နေပြည်တော် ဇွန် ၃၀
နိုင်ငံတော်သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတရုံး ဘက်စုံသုံးခန်းမ၌ကျင်းပရာ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံခရီးစဉ်များအတွင်း ဆောင်ရွက်ချက်များ၊ အစိုးရ၏ ရက် (၁၀၀) စီမံချက်အတွင်း ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဦးစွာ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက နိုင်ငံတော်သမ္မတကြီးနှင့်အဖွဲ့ အိန္ဒိယနိုင်ငံသို့ သွားရောက်ရသည့် ပထမအကြောင်းရင်းမှာ အိန္ဒိယနိုင်ငံတွင် ကျင်းပမည့် ကြောင်ကြီးမျိုးနွယ်ဝင်များ ထိန်းသိမ်းစောင့်ရှောက်ရေးဖိုရမ်သို့ သွားရောက်ရန် စီစဉ်ခဲ့ပါကြောင်း၊ သို့သော်လည်း အာဖရိကနိုင်ငံများတွင် ဖြစ်ပွားခဲ့သည့် အီဘိုလာရောဂါကြောင့် ယင်းနိုင်ငံများမှ ခေါင်းဆောင်များ မလာရောက်နိုင်တော့သဖြင့် အဆိုပါဖိုရမ်ကို ရွှေ့ဆိုင်းလိုက်ပါကြောင်း၊ သို့သော်လည်း အိန္ဒိယသမ္မတကြီးက မြန်မာနိုင်ငံသမ္မတကြီးအားချစ်ကြည်ရေးခရီးလာရောက်ရန် ဖိတ်ခေါ်သည့်အတွက်သွားရောက်ခဲ့ခြင်း ဖြစ်ပါကြောင်း။
ချစ်ကြည်ရေးခရီးစဉ်ကို မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ ၅ ရက်ကြာ သွားရောက်ခဲ့ပါကြောင်း၊ ၅ ရက်တာကာလအတွင်း အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီ၊ အိန္ဒိယနိုင်ငံသမ္မတ၊ အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်တို့နှင့် တွေ့ဆုံခဲ့ပါကြောင်း၊ ဒေလီမြို့တွင် ဒေသအာဏာပိုင်များနှင့် တွေ့ဆုံပြီးနောက် မွမ်ဘိုင်းမြို့သို့လည်း သွားရောက်ခဲ့ပါကြောင်း၊ ယင်းခရီးစဉ်တွင် ပညာရေးပူးပေါင်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါကြောင်း၊ အိန္ဒိယနိုင်ငံသည် IT နည်းပညာများ၊ ပညာရေးပိုင်းဆိုင်ရာများ ဘက်စုံဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံကြီးဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်၍ ဆေးရုံတည်ဆောက်ရေး၊ ဆေးဝါးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတွင် ဆေးဝါးစက်ရုံ လာရောက်တည်ဆောက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ပါကြောင်း၊ အိန္ဒိယနိုင်ငံသည် နည်းပညာနှင့် ပတ်သက်ပြီး ရှေ့တန်းရောက်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် သတင်းအချက်အလက် နည်းပညာပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ပါကြောင်း၊ မြန်မာ-အိန္ဒိယ နှစ်ဖက်နယ်စပ်ဒေသ မတည်ငြိမ်မှုများရှိနေသည့်အတွက် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နေသည့်လုပ်ငန်းများ အတားအဆီးအနှောင့်အယှက် အဟန့်အတားဖြစ်နေသည့် အကြောင်းရင်းများနှင့် စပ်လျဉ်း၍ နယ်စပ်ဒေသတည်ငြိမ်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ပါကြောင်း။
ထို့ပြင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးကိစ္စရပ်များကို နှစ်နိုင်ငံခေါင်းဆောင်များ ဆွေးနွေးခဲ့ပါကြောင်း၊ ခရီးစဉ်အတွင်း နှစ်နိုင်ငံပူးတွဲ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါကြောင်း၊ ယင်းထုတ်ပြန်ချက်တွင် အဓိကအားဖြင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်း အပြီးသတ်ရန် ဆွေးနွေးခဲ့ပါကြောင်း၊ ယင်းကိစ္စအပေါ် အိန္ဒိယနိုင်ငံသမ္မတ၊ ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌတို့အားလုံးက အလေးထားပြီး ဆွေးနွေးခဲ့ပါကြောင်း၊ နောက်တစ်ခုမှာ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်း အမြန်ဆုံး အပြီးသတ် အကောင်အထည်ဖော်နိုင်ရေးကိုလည်း အိန္ဒိယနိုင်ငံသမ္မတ၊ ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌတို့အားလုံးက အလေးနက်ထား ပြောကြားခဲ့ပါကြောင်း။
ပညာရေးနှင့်ပတ်သက်ပြီး မဲခေါင်-ဂင်္ဂါပညာသင်ဆုကို မိမိတို့နိုင်ငံအနေဖြင့် ပုံမှန်အားဖြင့် ၃၆ ဆုသာရရှိပါကြောင်း၊ ယခုနှစ်မှစတင်ပြီး ၁၀၀ အထိ တိုးမြှင့်ပေးရန် ပြောကြားခဲ့ပါကြောင်း၊ ၂၀၂၄ ခုနှစ်က စတင်ခဲ့သည့် ရူပီးနှင့်ကျပ် ငွေပေးချေရေးကိစ္စ၊ ထိရောက်စွာ အကောင်အထည်မဖော်နိုင်သည့်ကိစ္စကို ယခုအချိန်မှစတင်ပြီး အကောင်အထည်ဖော်ရန် ရူပီးနှင့်ကျပ် ငွေပေးချေသည့်စနစ်များ အဆင်ပြေစေရန် အိန္ဒိယနိုင်ငံ Reserve Bank of India ၏ ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါကြောင်း၊ ရှေ့ဆက်ဆောင်ရွက်မည့် သဘောတူညီမှုများ ရရှိခဲ့ပါကြောင်း။
