Skip to main content

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ ကျင်းပ

နေပြည်တော် ဇူလိုင် ၁

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် သောက်သုံးရေရရှိရေး၊ မြို့ပေါ်ရပ်ကွက်များ ရေလွှမ်းမိုးမှု ကာကွယ်ရန် မြစ်ကြောင်းတစ်လျှောက် သဲနုန်းတူးဖော်ခြင်းနှင့် တာပေါင်မြှင့်တင်ပေးနိုင်ရေး၊ ဆည်ပြန်လည်ပြုပြင်ပေးနိုင်ရေး၊ ရေလှောင်ကန်နှင့် စပ်လျဉ်းသည့် ကျန်ရှိလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး၊ ကျေးရွာများ လျှပ်စစ်မီး၊ ထရန်စဖော်မာများ၊ လမ်းဘေးဝဲယာ ဆိုလာမီးသီးများတပ်ဆင်ပေးနိုင်ရေး၊ လျှပ်စစ်ဓာတ်အားခွဲရုံ အဆင့်မြှင့်တင်ပေးနိုင်ရေးတို့နှင့်စပ်လျဉ်း၍ မေးခွန်း ၁၂ ခု မေးမြန်းဖြေကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။

ကျွန်းလှမဲဆန္ဒနယ်မှ ဦးစိုးကျော်နိုင်၏ ကျွန်းလှမြို့တွင် သောက်သုံးရေရရှိရေးအတွက် နိုင်ငံတော်အစိုးရမှ ပံ့ပိုးကူညီပေးရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က သဖန်းဆိပ် ရေလှောင်တမံတည်ဆောက်ခဲ့စဉ်က ကျွန်းလှမြို့သစ်ကို ၁၉၉၆ ခုနှစ်၌ ရွှေ့ပြောင်းတည်ဆောက်ခဲ့ပြီး မိုးတွင်းကာလ၌ ရေကြီးရေလျှံမှု ကာကွယ်ရန်နှင့် မြို့ရေပေးဝေရေးလုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် ကျွန်းလှမြို့နယ်အနီးရှိ ဘိုယားချောင်းကိုပိတ်၍ ဘိုယားတမံ (၁) နှင့် (၂) တို့ကို တည်ဆောက်ပေးခဲ့ပါကြောင်း။

ဘိုယားတမံ (၁) နှင့် (၂) ၏ကန်ရေပြည့် ရေလှောင်ပမာဏ ၈၁၀ ဧကပေ၊ (ရေဂါလန် ၂၂၀ သန်းခန့်) ရှိသည့်အနက် အသုံးပြုနိုင်သည့်ရေပမာဏမှာ ရေဂါလန် သန်း ၂၀၀ ဖြစ်ပါကြောင်း၊ မြို့နေလူထု၏ အဓိကရေသုံးစွဲမှုမှာ မြေအောက်ရေမှ ထုတ်ယူသုံးစွဲခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ယခုကာလတွင် နယ်မြေအခြေအနေများကြောင့် လျှပ်စစ်မီးမရရှိသည့်အခြေအနေကြောင့် ထုတ်ယူသုံးစွဲရန် အခက်အခဲဖြစ်ပေါ်သည့်အတွက် ဘိုယားတမံ (၁) မှ ရေကို ပြောင်းလဲသုံးစွဲခဲ့ရပါကြောင်း။

ထိုသို့သုံးစွဲနိုင်ရေးအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ဆည်ရေကို ဘိုယားတမံ (၁) အခြေရှိ ရေငြိမ်ကန်သို့ ရေဖြည့်တင်းပေးပြီး ကျွန်းလှမြို့နယ် စည်ပင်သာယာရေးကော်မတီမှ မြို့နေလူဦးရေ ၂၄၀၀ ခန့်အတွက် ရေဂါလန် ၆၀၀၀၀ ခန့် နေ့စဉ်ဖြန့်ဖြူးပေးခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိအခြေအနေအရ ကျွန်းလှမြို့ပေါ်ရပ်ကွက်ကြီး ၄ ခုရှိ လူဦးရေ ၁၄၄၁၈ ဦး အနက် ၂၄၀၀ အတွက်သာ ရေပေးဝေနိုင်သဖြင့် ရေလုံလောက်စွာပေးဝေနိုင်ရန်အတွက် သိုလှောင်ပမာဏ ဂါလန် ၄၅၀၀၀ ရှိသော ရေငြိမ်ကန်တစ်လုံး တည်ဆောက်ခြင်းနှင့် တမံအတွင်းမှ ရေငြိမ်ကန်သို့ ရေဖြည့်ပေးသည့် ရေတံခါးပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း။

