နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကဏ္ဍကို အထူးအလေးထားပြီး ပညာဖြင့်နိုင်ငံတော်ကို တည်ဆောက်နိုင်ရန် အားပေးမြှင့်တင်ဖော်ဆောင်ပေးလျက်ရှိသည်။
ထိုသို့ ဖော်ဆောင်ရာတွင် အကျဉ်းဦးစီးဌာနရှိ အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံနေရသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုရမည့်သူများကိုလည်း ပညာသင်ကြားခွင့်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခွင့်ရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၃၃ ဦး၊ အကျဉ်းသူ ၃ ဦး စုစုပေါင်း ၃၆ ဦးဖြေဆိုခဲ့ပြီး ရာနှုန်းပြည့် ၃၆ ဦးလုံး အောင်မြင်ခဲ့ကာ သုံးဘာသာဂုဏ်ထူးရှင်တစ်ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်တစ်ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်ငါးဦးနှင့် ရိုးရိုးအောင်မြင်သူ ၂၉ ဦးရှိခဲ့သည်။
ထိုသို့ ပြစ်ဒဏ်ကျခံနေရသော်လည်း ပညာလေ့လာခွင့်ဆုံးရှုံးမှုမရှိဘဲ အောင်မြင်မှုပန်းတိုင်ကို တက်လှမ်းနိုင်ခဲ့ကြသူများ၏ ဝမ်းသာပီတိစကားသံများကို စုစည်းဖော်ပြအပ်ပါသည်။
ဦးရဲကိုကိုဇော် (ဦးစီးအရာရှိ၊ အင်းစိန်ဗဟိုအကျဉ်းထောင်)
လူငယ်တွေရဲ့ ဘဝတက်လမ်းအတွက် အင်းစိန်အကျဉ်းထောင်ကို ရောက်ရှိလာတဲ့ ကျောင်းသားတွေကို ပညာဆက်လက်သင်ကြားနိုင်အောင် ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ၂၀၂၁-၂၀၂၂ ကနေ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ ငါးနှစ်တာကာလမှာ ရာနှုန်းပြည့်အောင်ချက်ရခဲ့တယ်။ ဂုဏ်ထူးတွေနဲ့ အောင်မြင်အောင်သင်ကြားပေးခဲ့ပါတယ်။ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ကျောင်းသား ၃၃ ဦးနဲ့ ကျောင်းသူသုံးဦး စုစုပေါင်း ၃၆ ဦး ပညာသင်ကြား ဖြေဆိုရာမှာ ၃၆ ဦးလုံး အောင်မြင်ခဲ့ပါတယ်။ ဂုဏ်ထူးသုံးဘာသာတစ်ဦး၊ နှစ်ဘာသာတစ်ဦးနဲ့ တစ်ဘာသာဂုဏ်ထူးရှင် ငါးဦးလည်းထွက်ပေါ်ခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းထောင်ကို ရောက်ရှိလာတဲ့ လူငယ်တွေ သူတို့ရဲ့ဘဝအနာဂတ်တွေ မဆုံးရှုံးအောင်၊ ဒီကနေထွက်သွားတဲ့အခါ နိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေ တာဝန်ထမ်းဆောင်ခွင့်ရအောင် ပညာရေးကဏ္ဍကို မြှင့်တင်ပေးခြင်း ဖြစ်ပါတယ်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာဆိုရင် အခြေခံပညာဦးစီးဌာနက ဆရာ ဆရာမတွေနဲ့ အင်းစိန်အကျဉ်းထောင်က အကျဉ်းကျဆရာတွေနဲ့ပူးပေါင်းပြီးတော့ အနီးကပ်သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။ အခြေခံပညာကျောင်းက သင်ရိုးညွှန်းတမ်းအတိုင်းပဲ စနစ်တကျနဲ့သင်ကြားခဲ့ပြီး အခုလို ငါးနှစ်ဆက်တိုက်ကျရှုံးသူမရှိဘဲ အောင်မြင်မှုဆက်တိုက်ရရှိခဲ့တာဟာ နိုင်ငံတော်အကြီးအကဲတွေ၊ အနီးကပ်ကြီးကြပ်စီမံပေးတဲ့ တာဝန်ရှိသူတွေရဲ့ လူငယ်တွေအပေါ်ထားရှိတဲ့ စေတနာပါ။ အခုလို ဖြေဆိုသူအားလုံးအောင်မြင်တဲ့အခါ သူတို့နဲ့ထပ်တူ ဝမ်းသာပီတိ ဖြစ်ရပါတယ်။ ၂၀၂၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာလည်း အောင်မြင်မှုတွေ ဆက်လက်ရရှိနိုင်အောင် ဆောင်ရွက်သွားပါ့မယ်။
မောင်ကျော်မင်းခန့် (သုံးဘာသာဂုဏ်ထူးရှင်)