နယူးဒေလီမြို့၌ ပြုလုပ်သည့်ဆွေးနွေးပွဲတွင် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ပါကြောင်း၊ ၎င်းတို့အနေဖြင့် စိတ်ပူသည့်ကဏ္ဍများကို မေးမြန်းခဲ့ပါကြောင်း၊ လုံခြုံရေးအခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုတွင် အကျိုးအမြတ်ကိစ္စများ မေးမြန်းခဲ့ပါကြောင်း၊ ယင်းတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတကိုယ်တိုင် တက်ရောက်ပြီး မေးမြန်းသည့် မေးခွန်းများကို သေသေချာချာ ဖြေကြားပေးခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ကိုင်ပါက ဝန်းကျင်ကောင်းတစ်ခုကို ရင်းနှီးမြှုပ်နှံမှုများအတွက် ဖန်တီးပေးမည်ဆိုသည်ကိုလည်း နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ဖြေကြားပေးခဲ့ပါကြောင်း၊ မွမ်ဘိုင်းတွင်လည်း မိမိတို့ဘက်က UMFCCI အဖွဲ့များနှင့် အိန္ဒိယနိုင်ငံမှ ရင်းနှီးမြှုပ်နှံမည့် စီးပွားရေးလုပ်ငန်းရှင်များဆွေးနွေးပြီး သဘောတူညီမှုများ ရရှိခဲ့ပါကြောင်း၊ တချို့စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အခြေအနေပေးပါက ဆောင်ရွက်နိုင်မည့် ရင်းနှီးမြှုပ်နှံမှုငွေပမာဏကိုပင် ပြောကြားခဲ့ပါကြောင်း။
လေ့လာရေးခရီးစဉ်တွင် အိန္ဒိယနိုင်ငံ MPC Limited ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် စွမ်းအင် ကုမ္ပဏီကို သွားရောက်လေ့လာခဲ့ပါကြောင်း၊ ယင်းစက်ရုံတွင် ခေတ်ရှေ့ပြေးနေသည့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အမျိုးမျိုး ထုတ်လုပ်နိုင်သည့်စနစ်များကို Research center သဘောမျိုးပြုလုပ်သည့် နေရာဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအတွက် အကျိုးသက်ရောက်စေမည့် အနေအထားများကိုများစွာ တွေ့ရှိခဲ့ပါကြောင်း၊ သို့ဖြစ်၍ ရှေ့ဆက်ပြီးပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်ရန်ကိုလည်း ကမ်းလှမ်းခဲ့မှုများရှိပါကြောင်း။
ထို့ပြင် ဂျဝါဟာလာနေရူးဆိပ်ကမ်းကိုလည်း သွားရောက်လေ့လာခဲ့ပါကြောင်း၊ ရေကြောင်းအရ မိမိတို့နိုင်ငံအနောက်ပိုင်းနှင့် ချိတ်ဆက်မည့် အနေအထားများကို သွားရောက်လေ့လာခဲ့ပါကြောင်း၊ ယခုဆိုလျှင် အိန္ဒိယနိုင်ငံသည် ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံ၊ သန်းပေါင်း ၁၄၀၀ ကျော်ရှိသည့် အင်အားကြီးနိုင်ငံ၊ ဖွံ့ဖြိုးတိုးတက်နေသည့်နိုင်ငံ၊ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံဖြစ်ပြီး ဒီမိုကရေစီနိုင်ငံကြီးလည်းဖြစ်ပါကြောင်း၊ ယင်းကဲ့သို့သော နိုင်ငံကြီးက မိမိတို့နိုင်ငံ၏ သမ္မတကြီးကို နွေးနွေးထွေးထွေး လှိုက်လှိုက်လှဲလှဲကြိုဆိုပြီး ခရီးစဉ်တစ်လျှောက်လုံး ဂရုတစိုက်ရှိခဲ့မှုသည် သံတမန်ရေးအရ၊ နိုင်ငံရေးအရ အောင်မြင်မှုဖြစ်ပါကြောင်း။
စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင် ရေးအတွက် သဘောတူညီချက်များ များစွာရရှိခဲ့ပါကြောင်း၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အချုပ်အခြာအာဏာကို လုံးဝမထိပါးစေဘဲ အိန္ဒိယနိုင်ငံကို ထိပါးစေမည့်ကိစ္စများ မြန်မာ့မြေပေါ်တွင် မဖြစ်ပေါ်စေရေး၊ မြန်မာနိုင်ငံကိုထိပါးမည့်ကိစ္စများ အိန္ဒိယမြေပေါ်တွင် မဖြစ်ပေါ်စေရေးကို အလေးထားဆွေးနွေးခဲ့ပါကြောင်း၊ ကုလားတန်မြစ်ကြောင်း ဘက်စုံသယ်ယူ ပို့ဆောင်ရေးစီမံကိန်းကို အမြန်ဆုံးအပြီးသတ်နိုင်ရေး ဆောင်ရွက်သွားနိုင်ရန်၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဆိုသည့် သဘောတူညီမှုရရှိခဲ့ပါကြောင်း။
တရုတ်နိုင်ငံ ခရီးစဉ်မှာ တရုတ်သမ္မတကြီး မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက် State Visit (နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်) အနေဖြင့် ဇွန်လ ၁၅ ရက်နေ့မှ ၁၉ရက်နေ့အထိ ၅ ရက်ကြာ သွားရောက်ခဲ့ပါကြောင်း၊ ခရီးစဉ်တွင် သမ္မတကြီးအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၊ ဝန်ကြီးချုပ် မစ္စတာလီချန်း၊ တရုတ်အမျိုးသားကွန်ဂရက် (NPC)ဥက္ကဋ္ဌ မစ္စတာ ကျောက်လဲ့ကျိတို့နှင့် တွေ့ဆုံခဲ့ပါကြောင်း၊ ရှန်ဟိုင်းတွင်လည်း ရှန်ဟိုင်းအုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံခဲ့ပါကြောင်း၊ အလားတူသက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံခဲ့ပါကြောင်း။