အဆိုပါလုပ်ငန်းအတွက် လိုအပ်ရန်ပုံငွေကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေ (သို့မဟုတ်) သင့်လျော်ရာ ရန်ပုံငွေတွင် တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

လွိုင်ကော်မဲဆန္ဒနယ်မှ ဦးမောင်ရွှေ၏ ကယားပြည်နယ် လွိုင်ကော်မြို့ပေါ်ရပ်ကွက်များအား ရေလွှမ်းမိုးမှုမှ ကာကွယ်ရန် ဘီလူးချောင်းဘေးမှ ရေတားတာပေါင်ပြုလုပ်ပေးပါရန်နှင့် ရှိပြီးသားတာပေါင်အား ပြန်လည်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင် နှစ်စဉ်မိုးများ၍ ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ဘီလူးချောင်းကမ်းဘေး အနိမ့်ပိုင်းရပ်ကွက်များ နှစ်စဉ်ရေလွှမ်းမိုးမှုဒဏ်ခံရလေ့ရှိပြီး ရေဝင်ရောက်လွှမ်းမိုးမှုကို ကာကွယ်ရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်နယ်ရန်ပုံငွေဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေနီကန် ကျေးရွာနှင့် သတ္တပလူကျေးရွာအနီး ဘီလူးချောင်းအတွင်းရှိ သဲနုန်းများနှင့် ဒိုက်ပင်၊ ကိုင်းပင်များအား တူးဖော်ဖယ်ရှားခြင်းလုပ်ငန်း ၂ ခု၊ ကန္တာရဝတီတံတားမှ နမ့်ကွတ်ရေစီးကွေ့အတွင်း ဘီလူးချောင်းဘေး မြေနိမ့်နေရာအား ကျောက်ရောမြေဖြင့် ပေါင်မြှင့်တင်ခြင်းနှင့် ရေဆိုးထုတ်မြောင်းနေရာ ၅ နေရာအား ရေတံခါးတည်ဆောက်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း။

ဘီလူးချောင်းကမ်းပါးဘေး ထပ်မံ၍ လိုအပ်သော နေရာများဖြစ်သည့် ရှမ်းစုရပ်ကွက်၊ နန္ဒာလမ်း ကျောက်စီရေတားတာပေါင်နှင့် လျှောက်လမ်းပြုလုပ်ခြင်း အလျား ပေ ၄၃၀ (မြဝတီလမ်းမှ ရှုမဝလမ်းအထိ)၊ ဒေါဥခူရပ်ကွက်၊ ကမ်းနားလမ်းကျောက်စီရေတားတာပေါင်နှင့် လျှောက်လမ်းပြုလုပ်ခြင်း အလျားပေ ၁၀၆၀ (ကျွန်းတောလမ်းမှ ဒွေးမယ်နော်လမ်းအထိ) တို့အား ဘဏ္ဍာရေးနှစ်အလိုက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

သုံးခွမဲဆန္ဒနယ်မှ ဦးအောင်ကျော်မင်း၏ သုံးခွမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များ၌ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် လက်ရှိရေပေးဝေမှုစနစ်အား ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်း (သို့မဟုတ်) အနီးဆုံးဆည်/ တမံမှ ရေရယူဖြန့်ဝေပေးရန် စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့တွင် ရပ်ကွက် ၁၂ ရပ်ကွက်၊ အိမ်ထောင်စု ၇၄၆၈ စု၊ လူဦးရေ ၂၇၇၈၈ ဦး နေထိုင်လျက်ရှိပြီး တစ်နှစ်သောက်သုံးရေလိုအပ်ချက်မှာ ၁၆၈ ဒသမ ၈၁ ဂါလန်သန်းဖြစ်ပါကြောင်း၊ သုံးခွမြို့နယ်အတွင်း သောက်သုံးရေပေးဝေနိုင်ရေးအတွက် ဌာနမှ တည်ဆောက်ထိန်းသိမ်းထားသော ရေလှောင်တမံများ မရှိပါကြောင်း၊ သုံးခွမြို့နှင့် အနီးဆုံးတည်ရှိနေသော ရေလှောင်တမံမှာ ကျောက်တန်းမြို့နယ်ရှိ ဘန့်ဘွေး ကုန်းရေလှောင်တမံဖြစ်ပြီး မြို့နှင့် ၂၅ မိုင်ခန့် ကွာဝေးပါကြောင်း၊ ဘန့်ဘွေးကုန်းရေလှောင်တမံသည် သိုလှောင်ရေပမာဏ ၁၇၃၅ ဧကပေ (ရေဂါလန် ၄၆၉ သန်းခန့်) ရှိပြီး ကျောက်တန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးမြေဧရိယာ ၁၉၂ ဧကကို အကျိုးပြုနိုင်ရန်အတွက် ရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်ပါကြောင်း။

