Skip to main content

နိုင်ငံတည်ဆောက်ရေးအတွက် အဖိုးတန်အင်အား

၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ ဒသမ ၄ သန်းရှိပြီး အမျိုးသား ၄၇ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၅၃ ရာခိုင်နှုန်းရှိရာ အမျိုးသမီးအချိုးအစား ပိုမိုများပြားသည်။ မြန်မာ့ထုံးတမ်းအစဉ်အလာအရ မြန်မာအမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူလူ့အခွင့်အရေးများကို သာတူညီမျှ ရရှိခံစားနေကြရစေကာမူ စာတတ်မြောက်မှု၊ လုပ်သားအင်အားပါဝင်မှုစသည်တို့တွင် အမျိုးသမီးဦးရေသည် အမျိုးသားဦးရေအောက် လျော့နည်းလျက်ရှိသည်။ နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်ရှိသော အမျိုးသမီးများသည် နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာတွင် ကြီးမားသည့်အင်အားဖြစ်သည့်အလျောက် အမျိုးသမီးများ ဘက်စုံ၊ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် အရေးကြီးသည်။

လာမည့် ဇူလိုင် ၃ ရက်နေ့သည် မြန်မာနိုင်ငံတစ်ဝန်းတွင် နေထိုင်ကြသည့် မြန်မာအမျိုးသမီးများအားလုံးအတွက် ထူးခြားလေးနက်သော “မြန်မာအမျိုးသမီးများနေ့”ပင် ဖြစ်သည်။ ၁၉၉၅ ခုနှစ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် ကျင်းပခဲ့သည့် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံမှ ထုတ်ပြန်ခဲ့သော ပေကျင်းကြေညာစာတမ်းတွင် လုပ်ငန်းနယ်ပယ်အသီးသီးတွင်ရှိသော အမျိုးသမီးများအားလုံး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတိုင်းတွင် အမျိုးသမီးကော်မတီများ ဖွဲ့စည်းရန်ဟူသော အချက်ပါရှိသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် အမျိုးသမီးများအားလုံး ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စွမ်းဆောင်ရည်မြင့်မားရေးတို့အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး အမျိုးသမီးရေးရာကိစ္စများကို အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။ သို့ဖြစ်ရာ နိုင်ငံနှင့် ပြည်သူအတွက် စွမ်းဆောင်ရည်မြင့်မားသော မြန်မာအမျိုးသမီးများကို ဂုဏ်ပြုသောအားဖြင့် ၁၉၉၈ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့မှစကာ နှစ်စဉ် မြန်မာအမျိုးသမီးများနေ့အခမ်းအနားများ ကျင်းပလျက်ရှိသည်။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ အမျိုးသားများ၏ စာတတ်မြောက်မှုနှုန်းသည် ၉၃ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး အမျိုးသမီးများ၏ စာတတ်မြောက်မှုနှုန်းမှာ ၉၀ ဒသမ ၉ ရာခိုင်နှုန်းဖြစ်ရာ အမျိုးသားများ၏ စာတတ်မြောက်မှုနှုန်းအောက် လျော့နည်းလျက်ရှိသည်။ အသက် ၁၅ နှစ်နှင့်အထက် လူဦးရေ လုပ်သားအင်အားပါဝင်မှုတွင် အမျိုးသား ၆၃ ဒသမ ၈ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၃၄ ဒသမ ၁ ရာခိုင်နှုန်းဖြစ်ရာ ကျား/မ ကွာဟမှုမြင့်မားလျက်ရှိသည်။ အလုပ်လက်မဲ့နှုန်းတွင် အမျိုးသမီး ဝ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး အမျိုးသား ဝ ဒသမ ၆ ရာခိုင်နှုန်းရှိရာ အမျိုးသမီးအလုပ်လက်မဲ့နှုန်းက ပိုမိုများပြားလျက်ရှိသည်။ မြန်မာနိုင်ငံတွင် အရွယ်ရောက်ပြီးသူ ၄၇ ဒသမ ၂ ရာခိုင်နှုန်းသည် အလုပ်လုပ်ကိုင်လျက်ရှိရာ ကျား/မ ကွာခြားမှုမြင့်မားပြီး အမျိုးသမီးများ၏ လုပ်သားအင်အားပါဝင်မှုသည် အသက်အရွယ်အစောပိုင်းမှပင်စတင်၍ ကျဆင်းလာခြင်းဖြစ်သည်ဟု သန်းခေါင်စာရင်းအချက်အလက်များက ပြဆိုနေသည်။

မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူများ၏ ၃၆ ဒသမ ၆ ရာခိုင်နှုန်းသည် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နေကြသူများဖြစ်ပြီး ပုဂ္ဂလိက/ အဖွဲ့အစည်းများတွင် လုပ်ကိုင်သူ ၃၁ ဒသမ ၉ ရာခိုင်နှုန်းရှိရာ ကျား/မ ကွာခြားမှုနည်းသည်။ အစိုးရဝန်ထမ်း ၈ ဒသမ ၃ ရာခိုင်နှုန်းရှိရာတွင် အမျိုးသမီးဝန်ထမ်းက အမျိုးသားဝန်ထမ်းထက် အနည်းငယ်ပိုများသည်။ အခကြေးငွေမရသော မိသားစုဝင် လုပ်သား/ မိသားစုလုပ်ငန်းတွင် လုပ်ကိုင်သူ ၈ ဒသမ ၇ ရာခိုင်နှုန်းရှိရာတွင် အမျိုးသမီး ၁၁ ဒသမ ၉ ရာခိုင်နှုန်းသည် အမျိုးသား ၆ ဒသမ ၆ ရာခိုင်နှုန်းထက် သိသာစွာပိုများပြားနေသည်။ ခြုံ၍ပြောရလျှင် မြန်မာအမျိုးသမီးဦးရေ၏ ၃၃ ရာခိုင်နှုန်းသာ အလုပ်လုပ်ကိုင်နေကြပြီး သုံးပုံနှစ်ပုံမှာ လုပ်သားအင်အားတွင် မပါဝင်သူများဖြစ်နေသည်။

အထက်ပါ ကိန်းဂဏန်းအချက်အလက်များအရ အမျိုးသမီးများ စာတတ်မြောက်ရေး၊ အမျိုးသမီးငယ်များ ပညာသင်ယူမှုကို အားပေးမြှင့်တင်ရေး၊ ပညာရေးအားနည်းသူ အမျိုးသမီးများအား ခေတ်မီအသက်မွေးဝမ်းကျောင်းပညာရပ်များကို ပိုမိုသင်ကြားပေးရေး၊ အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုတိုးတက်ရရှိလာစေရန် ဆောင်ရွက်ပေးရေးတို့ လိုအပ်လျက်ရှိသည်ကို တွေ့ရှိနိုင်သည်။

မြန်မာအမျိုးသမီးတို့အနေဖြင့် စာတတ်မြောက်ရေး၊ ပညာသင်ယူမှုအခွင့်အရေး၊ အသက်မွေးဝမ်းကျောင်းပညာများ သင်ယူနိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးတို့တွင် မိမိတို့၏အခွင့်အရေးများကို မိမိတို့ကိုယ်တိုင်ကလည်း ရယူနိုင်ကြရန် အားထုတ်ဆောင်ရွက်ကြဖို့လိုသည်။ မိမိတို့မိသားစု၊ မိမိလူ့အဖွဲ့အစည်းတွင် စွမ်းဆောင်ရည်ရှိသူအဖြစ် မိမိကိုယ်ကို ကြိုးပမ်းဖြည့်ဆည်းကာ နိုင်ငံတော်တည်ဆောက်ရေးအတွက် အဖိုးတန်အင်အား သမီးကောင်းရတနာများ ဖြစ်ကြပါစေကြောင်း။ ။