သမ္မတကြီး၏ ခရီးစဉ်သည် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်ဖြစ်သည့်အတွက် နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံသမ္မတကြီးအတွက် ဂုဏ်ယူစရာဖြစ်ပါကြောင်း၊ ခရီးစဉ်အတွင်း တရုတ်-မြန်မာ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အလေးထားပြီး ဆွေးနွေးခဲ့ပါကြောင်း၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုး ရေး၊ နယ်စပ်ဒေသအမြန်ဆုံးတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးကောင်းမွန်ရေး ဆွေးနွေးခဲ့ကြပြီး စီးပွားရေးနှင့်ပတ်သက်၍လည်း နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ပါကြောင်း၊ Belt and Road Initiative(BRI) နှင့် မိမိတို့နိုင်ငံထဲတွင် ဆောင်ရွက်မည့် CMEC စီမံကိန်းများ အမြန်ဆုံးပြန်လည်စတင်နိုင်ရေး၊ လုံခြုံရေး အခြေအနေအကြောင်းကြောင်းကြောင့် ရပ်ဆိုင်းထားသည့်လုပ်ငန်းများ အမြန်ဆုံးစတင်နိုင်ပြီး အဆိုပါစီမံကိန်းများ အပြီးသတ်နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် ခိုင်ခိုင်မာမာ ပြောကြားခဲ့သည်မှာ တရုတ်နိုင်ငံတစ်နိုင်ငံတည်းမူဝါဒကို အပြည့်အဝ ထောက်ခံပါကြောင်းဆိုသည်ကို ထပ်လောင်းအတည်ပြုခဲ့ပါကြောင်း။
တရုတ်နိုင်ငံအနေဖြင့် အာမခံချက်ပေးသည်မှာ မြန်မာအစိုးရသစ်ကို ကြိုဆိုကြောင်း၊ ရွေးကောက်ပွဲကိုလည်း ကြိုဆိုသည့်အပြင် တက်လာသည့် အစိုးရကိုလည်း ကြိုဆိုကြောင်း၊ ထောက်ခံကြောင်း၊ လက်ရှိမိမိတို့အစိုးရက ဆောင်ရွက်နေသည့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလည်း ထောက်ခံကြောင်း၊ ရှေ့ဆက်ပြီးလည်း အပြည့်အဝထောက်ခံအားပေးသွားမည်ကို အခိုင်အမာ ပြောခဲ့ပါကြောင်း၊ အဓိကဆွေးနွေးခဲ့သည့် အကြောင်းအရာ ဖြစ်ပါကြောင်း။
ငါးရက်တာ ကာလအတွင်း G to G (Govern-ment-to-Government) MoU ၁၈ ခု ရေးထိုးနိုင်ခဲ့ပြီး ယင်းတွင် ကဏ္ဍစုံပါဝင်ပါကြောင်း၊ သွားရောက်သည့် ရည်ရွယ်ချက်တွင်ပါဝင်သော အကြောင်းအရာများအားလုံးကို ပေါက်မြောက်အောင်လည်း ယခုခရီးစဉ်တွင် MoU များ ထိုးနိုင်ခဲ့ပါကြောင်း၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ကောင်းမွန် ရေးအတွက်လည်း ပါဝင်ပါကြောင်း၊ စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ သတင်းမီဒီယာအပိုင်းနှင့် မိမိနိုင်ငံ၏ သတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် Training များ၊ မိမိနိုင်ငံတွင် လာရောက်၍ ဖလှယ်မည့် နည်းပညာများ၊ လုပ်ငန်းစဉ်များ၊ ချစ်ကြည်ရေးလုပ်ငန်းစဉ်များ ပါဝင်ပါကြောင်း။
ထို့ပြင် လူသားချင်းစာနာထောက်ထားမှုနှင့် အာကာသအစီအစဉ် ဖြစ်ပါကြောင်း၊ ယင်းအာကာသ အစီအစဉ်နှင့်ပတ်သက်၍ ပညာတော်သင်များစေလွှတ်ပြီး ပညာရပ်များကို လေ့လာရန် ဆွေးနွေးခဲ့ပါကြောင်း၊ တရုတ်-မြန်မာပညာရှင်များပူးပေါင်းပြီး စိုက်ပျိုးရေး၊ မိုးလေဝသ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စ၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် ဂြိုဟ်တုတစ်လုံး လွှတ်တင်ရန်နှင့် ပညာရှင်များ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ပါကြောင်း။
GSI, GDI, GCI, GGI လေးချက်ကိုလည်း တရုတ် နိုင်ငံက Initiative, Global Initiative စတင်ပြီး ဆောင်ရွက်နေသည့် ယင်းလုပ်ငန်းစဉ်များတွင် MoU ထိုးခဲ့ပါကြောင်း၊ တရုတ်သည် ကျန်နိုင်ငံများ အားလုံးနှင့် လေးခုစလုံးတွင် MoU ထိုးခြင်းမျိုးမရှိပါကြောင်း၊ အချို့နိုင်ငံများက နှစ်ခု သို့မဟုတ် တစ်ခုသာရေးထိုးပါကြောင်း၊ အပြန်အလှန်အားဖြင့် တရုတ်နိုင်ငံက ဆောင်ရွက်နေသည့် Global Initiative လေးခုတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မည်ဆိုသည့် အနေအထားမျိုးကို ပြသနိုင်ခဲ့ပါကြောင်း။
တရုတ်နိုင်ငံသည် စက်မှုနည်းပညာနှင့် AI မည်မျှ တိုးတက်သည်ကို အားလုံးသိပြီးဖြစ်ပါကြောင်း၊ အာကာသသိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်းသို့ သွားရောက်လေ့လာခဲ့ပါကြောင်း၊ တရုတ်နိုင်ငံသို့ လာရောက်သည့် အာဆီယံခေါင်းဆောင်များထဲတွင် မြန်မာနိုင်ငံ သမ္မတကြီးက ပထမဆုံးဖြစ်သည်ဟု သိရပါကြောင်း၊ မိမိတို့နိုင်ငံထဲတွင်လည်း ရထားလမ်းများ ဖောက်လုပ်မည်ဖြစ်သည့်အတွက် CRCC (ရထားလမ်းဆောက်လုပ်ရေး)ကို သွားရောက်လေ့လာခဲ့ပါကြောင်း၊ တရုတ်မှ မြန်မာကျောက်ဖြူ အထိသွားမည့် ရထားလမ်းအပြင် ပြည်တွင်းတွင် တခြားရထားလမ်း အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်လည်း ဆွေးနွေးခဲ့ပါကြောင်း၊ ရှန်ဟိုင်းရှိ Lingang Special Area တွင်လည်း မြို့ပြဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်မည်သို့ ဆောင်ရွက်မည်ကို အသေးစိတ်လေ့လာခဲ့ပါကြောင်း၊ Leapmotor လျှပ်စစ် EV ကားစက်ရုံကို လည်း သွားရောက်လေ့လာခဲ့ပါကြောင်း၊ ဝါးပင်မှတစ်ဆင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန် သွားရောက်လေ့လာခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် စက်ရုံလာရောက် တည်ထောင်ပြီး ကုန်ကြမ်းပစ္စည်းများ ထုတ်လုပ်ရန်အတွက် ပူးပေါင်းဆောင်ရွက်မည့် သဘောတူညီချက်များ ရရှိခဲ့ပါကြောင်း။
Unitree Robotics (စက်ရုပ်နည်းပညာ)ဖွံ့ဖြိုး တိုးတက်မှုများကို လေ့လာခဲ့ပြီး အသုံးပြုမည့်နေရာ များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါကြောင်း၊ မိမိနိုင်ငံမှ သင်တန်းသားများ စေလွှတ်နိုင်ရေး ဆွေးနွေးဆဲဖြစ်ပြီး မကြာခင် အကောင်အထည်ဖော်လာနိုင်မည့် အခြေအနေရှိပါကြောင်း၊ ရှန်ဟိုင်းမြို့တွင် မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုညီလာခံ (Shanghai Summit)သို့ တရုတ်ဘက်မှ စီးပွားရေး လုပ်ငန်းရှင် ၄၀၀ ကျော်နှင့် မြန်မာဘက်မှ ၂၀၀ ကျော် စုစုပေါင်း ၆၀၀ ကျော် တက်ရောက်ခဲ့ပါကြောင်း၊ တရုတ်နိုင်ငံ၏ State-owned Enterprise ကြီးများ၊ Belt and Road Initiative (BRI) တွင် ပါဝင်နေသော ကုမ္ပဏီကြီးများ တက်ရောက်ခဲ့ကြကြောင်း၊ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ရင်းနှီးမြှုပ်နှံမှုပတ်ဝန်း ကျင်ကောင်းများဖန်တီးပေးမည်ကို ရှင်းလင်းပြောကြားပြီး ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့ပါကြောင်း၊ ယင်း Summit တွင် ပြခန်းပေါင်း ၃၅ ခု ပြသခဲ့ပြီး မြန်မာနှင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များအကြား B2B MoU ပေါင်း ၇၀ ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ ထို့ပြင် တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ထောင်ရန် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါကြောင်း။
ခရီးစဉ်များနှင့်စပ်လျဉ်း၍ သုံးသပ်ချက်အနေဖြင့် အိန္ဒိယသည် ကမ္ဘာ့လူဦးရေအများဆုံး သန်း ၁၄၀၀ ကျော်ရှိပြီး တရုတ်သည် လူဦးရေသန်း ၁၄၀၀ ကျော်ဖြင့် ဒုတိယအများဆုံးဖြစ်ကာ စစ်ရေး၊ စီးပွားရေး၊ နည်းပညာ အင်အားကြီးနိုင်ငံများ ဖြစ်ပါကြောင်း၊ နိုင်ငံကြီးများနှင့် ဆက်ဆံနိုင်ခြင်းသည် နိုင်ငံတကာဆက်ဆံရေး၊ သံတမန်ရေးနှင့် နိုင်ငံရေးအရ အောင်မြင်မှုဖြစ်ပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါကြောင်း၊ အေးအတူပူအမျှ အသိုက်အဝန်းကိုလည်း ဆွေးနွေးခဲ့သည့်နေရာတိုင်းတွင် နိုင်ငံ့ခေါင်းဆောင်များ၊ ပါတီခေါင်းဆောင်များ အဓိကဆွေးနွေးကြပါကြောင်း၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရန်၊ ကုန်သွယ်မှုမြှင့်တင်ရန်၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက်လည်း ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊ MoU၊ B to B ၊ G to G ရေးထိုးနိုင်ခြင်းသည် မိမိတို့နိုင်ငံအတွက် လူဦးရေသန်း ၁၀၀၀ ကျော်ရှိသည့် ဈေးကွက်ကြီး ပွင့်သွားပါကြောင်း၊ မိမိတို့နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်း။
သတ္တုတွင်း၊ ဒီဂျစ်တယ်၊ AI ၊ လျှပ်စစ်နှင့် ပြည့်ဖြိုးမြဲစွမ်းအင်၊ ရထားလမ်းဖောက်လုပ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် သဘော တူညီမှုများရရှိခဲ့ပါကြောင်း၊ လက်ရှိဆောင်ရွက်နေသည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များလည်း တိုးမြှင့်သွားရန် သဘောတူညီမှုများရရှိခဲ့ပါကြောင်း၊ ပြီးခဲ့သည့် ခရီးစဉ်နှစ်ခုကို သုံးသပ်ကြည့်မည်ဆိုပါက အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သို့ သွားရောက်သည့် ရည်ရွယ်ချက် ပေါက်မြောက်အောင်မြင်ခဲ့သကဲ့သို့ ရလဒ်များသည်လည်း အားရကျေနပ်ဖွယ်ရှိပါကြောင်း၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အစိုးရသစ်၏ အစကောင်း၊ အဖွင့်ကောင်းဖြစ်သည်ဟု ခရီးစဉ်နှစ်ခုအပေါ် သုံးသပ်၍ရပါကြောင်း။