ဘန့်ဘွေးကုန်းရေလှောင်တမံသည် မြို့ပြရေပေးဝေရန်အတွက် ဆောင်ရွက်ထားသော ရေလှောင်တမံမဟုတ်ဘဲ စိုက်ပျိုးရေပေးဝေလျက်ရှိသော ရေလှောင်တမံဖြစ်ပါကြောင်း၊ ရေသယ်ယူရမည့် အကွာအဝေးမှာလည်း များပြားပါသဖြင့် အနီးနားတွင်ရှိသည့် ရေအရင်းအမြစ်ကိုသာ သုံးစွဲရန် သင့်လျော်သည့် အခြေအနေဖြစ်ပါကြောင်း။

သုံးခွမြို့တွင် မြေသားရေလှောင်ကန် ၅၈ ကန်ရှိပြီး တိုးတက်လာသည့်လူဦးရေအတွက် ရေအရင်းအမြစ်များ ထပ်မံလိုအပ်လာမှုအပေါ် နံယောချောင်းပေါ်ရှိ သုံးခွရေတံခါးမှ ရေကို မြို့ပေါ်ရပ်ကွက်အတွင်းရှိ သောက်သုံးရေကန်များသို့ ရေကူဖြည့်တင်းရန်အတွက် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ ၆ လ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့်လည်းကောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးအထိ သုံးခွမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ်ရန်ပုံငွေဖြင့်လည်းကောင်း၊ သုံးခွမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ နှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း။

သို့ဖြစ်ပါ၍ သုံးခွမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များအား ရေပေးဝေနိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ဆည်တမံမှ ရေပေးဝေနိုင်ရန်မှာ ရေသယ်ယူရမည့် အကွာအဝေးများပြားသဖြင့်လည်းကောင်း၊ စိုက်ပျိုးရေပေးဝေနေရသဖြင့် ရေပေးဝေနိုင်မှုပမာဏ ကန့်သတ်ချက်များရှိသောကြောင့်လည်းကောင်း၊ မြို့ရေပေးဝေရေးနှင့်ပတ်သက်၍ လက်ရှိစီမံဆောင်ရွက်လျက်ရှိသော ဌာနမှသာ ဆက်လက်ဆောင်ရွက်ရန် သင့်လျော်ပါကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

တမူးမဲဆန္ဒနယ်မှ ဦးအောင်ကိုလတ်၏ တမူးမြို့ပေါ်ရှိ ကံကြီးဝဆည်ကြီးအား အမြန်ဆုံးပြုပြင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ကံကြီးဝရေလွှဲဆည်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ မြို့မရပ်ကွက်၊ မဟူရာချောင်း(ခေါ်) ပါဟဲချောင်းပေါ်တွင်တည်ရှိပြီး ၂၀၂၅ ခုနှစ် မိုးတွင်းကာလ တောင်ကျချောင်းရေများ စီးဆင်းမှုကြောင့် ကံကြီးဝ ရေလွှဲဆည်အထက်ပိုင်းတွင် သဲနုန်းများပို့ချခဲ့ခြင်း၊ ရေတိုက်စားမှုကြောင့် ရေလျှံထိန်းတာပေါင် အလျားပေ ၁၀၀၀ ခန့် ပျက်စီးခြင်းနှင့် ရေလွှဲဆည်အောက်ပိုင်း ရေငြိမ်ကန် ရေတိုက်စားမှုကြောင့် အောက်ခံကြမ်း ခင်းပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ စိုက်ပျိုး မြေဧရိယာ ၈၃၅ ဒသမ ၂၄ ဧကအား ကောင်းမွန်လုံလောက်စွာ ရေပေးဝေနိုင်ရေးအတွက် ကံကြီးဝ ရေလွှဲဆည် အထက်ပိုင်းတွင် သဲနုန်းတူးဖော်ခြင်း၊ ရေလွှဲဆည်အထက်ပိုင်း ရေလျှံထိန်းတာပေါင်တည် ဆောက်ခြင်း၊ ရေလွှဲဆည်အောက်ပိုင်း ရေငြိမ်ကန်အထွက်ပိုင်းတွင် မျောတုတ်ရိုက် Gabion Box ကျောက်ချခြင်းလုပ်ငန်းများနှင့် အခြားလိုအပ်သော ပြင်ဆင်မှုများဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