ကျွန်တော်ဂုဏ်ထူးထွက်ခဲ့တဲ့ ဘာသာရပ်တွေက ပထဝီ၊ သမိုင်းနဲ့ ဘောဂဗေဒ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အကျဉ်းကျခံနေရပေမယ့် ကျောင်းပညာရေးကို ဆက်လက်သင်ကြားခွင့်ရအောင်ဆောင်ရွက်ပေးတဲ့ နိုင်ငံတော်အကြီးအကဲတွေ၊ ပြည်ထောင်စုဝန်ကြီး၊ အင်းစိန်ဗဟိုအကျဉ်းထောင်က တာဝန်ရှိသူတွေ၊ ပြီးတော့ သင်ကြားပေးခဲ့ကြတဲ့ ဆရာ ဆရာမတွေ၊ အကျဉ်းသားဆရာတွေအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ ဒီနေရာကနေ ဦးခိုက်ကန်တော့ပါတယ်။
ပြင်ပကလူငယ်တွေကို ပြောလိုတာက အချိန်ဆိုတာ အင်မတန်အဖိုးတန်ပါတယ်။ အချိန်နဲ့မိဘဟာ ပြန်လည်အစားထိုးလို့မရပါဘူး။ ကျွန်တော်တို့ ခံစားရရှိခဲ့တဲ့ နောင်တတွေပါ။ ဒါပေမယ့် နိုင်ငံတော်ရဲ့စေတနာနဲ့ ပညာသင်ကြားခွင့်ရပြီးတော့ အနာဂတ်အတွက် အလင်းဆောင်ခွင့်ရတဲ့အပေါ် အတိုင်းမသိ ကျေးဇူးအထူးတင်ပါတယ်။ ကျွန်တော့်မှာ ရည်မှန်းချက်တွေရှိနေပါပြီ။ စီးပွားရေးပညာရှင်တစ်ဦးဖြစ်ချင်ပါတယ်။ ဆက်ပြီးကြိုးစားသွားမှာပါ။
မောင်သက်ဖြိုးနောင် (နှစ်ဘာသာဂုဏ်ထူးရှင်)
ကျွန်တော်က ပထဝီနဲ့ဘောဂဗေဒနှစ်ဘာသာ ဂုဏ်ထူးရခဲ့ပါတယ်။ အခုလိုစာမေးပွဲမှာ ဂုဏ်ထူးနဲ့အောင်မြင်တဲ့အတွက် အရင်ဆုံး ဖေဖေနဲ့မေမေကို ကျေးဇူးတင်တယ်။ ပြီးတော့ ပညာသင်ကြားခွင့်ရအောင် ခွင့်ပြုပေးတဲ့ လူကြီးတွေ၊ အကျဉ်းထောင်က တာဝန်ရှိသူတွေနဲ့ ဆရာ ဆရာမတွေအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ လူငယ်တွေအနေနဲ့ ရည်မှန်းချက်ရှိသင့်ပါတယ်။ ရည်မှန်းချက်ရှိပြီး ကြိုးစားမှလည်း အောင်မြင်မှုရရှိတာပါ။ ကျွန်တော်က ရည်မှန်းချက်မထားခဲ့လို့ ဒီအထဲကို ရောက်ရှိခဲ့တာပါ။ ဒါပေမယ့် ဒီက ဆရာတွေ ညွှန်ကြားမှုနဲ့ ရည်မှန်းချက်အတွက် လမ်းကြောင်းတစ်ခုတည်ဆောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီအတွက် ဖော်မပြနိုင်အောင် ကြည်နူးဝမ်းသာရပါတယ်။ လူငယ်တွေကို လမ်းမှန်ရောက်အောင် လမ်းပြကူညီပေးတဲ့ အကျဉ်းဦးစီးဌာနကို ကျေးဇူးတင်ရှိပါတယ်။
မမေမြတ်သဉ္စာကျော်
ကျွန်မအနေနဲ့ အင်းစိန်အကျဉ်းထောင်ကနေ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆို အောင်မြင်ခဲ့တဲ့အတွက် ဖော်မပြနိုင်အောင်ဝမ်းသာရပါတယ်။ ထောင်ပိုင်၊ ထောင်မှူးနဲ့ ဆရာ ဆရာမတွေအားလုံးကို ဦးခိုက်ကန်တော့ပါတယ်၊ ကျေးဇူးအထူးတင်ရှိပါတယ်။ ရည်မှန်းချက်ထားပြီး ကြိုးစားမှုကြောင့် အောင်မြင်မှုရခဲ့တာပါ။ အပြင်ရောက်ရင် တက္ကသိုလ်ဆက်တက်ပြီး အနာဂတ်ဘဝအတွက် အကောင်းဆုံးပုံဖော်သွားဖို့ အားအင်တွေ အပြည့်ရှိနေပါတယ်။
မမေဇင်စုမြတ်
ဒီအထဲရောက်တော့ ဘဝလမ်းဆုံးပြီလို့ တွေးထင်ခဲ့တာပါ။ ဒါပေမယ့် ပညာသင်ကြားခွင့်ရတော့ စိတ်ခွန်အားတွေ ရလာခဲ့ပါတယ်။ အကျဉ်းထောင်မှာဆိုပေမယ့် ပညာသင်ကြားသူ အားလုံးကို တစ်နှစ်ပတ်လုံး စာမေးပွဲအောင်မြင်ရေးကိုသာ အာရုံစိုက်စေပြီး ပညာရေးထွန်းပေါက်ဖို့အတွက် တွန်းအားပေးခဲ့တဲ့ အကျဉ်းဦးစီးဌာနက တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ပါတယ်။ စာပေသင်ကြားဖို့ လိုအပ်တာမှန်သမျှ ထောက်ပံ့ပေးမှုကိုလည်း ကျေးဇူးတင်ပါတယ်။ အောင်စာရင်းထွက်ပြီဆိုတော့ ရတဲ့အမှတ်အပေါ်မူတည်ပြီး လုပ်ဆောင်သွားမှာပါ။ အမှတ်မီရင် အနုပညာတက္ကသိုလ်မှာ ပန်းချီအထူးပြုတက်ချင်တာပါ။ ကျွန်မတို့ရဲ့အနာဂတ်အတွက် ပညာသင်ကြားခွင့်ပေးတဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနကို အင်းစိန်ဗဟိုအကျဉ်းထောင်က လူငယ် ၃၆ ဦးရဲ့ကိုယ်စား ကျေးဇူးတင်ရှိတယ်ဆိုတာ ပြောလိုပါတယ်။
အင်တာဗျူး - သစ္စာ(MNA)
ဓာတ်ပုံ - ဇွဲမာန်