အစိုးရသစ် ရက် (၁၀၀) စီမံကိန်း (100-Day Plan) တိုးတက်မှုအခြေအနေနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနများအားလုံးသည် ရက်(၁၀၀)စီမံချက်တွင် ဆောင်ရွက်မည့်လုပ်ငန်းများကို ပြင်ဆင်ခဲ့ပါကြောင်း၊ ရက် (၁၀၀) စီမံချက်တွင် တချို့ကလုပ်ငန်းကြီးများ ဖြစ်သည့်အတွက် တစ်ခု၊ နှစ်ခုရှိပြီးတချို့မှာ ဆောင်ရွက်မည့် လုပ်ငန်းအသေးများရှိပါကြောင်း၊ စီမံချက်အရေအတွက်နှင့် ပြီးစီးမှုရာခိုင်နှုန်းကို ဖော်ပြထားပါကြောင်း၊ ယင်းဆောင်ရွက်မှုအခြေအနေများ အသေးစိတ်အချက်အလက်များရှိပါကြောင်း၊ ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ရမည့် စီမံကိန်းအရေအတွက်နှင့် ပြီးစီးမှုရာခိုင်နှုန်းများမှာ ယေဘုယျအားဖြင့် ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပါကြောင်း၊ အချို့ကဏ္ဍများတွင် ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ပြီး ဥပမာအားဖြင့် ပို့ဆောင်ရေးတွင် ၉၃ ရာခိုင်နှုန်း၊ ပြည်ထဲရေးတွင် ၁၀၀ ရာခိုင်နှုန်း၊ သိပ္ပံနှင့်နည်းပညာ၊ ဥပဒေရေးရာတို့တွင် ၉၈ ရာခိုင်နှုန်းအထိ ပြီးစီးမှုများရှိနေပါကြောင်း၊ တချို့ကဏ္ဍများလည်း အကောင်အထည်ဖော်ဆဲ အနေအထားမျိုးတွေ့ရှိရပါကြောင်း။
နိုင်ငံတော်သမ္မတကြီး အစည်းအဝေးတိုင်းတွင် တစိုက်မတ်မတ် ပြောကြားသည့်ကိစ္စသည် ပညာရေးကဏ္ဍဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေအထားသည် ပညာရေးအားနည်းသည့်အတွက် မြှင့်တင်ရန်လိုအပ်ပါကြောင်း၊ ပညာရေးမြှင့်တင်ရန်အတွက် ပညာရေးဝန်ကြီးဌာနကလည်း ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ ကျောင်းနေအရွယ်ကလေးများ ကျောင်းတက်ရောက်ရန် အရေးကြီးပါကြောင်း၊ လွန်ခဲ့သော ၅ နှစ်တာအတွင်း မတည်ငြိမ်မှုများနှင့် ပဋိပက္ခများကြောင့် ကျောင်းများပိတ်ထားခဲ့ရသဖြင့် ကျောင်းများ အမြန်ပြန်ဖွင့်နိုင်ရန်၊ ဆရာ/ ဆရာမများရရှိရန်နှင့် ကျောင်းသားများ ကျောင်းတက်နိုင် မည့်ပတ်ဝန်းကျင်ဖန်တီးရန် အစိုးရက ကြိုးပမ်းနေပါကြောင်း။
မေလ ၂၅ ရက်မှ မေလ ၃၁ ရက်အထိ ကျောင်း အပ်နှံရေးရက်သတ္တပတ်အဖြစ် သတ်မှတ်ခဲ့သော် လည်း အကြောင်းအမျိုးမျိုးကြောင့် မအပ်နှံနိုင်သေး သူများအတွက် ကျောင်းအပ်လက်ခံမှုကို ဩဂုတ် လ ၃၁ ရက်နေ့အထိ (၃ လသက်တမ်း) တိုးမြှင့် ပေးထားပါကြောင်း၊ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် (ဇွန်လ ၂၉ ရက်နေ့အထိ စာရင်းအရ)ကျောင်းသား ဦးရေ ၇ ဒသမ ၂၇၅ သန်းရှိပြီး ကိန်းဂဏန်းသည် ဆက်လက်တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ယခင် နှစ် (၂၀၂၅-၂၀၂၆) ပညာသင်နှစ်တွင် ၇ ဒသမ ၂၅၃ သန်းရှိခဲ့သဖြင့် ယခုနှစ်တွင် ကျောင်းသားဦးရေ ပိုမိုတိုးတက်လာသည်ကို တွေ့ရပါကြောင်း၊ ကျောင်းအပ်နှံပြီးသူများအနက် လက်ရှိအမှန်တကယ် ကျောင်းတက်ရောက်မှုနှုန်းမှာ ၉၈ ဒသမ ၆၅ ရာခိုင်နှုန်း ရှိပါကြောင်း။
မြန်မာနိုင်ငံတွင် အခြေခံပညာကျောင်းပေါင်း ၅၁၀၀၀ ကျော်ရှိသည့်အနက် ကျောင်းပေါင်း ၃၅၀၀၀ ကျော် ဖွင့်လှစ်နိုင်ပါကြောင်း၊ ကျန်သည့် ၃၀ ရာခိုင်နှုန်းကိုလည်း ဆက်လက် ဖွင့်လှစ်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရနှင့် ပညာရေးဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ သုံး/လေး နှစ်တာကာလအတွင်း ပဋိပက္ခများ ဖြစ်ပွားခဲ့သည့်အတွက် ကျောင်းများ ပိတ်ခဲ့ရပါကြောင်း၊ လုံခြုံရေး အခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေးအခြေအနေများကြောင့် ကျောင်းမသွားနိုင်ကြပါကြောင်း၊ သို့သော်လည်း ကလေးများသည် အသက်ကြီးလာပြီး အတန်းငယ်နေကြပါကြောင်း၊ ယင်းကလေးများ သည် Self Study သို့မဟုတ် နည်းလမ်းတစ်ခုခုဖြင့် ပညာရေးကို မြှင့်တင်နေသည့် ကလေးများ ရှိပါကြောင်း၊ ယင်းကလေးများ၏ အသက်အရွယ်နှင့် အတန်းများသည် အခြေအနေအကြောင်းကြောင်းကြောင့် မကိုက်ညီသည့် အနေအထားမျိုးဖြစ်နေပါကြောင်း၊ ထို့ကြောင့် Placement Test ကို ဆောင်ရွက်ပြီး အဆင့်နှင့်ကိုက်ညီသည့် အတန်းကိုဝင်ရောက် ဖြေဆိုရန်ဖြစ်ပါကြောင်း၊ သို့သော် အထက်တန်း သည် ပြင်ပဖြေဖြင့် ဝင်ရောက်ဖြေဆို၍ရသဖြင့် မူလတန်းနှင့် အလယ်တန်းကို ဆောင်ရွက်ခဲ့ပါကြောင်း၊ တစ်သိန်းခြောက်သောင်းကျော် စာရင်းသွင်းပြီး တစ်သိန်းလေးသောင်းကျော် ဝင်ရောက်ဖြေဆိုခဲ့ပါကြောင်း၊ မနက်ဖြန် အောင်စာရင်းထွက်မည် ဖြစ်ပါကြောင်း။
