုလ်ကို ပြီးပြည့်စုံသောလူသားများ မွေးထုတ်ပေးနိုင်မည့် ပညာရေးဌာနကြီး၊ အဆင့်မြင့်ပညာဌာနကြီးဖြစ်လာအောင် မျှော်မှန်းဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ အတိတ်တစ်ချိန်က တက္ကသိုလ်၏ ပညာရပ်ဆိုင်ရာသမိုင်း မှတ်တမ်းများသည် အနာဂတ်တက္ကသိုလ်အတွက် ပြုပြင်ပြောင်းလဲဆောင်ရွက်နိုင်မည့် အထောက်အပံ့ကောင်း များပင် ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံနှင့်လူမျိုး တန်ဖိုးထားရာဖြစ်သည့် သမိုင်းဝင်ရန်ကုန် တက္ကသိုလ် နှစ်(၁၀၀)ပြည့်ကာလတွင် ထွန်းတောက်ခဲ့သော မမေ့နိုင်ဖွယ်ရာ တက္ကသိုလ်ကြီး၏ ဂုဏ်ရည်အင်္ဂါရပ်များကို မြင်တွေ့သိရှိကြရပြီဖြစ်ရာ အနာဂတ်တွင် ပြီးပြည့်စုံသောလူသားများ ဆက်လက်မွေးထုတ်ပေးမည့် တက္ကသိုလ်ကြီးဖြစ်လာအောင် မျက်မှောက် ကာလလူသားများက ဝိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံ