Skip to main content

နိုင်ငံတကာဆက်ဆံရေးကောင်းမွန် မူလအခြေအနေထက် သာလွန်

မြန်မာနိုင်ငံသည် လွတ်လပ်၍ တက်ကြွသော ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိသည်။ ဒေသတွင်းနိုင်ငံများနှင့် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်လျက်ရှိသည်။ နိုင်ငံတကာနှင့် မိတ်ဝတ်မပျက်ဆက်ဆံလျက်ရှိသည်။ အိမ်နီးချင်းနိုင်ငံများနှင့် အေးအတူပူအမျှ လက်တွဲဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် အိမ်နီးချင်းအိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးရပ်နှင့်အညီ ထိတွေ့ဆက်ဆံထားသည်။ နိုင်ငံတကာဆက်ဆံရေးတွင် ယင်းတို့ကို အခြေခံပြီး ဆက်ဆံလျက်ရှိသောကြောင့် မြန်မာနိုင်ငံ၏ အနာဂတ်သည် အလွန်ကောင်းမွန်သောအခြေအနေရှိသည်။

နိုင်ငံအချင်းချင်းဆက်ဆံရေးနှင့်ပတ်သက်၍ သံတမန်ဆက်ဆံရေး၊ နိုင်ငံ့ခေါင်းဆောင်များဆက်ဆံရေး၊ အစိုးရအချင်းချင်းဆက်ဆံရေး၊ ပြည်သူအချင်းချင်း ဆက်ဆံရေးတို့ရှိရာ နယ်ပယ်အသီးသီးတွင် ကောင်းမွန်တိုးတက်မှုများရှိလာသည်။ မြန်မာနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးမူဝါဒနှင့် စိတ်ရင်းစေတနာ မှန်ကန်မှုများကြောင့် တိုးတက်မှုအပေါင်းရလဒ်များ ယခင်ထက်ပိုမိုဆောင်ကြဉ်းလာနိုင်သည်ကို တွေ့ရမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံသည် ကမ္ဘာ့လူဦးရေအများဆုံး သန်း ၁၄၀၀ ကျော်ရှိ၍ တရုတ်နိုင်ငံသည် လူဦးရေ သန်း ၁၄၀၀ ကျော်ဖြင့် ဒုတိယအများဆုံးဖြစ်ပြီး စစ်ရေး၊ စီးပွားရေး၊ နည်းပညာအင်အားကြီးနိုင်ငံကြီးများဖြစ်သည်။ နိုင်ငံကြီးများနှင့် ဆက်ဆံနိုင်ခြင်းသည် နိုင်ငံတကာဆက်ဆံရေး၊ သံတမန်ဆက်ဆံရေးနှင့် နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးအရ အောင်မြင်မှုများပင်ဖြစ်သည်။

အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံအားလုံးနှင့် အေးအတူပူအမျှ အသိုက်အဝန်းကို ဖော်ဆောင်လျက်ရှိသည်။ နိုင်ငံတော်အစိုးရသစ် သမ္မတတာဝန်စတင်ယူသည်နှင့် အိန္ဒိယသမ္မတနိုင်ငံ သမ္မတကြီး၏ ဖိတ်ခေါ်မှုအရ မေ ၃၀ ရက်မှ ဇွန် ၃ ရက်အထိ ငါးရက်တာခရီးသွားရောက်ခဲ့ပြီး အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီ၊ အိန္ဒိယနိုင်ငံသမ္မတ၊ အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ပညာရေး၊ နည်းပညာ၊ ကျန်းမာရေး၊ နယ်စပ်ဒေသအရေး၊ ဆေးဝါး၊ မူးယစ်ဆေးဝါး၊ ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးစသည့် ကဏ္ဍပေါင်းစုံတို့ကို ဆွေးနွေးနိုင်ခဲ့သည်။ နှစ်နိုင်ငံစီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးတွင် သဘောတူညီချက်များစွာရရှိခဲ့ပြီး နယ်စပ်ဒေသတည်ငြိမ်ရေး၊ လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် သဘောတူညီမှုများ ရရှိခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီး မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတကြီး ဦးဆောင်သည့် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်ကို ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ ငါးရက်ကြာသွားရောက်ခဲ့ရာ ခရီးစဉ်အတွင်း သမ္မတကြီး မစ္စတာရှီကျင့်ဖျင်၊ ဝန်ကြီးချုပ် မစ္စတာလီချန်း၊ တရုတ်အမျိုးသားကွန်ဂရက်ဥက္ကဋ္ဌ မစ္စတာကျောက်လဲ့ကျိနှင့် ဒေသဆိုင်ရာ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ဂုဏ်ယူစရာခရီးစဉ်အတွင်း တရုတ်-မြန်မာ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အလေးထားဆွေးနွေးခဲ့သည်။ လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေး၊ နယ်စပ်ဒေသ အမြန်ဆုံးတည်ငြိမ်အေးချမ်းရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ထိရောက်စွာ ဆွေးနွေးညှိနှိုင်းသဘောတူညီခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ မစ္စတာထောင်လွန်းဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် (State Visit) ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည်ဖြစ်သည်။ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် လာအိုနိုင်ငံသမ္မတနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲများ ပြုလုပ်ခြင်းနှင့် လာအိုနိုင်ငံ ဝန်ကြီးချုပ်၊ လာအိုနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေးခြင်းတို့အပြင် ပြည်နယ်အကြီးအကဲများကိုလည်း လက်ခံတွေ့ဆုံသွားမည်ဖြစ်သည်။ ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေးကိစ္စရပ်များ၊ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြမည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးတွင် ယခင်ကထက် ပိုမိုတိုးတက်ကောင်းမွန်လာအောင် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံအချင်းချင်း သံတမန်ဆက်ဆံရေး၊ နိုင်ငံ့ခေါင်းဆောင်များဆက်ဆံရေး၊ အစိုးရအချင်းချင်းဆက်ဆံရေး၊ ပြည်သူအချင်းချင်းဆက်ဆံရေးစသည့် နယ်ပယ်အသီးသီးတွင် တိုးတက်ကောင်းမွန်မှုများ ရှိလာခဲ့ပြီဖြစ်ရာ မြန်မာနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးမူဝါဒနှင့် စိတ်ရင်းစေတနာ မှန်ကန်မှုများကြောင့် တိုးတက်မှုအပေါင်းရလဒ်များ ယခင်ထက် ပိုမိုဆောင်ကြဉ်းပေးနိုင်တော့မည်ဖြစ်ပါကြောင်း။ ။