ထို့ပြင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံကျောင်းများ ကျောင်းသား ကျောင်းသူအရေအတွက် ၇၃ ရာခိုင်နှုန်း ကျောင်းတက်သည်ကို တွေ့ရပါကြောင်း၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ စုစုပေါင်း ၂၂၃ ကျောင်း တွင် ၂၁၆ ကျောင်း ဖွင့်လှစ်နိုင်ပါကြောင်း၊ တွဲဖက် ဖွင့်ထားသည့် ကျောင်း ၁၃ ကျောင်းရှိပါကြောင်း၊ လုံးဝ မဖွင့်လှစ်နိုင်သည့်ကျောင်း ခုနစ်ကျောင်းသာ ရှိပါကြောင်း၊ ဇွန်လ ၂၉ ရက်က ထုတ်ပြန်သွားသည့် Grade 12 (၁၂)တန်း အောင်စာရင်းဖြစ်ပါကြောင်း၊ ဖြေဆိုသူ နှစ်သိန်းငါးသောင်းငါးထောင်ရှိပြီး အောင်မြင်သည့် ဦးရေတစ်သိန်းသုံးသောင်း သုံးထောင်ကျော်ဖြစ်သည့်အတွက် ၅၂ ဒသမ ၃၇ ရာခိုင်နှုန်း အောင်မြင်ပါကြောင်း၊ ယခင်နှစ်များထက် ရာခိုင်နှုန်းတိုးတက်လာသည်ကို တွေ့ရပါကြောင်း။
နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) အတွင်း ပြည်သူများအကြား စိတ်ဝင်စားမှုမြင့်တက်လျက်ရှိသည့် ပို့ဆောင်ရေးဝန်ကြီးဌာန၏ မြန်မာ့မီးရထား DEMU ရထားဖြစ်ပါကြောင်း၊ DEMU ရထားသည် သန့်ရှင်းပြီး Aircon များပါဝင်ကာ အချိန်အားဖြင့် တိကျပါကြောင်း၊ ယခုနောက်ပိုင်းတွင် ထပ်မံ၍ မန္တလေး-ရန်ကုန် တိုးချဲ့ပြီး ပြေးဆွဲနေပြီဖြစ်ပါကြောင်း၊ ယင်းရထား၏ အားသာချက်သည် ငွေကျပ်နှစ်သောင်းကျော်သာပေးရပြီး ရန်ကုန်မြို့ လယ်ကောင်၊ မန္တလေးမြို့လယ်ကောင် ရောက်သွားပါကြောင်း၊ စရိတ်စကများလည်း များစွာသက်သာပြီး သွားရေးလာရေးတွင်လည်း သက်သောင့်သက်သာရှိပါကြောင်း၊ မနက်ဖြန်ဆိုလျှင် ရန်ကုန်-မော်လမြိုင်- ရန်ကုန်နေ့ချင်းပြန် စတင်ပြေးဆွဲမည်ဖြစ်ပါကြောင်း၊ စီမံချက်ထဲတွင် အောင်မြင်သည့် လုပ်ငန်းစဉ်တစ်ခုဟု ပြော၍ရပါကြောင်း၊ နေပြည်တော်-ရန်ကုန် တိုးချဲ့ရန် ဆောင်ရွက်နေပါကြောင်း။
နိုင်ငံတော်သမ္မတရုံး သတင်းနှင့် ပြန်ကြားရေးဗျူရိုကို PPIB ဟု ခေါ်ပါကြောင်း၊ ယင်းကို မိတ်ဆက် ရသည့် ရည်ရွယ်ချက်နှစ်ခုရှိပါကြောင်း၊ ပထမတစ်ခုမှာ Website ထဲတွင် သတင်းမှန်များဖော်ပြပေးလျက်ရှိပါကြောင်း၊ PPIB နှင့်ပတ်သက်၍ Website၊ Telegram၊ YouTube၊ TikTok တို့ရှိပါကြောင်း၊ လေးခုစလုံးစတင်လည်ပတ်နေပြီဖြစ်ပါကြောင်း၊ သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ ရယူနိုင်ပါကြောင်း၊ ည ၆ နာရီ၊ ၇ နာရီ၊ ၈ နာရီ သတင်းအထိ စောင့်စရာမလိုဘဲ ခရီးစဉ်နှင့် ပတ်သက်ပါကလည်း ဆောင်ရွက်နေစဉ် ကာလ အတွင်း သတင်းများကို တင်ဆက်ပေးနေပါကြောင်း။
မိမိအနေဖြင့် မေးမြန်းလာသည့် မေးခွန်းများကို မြန်မြန်ဖြေနိုင်သည့် ကိစ္စဖြစ်ပါက ချက်ချင်းဖြေပေးမည်ဖြစ်ပြီး အချက်အလက်စုဆောင်းရမည့်ကိစ္စဆိုပါက အချက်အလက်စုဆောင်းပြီး ပြန်လည် ဖြေကြားပေးမည်ဖြစ်ပါကြောင်း။
သတင်းထုတ်ပြန်ရေးနှင့်ပတ်သက်၍ နှစ်ဖွဲ့ရှိပါကြောင်း၊ တစ်ဖွဲ့မှာ နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ရေးအဖွဲ့ ဖြစ်ပါကြောင်း၊ သမ္မတကြီး၏ မူဝါဒ၊ နိုင်ငံတွင် ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ စီမံကိန်းများ၊ နိုင်ငံတော်အဆင့်ကိစ္စရပ်များ သိရှိလိုပါက မိမိအား ဆက်သွယ်ပြီး မေးမြန်းနိုင်ပါကြောင်း၊ ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များနှင့် အခြားသိလိုသည့် အကြောင်းအရာများကို သိရှိလိုပါက ပြည်ထောင်စုအစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့ရှိပြီး ယင်းအဖွဲ့သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသည့် ပြည်တွင်း/ ပြည်ပသတင်းဌာနများမှ မေးမြန်းသည့် မေးခွန်းများ နှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
နေပြည်တော် မှုခင်းနှင့် သတင်းစုံဂျာနယ်မှ ဦးမင်းမောင်က တနင်္သာရီတိုင်းဒေသကြီးအတွင်း တွေ့ရှိထားသော ကမ္ဘာတွင် ဒုတိယအကြီးဆုံး သဘာဝဓာတ်ငွေ့သိုက်ကြီးကို မည်သည့်အချိန်တွင် မည်သည့်နိုင်ငံများနှင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်အခြေအနေနှင့်စပ်လျဉ်းသည့် မေးခွန်းကို ဖြေကြားရာတွင် သတင်းစာများ၌လည်း ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ လေ့လာဆဲဖြစ်ပြီး မည်သူနှင့်ဆောင်ရွက်မည်ကို မသိရသေးကြောင်း၊ ရှာဖွေတွေ့ရှိပြီး Test လုပ်နေသည့် အဆင့်သာ ရှိသေးကြောင်း၊ ဘယ်လောက်ထွက်ရှိနိုင်မည်ကို တရားဝင်ကြေညာခဲ့ပြီး ထွက်နိုင်ခြေရှိသည့် Feasi-bility Study အနေအထားသာ ရှိပါသေးကြောင်း၊ Test Run အဆင့်သာရှိသေးပြီး အသေးစိတ်အချက် အလက်များသိရသည့်အချိန်တွင် နိုင်ငံနှင့် ပြည်သူများ၏ အကျိုးစီးပွားဖြစ်သည့်အတွက် အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
မြန်မာသံတော်ဆင့်ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်စွာဝင်းက နိုင်ငံတော်သမ္မတကြီး၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း ပညာရေးကဏ္ဍနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည့် အချက်များကို သိရှိလိုခြင်းမေးခွန်းအပေါ် ဖြေကြားရာတွင် နှစ်နိုင်ငံပူးတွဲကြေညာချက်၌ ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ ကျန်းမာရေးနှင့် လူငယ်ရေးရာကိစ္စရပ်များ၌ ပိုမိုပူးပေါင်းဆောင်ရွက် သွားရန်၊ အစိုးရအချင်းချင်း (G2G) လက်မှတ်ရေးထိုးခဲ့သည့်အစီအစဉ်များထဲတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို ရေးထိုးခဲ့ပါကြောင်း၊ အာကာသယာဉ်စေလွှတ်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် ဆွေးနွေးခဲ့သကဲ့သို့ အာကာသပညာရပ်ဆိုင်ရာ ဘာသာရပ်များကို လေ့လာနိုင်ရန်အတွက် ကျောင်းသား ကျောင်းသူများကို စေလွှတ်မည့်ကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါကြောင်း၊ တရုတ်နိုင်ငံသည် AI ကဏ္ဍတွင် အလွန်ဖွံ့ဖြိုးတိုးတက်နေသောကြောင့် နိုင်ငံတော်သမ္မတကိုယ်တိုင် AI နည်းပညာကဏ္ဍတွင် မြန်မာနိုင်ငံနှင့် အထူးပူးပေါင်းဆောင်ရွက်ပေးရန် ဆွေးနွေးခဲ့ကြောင်း၊ ထို့ပြင် အဆင့်မြင့်နည်းပညာရပ်များ သင်ယူနိုင်ရန်အတွက် ပညာသင်များစေလွှတ်သွားမည့် အစီအစဉ်လည်းပါဝင်ကြောင်း ဖြေကြားသည်။
ဆင်ဟွာသတင်းဌာနမှ သတင်းထောက် ဒေါ်အိမွန်ကျော်၏ မြန်မာနိုင်ငံအနေဖြင့် လက်ရှိ တရုတ်-မြန်မာဆက်ဆံရေးအပေါ် ဘယ်လို မြင့်မားသည့် မဟာဗျူဟာအမြင်က ရှုမြင်ပြီး မည်သို့တိုးတက်အောင် ဆောင်ရွက်နေမှုနှင့်စပ်လျဉ်းသည့် မေးခွန်းကို ဖြေကြားရာတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် နှစ်ပေါင်းများစွာ ချစ်ကြည်ရင်းနှီးစွာ အတူတကွ ချစ်ချစ်ခင်ခင် နေထိုင်လာခဲ့သည့် အိမ်နီးနားချင်းကောင်း နိုင်ငံတစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅) ရပ်ကို လက်ကိုင်ထားပြီး အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ပိုမိုခိုင်မာအောင် ဆက်လက် လုပ်ဆောင်နေသကဲ့သို့ ခရီးစဉ်တွင်လည်း အေးအတူပူအမျှ အသိုက်အဝန်းထူထောင်ရန် နှစ်ဖက်သဘော တူညီခဲ့ကြကြောင်း၊ တရုတ်နိုင်ငံက ဦးဆောင်သည့် Global Initiatives များတွင် မြန်မာနိုင်ငံအနေဖြင့် အပြည့်အဝပူးပေါင်းပါဝင် ဆောင်ရွက်နေပြီး ယင်းသည် နှစ်နိုင်ငံအကြား ရေရှည်စီမံကိန်းအတွက် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း၊ GDI,GSI အပါအဝင် သဘောတူညီချက် စာလွှာ (၄) ခုစလုံးတွင် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း၊ ယင်းသည် တရုတ်နိုင်ငံ၏ Multi-polar World Order အစီအစဉ်တွင် မြန်မာနိုင်ငံက အစိတ် အပိုင်းတစ်ခုအဖြစ် ပါဝင်နေခြင်းကို ပြသနေခြင်း ဖြစ်ကြောင်း။
ထို့ပြင် SCO ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်း များတွင်လည်း မြန်မာနိုင်ငံ၏ အခန်းကဏ္ဍကို အဆင့်မြှင့်တင်ရန်နှင့် ပူးပေါင်းပါဝင်နိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ တစ်ဆင့်ချင်း သတင်းထုတ်ပြန်မှုများကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ One China Policy ကို အပြည့်အဝထောက်ခံသည်ကို ထပ်လောင်းအတည်ပြုပြောကြားခဲ့ကြောင်း။
BRI နှင့် CMEC စီမံကိန်းများသည် မြန်မာနိုင်ငံ အတွင်းမှဖြတ်၍ တရုတ်နိုင်ငံ အနောက်ဘက် ထွက်ပေါက် အိန္ဒိယသမုဒ္ဒရာနှင့် အာဖရိကတိုက်သို့ သွားရန် အတိုဆုံးလမ်းကြောင်းဖြစ်သောကြောင့် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် အရေးပါသည့် နေရာတစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံသည် နယ်စပ်ဒေသနှင့်ပတ်သက်၍ တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းစဉ်များနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် များစွာအထောက်အကူပြုနိုင်သည့် အနေအထားတွင် ရှိပါကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံအပြန်အလှန် ပူးပေါင်းဆောင်ရွက်မှသာ နှစ်နိုင်ငံ၏ ရည်မှန်းချက်ပန်းတိုင်များကို အောင်မြင်စွာရောက်ရှိ နိုင်မည်ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံနှင့် ဆွေမျိုး ပေါက်ဖော်ချစ်ကြည်ရေး၊ သံတမန်ဆက်ဆံရေး ၇၆ နှစ်၊ အေးအတူပူအမျှ အသိုက်အဝန်း၊ မြန်မာနိုင်ငံအပေါ်ထားရှိသည့် သဘောထားနှင့် ပတ်သက်၍ အဓိက (၂) ချက်ဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဟု တရုတ်နိုင်ငံသမ္မတကြီးကိုယ်တိုင်နှင့် ဝန်ကြီး ချုပ်တို့က ကတိပြုပြောကြားခဲ့ပါကြောင်း၊ ထို့ပြင် ကုလသမဂ္ဂ၊ အာဆီယံမျက်နှာစာတွင် မြန်မာနိုင်ငံ ကို နိုင်ငံတကာတွင် တန်းတူရည်တူ ညီမျှစွာ ပါဝင် နိုင်ရေးအတွက် တရုတ်နိုင်ငံဘက်မှ အစဉ်တစိုက် ကူညီဆောင်ရွက်သွားမည်ဖြစ်ပြီး ခိုင်ခိုင်မာမာ ထောက်ခံရပ်တည် ပေးသွားမည်ဖြစ်ကြောင်းကို အလေးအနက် ပြောကြားခဲ့ကြောင်း၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ခွဲခြား၍မရဘဲ အတူတကွ ပူးပေါင်းဆောင်ရွက်ပြီး ရည်မှန်းချက်ချင်း အတူတူသွားနေသည့် မဟာဗျူဟာမြောက် တရုတ်-မြန်မာ ဆက်ဆံ ရေးအဆင့်ဖြစ်ကြောင်း ဖြေကြားသည်။
Myanmar Transparency News သတင်းအေဂျင်စီမှ အကြီးတန်းသတင်းထောက် ဦးကြည်နိုင်က မြစ်ဆုံစီမံကိန်းပြန်လည်လုပ်ဆောင်ရန် ကချင်ပြည်နယ်တွင် ဆွေးနွေးပွဲများ ဆောင်ရွက်နေပြီး ဆက်လက်လုပ်ဆောင်မည်ဆိုပါက ပြည်သူလူထု၏ စိုးရိမ်မှုများအပေါ် မည်သို့ဆောင်ရွက်သွားမည်ဆိုသည့် မေးခွန်းနှင့်စပ်လျဉ်း၍ ခရီးစဉ်အတွင်း မြစ်ဆုံ စီမံကိန်းပြန်စရန် ဆွေးနွေးခဲ့သည်များရှိပါကြောင်း၊ မိမိတို့နိုင်ငံ၏ ရည်မှန်းချက်၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၏ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းက ၂၀၃၀ တွင် ၁၀၀ ရာခိုင်နှုန်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်မီးရရှိရန် ရည်မှန်းဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းစီမံကိန်းက ယခုမှလုပ်ဆောင်ခြင်းမဟုတ်ကြောင်း၊ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတကြီးက မြစ်ဆုံစီမံကိန်းကို ယခင်ကတည်းက အကောင်အထည်ဖော်နိုင်ခဲ့မည်ဆိုပါက ယခုအချိန်တွင် တစ်နိုင်ငံလုံး မီးထိန်ထိန်လင်း နေမည်ဖြစ်ပြီး မီးလင်းခြင်းနှင့်အတူ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည်ဟု ပြောကြားခဲ့ကြောင်း။
မြစ်ဆုံစီမံကိန်းဆောင်ရွက်ရန် နေရာခုနစ်ခုရှိပြီး ဧရာဝတီမြစ်ဆုံ မြစ်ညာမြစ်ဝှမ်းစီမံကိန်း တစ်ခုတည်းကို မဂ္ဂါဝပ် ၅၆၀၀ ထွက်ရှိမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအတွက် မဂ္ဂါဝပ်တစ်သောင်းကျော် လိုအပ်သည့်အတွက် ကျန်သည့်ခြောက်ခုနှင့် ပေါင်းပါက မိမိတို့နိုင်ငံအတွက် ရာနှုန်းပြည့် လျှပ်စစ်မီးရရှိ ရေး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
ပြည်သူများ၏ စိုးရိမ်ပူပန်မှုများရှိသကဲ့သို့ နိုင်ငံတော်သမ္မတကြီးကလည်း စိုးရိမ်ပူပန်ပါကြောင်း၊ ထို့ကြောင့် စီမံကိန်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတကြီး ယာယီသမ္မတ တာဝန်ယူထား စဉ်ကာလက ဒေသခံပြည်သူများ သဘောမတူပါက စီမံကိန်းအောင်မြင်ရန် မလွယ်ကူကြောင်း၊ ဒေသခံပြည်သူများ၏ သဘောထားရယူရန် လမ်းညွှန်ခဲ့ပါကြောင်း၊ သက်ဆိုင်ရာဒေသခံကော်မတီများ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ၂၀၂၆ ဇန်နဝါရီလ တွင် ၂၄ ဦးနှင့် ဖွဲ့စည်းပြီး ဒေသခံပြည်သူလူထုနှင့် မြေပြင်တွင် တွေ့ဆုံဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆွေးနွေးပွဲရလဒ်များ ထွက်ရှိခဲ့ပြီး မထုတ်ပြန်ရသေးပါကြောင်း၊ ဆွေးနွေးပွဲရလဒ်များကို အကျဉ်းချုပ်ပြီး ပြောရမည်ဆိုပါက ဆွေးနွေးခဲ့သူများ အားလုံးက လျှပ်စစ်မီးလိုချင်ကြကြောင်း၊ ဒေသခံများအားလုံးလည်း လျှပ်စစ်မီးလိုချင်ကြောင်း။
သို့သော် ဒေသခံတချို့တွင် သတင်းအမှားများ ရရှိနေကြောင်း၊ စီမံကိန်းဆောင်ရွက်လိုက်ပါက ယင်းစီမံကိန်းဝန်းကျင်ရှိ ဒေသခံများ၏ အသက် အိုးအိမ်စည်းစိမ်များအတွက် စိုးရိမ်ပူပန်မှုများ ရှိပါကြောင်း၊ ယင်းအတွက် ကောင်းကျိုးဆိုးကျိုး မည်မျှဖြစ်နိုင်သည်ကို မိမိတို့အသေးစိတ် ဆန်းစစ်လေ့လာနေကြောင်း၊ စီမံကိန်းတိုင်းတွင် အကောင်း၊ အဆိုး ရှိနိုင်သည့်အတွက် Check and Balance လုပ်ပြီး အကောင်းရာခိုင်နှုန်းများပါက စီမံကိန်းကို အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယင်းစီမံကိန်းသည် အကြမ်းဖျင်းအားဖြင့် ကောင်းကျိုးများစွာရှိသကဲ့သို့ ဆိုးကျိုးလည်း အနည်းငယ်ရှိနိုင်ပါကြောင်း၊ ရှိနိုင်သည့်ဆိုးကျိုးကိုလည်း အကောင်းဆုံးနှင့် အနည်းဆုံးဖြစ်အောင် ပညာရှင်များဖြင့် တွက်ချက်ပြီး တရားဝင်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
(ဆက်လက်ဖော်ပြပါမည်)