သို့ဖြစ်ပါ၍ တောင်သူများစိုက်ပျိုးရေးအတွက် အားထားရသော ကံကြီးဝရေလွှဲဆည် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းအတွက် လိုအပ်သောရန်ပုံငွေအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေ (သို့မဟုတ်) သင့်လျော်ရာရန်ပုံငွေတွင် တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ကျောက်ဆည်မဲဆန္ဒနယ်မှ ဦးအောင်မြင့်သန်း၏ ကျောက်ဆည်မြို့ပေါ်ရပ်ကွက်ကြီးများအား ရေကြီးမှုမှ ကာကွယ်ရန် ဇော်ဂျီမြစ်ကြောင်းတစ်လျှောက် သဲနုန်းတူးဖော်ခြင်း အလျား ၂ဝ မိုင် ဇော်ဂျီတာပေါင် မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးရန် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ဇော်ဂျီမြစ်သည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်းတယမြို့နယ်မှ မြစ်ဖျားခံ၍ ပင်းတယ၊ ရပ်စောက်၊ ရွာငံမြို့နယ်များကို ဖြတ်သန်းစီးဆင်းကာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်နှင့် စဉ့်ကိုင်မြို့နယ်တို့အား ဖြတ်သန်း၍ ဒုဋ္ဌဝတီမြစ်အတွင်းသို့ စီးဝင်ပါကြောင်း၊ ဇော်ဂျီမြစ်ပေါ်၌ ဇော်ဂျီရေလှောင်တမံအား ၁၉၉၇ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပါကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ဇော်ဂျီမြစ်အား ရေစီးရေလာကောင်းမွန်စေရေးနှင့် မြစ်ရေလွှမ်းမိုးမှု လျှော့ချနိုင်ရေးအတွက် ဇီးတောရေလွှဲဆည်မှ ဒုဋ္ဌဝတီမြစ်အထိ အလျား မိုင် ၂၀ အား မြစ်ကြောင်းချဲ့ထွင်ခြင်းနှင့် သဲနုန်းတူးဖော်ခြင်းလုပ်ငန်းကိုလည်းကောင်း၊ နောင်ခမ်းကျေးရွာအနီးတွင် ဇော်ဂျီမြစ်အရေးပေါ် ရေလျှံပေါက် အကျယ်ပေ ၁၅၀ တည်ဆောက်ခြင်းလုပ်ငန်းကိုလည်းကောင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း။

ရွာငံမြို့နယ်တွင် မြို့ကြီးရေလှောင်တမံအား ၂၀၁၆ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သဖြင့် နောက် ပိုင်းနှစ်များတွင် ရေကြီးရေလျှံမှုကို လျှော့ချနိုင်ခဲ့ပါကြောင်း၊ ဇော်ဂျီမြစ်အတွင်း တိုက်ရိုက်စီးဝင်သည့် သံပိုချောင်းနှင့် ငမွဲချောင်းမှရေများကို နောင်ခမ်းအရေးပေါ်ရေလျှံပေါက်မှ ထိန်းညှိထုတ်လွှတ်ထားခြင်းများကြောင့် ရာသီဥတုကောင်းမွန်သောနှစ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခြင်းမရှိခဲ့ပါကြောင်း။

၂၀၂၄ ခုနှစ်တွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် ထူးကဲမိုးရွာသွန်းမှုများဖြစ်ပေါ်ခဲ့ချိန်တွင် မြို့ကြီးတမံရေပိုလွှဲမှ ၈ ဒသမ ၁ ပေကျော် စီးဆင်းခဲ့ခြင်း၊ မြစ်အတွင်းသို့ တိုက်ရိုက်စီးဝင်သည့် သံပိုချောင်းနှင့် ငမွဲချောင်းမှ စီးဆင်းရေများပြားခဲ့ခြင်းကြောင့် ဇော်ဂျီမြစ် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သော်လည်း နောင်ခမ်းအရေးပေါ်ရေလျှံပေါက်မှ ပန်းလောင်မြစ်သို့ ခွဲထွက်စီးဆင်းစေခဲ့ခြင်းကြောင့် ကျောက်ဆည်မြို့သို့ ရေလွှမ်းမိုးမှုဘေးအန္တရာယ်အား အထိုက်အလျောက် လျှော့ချနိုင်ခဲ့ပါကြောင်း။

အလားတူ ၂၀၂၅ ခုနှစ်တွင် ကာဂျီကီမုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းမှုများပြားခဲ့စဉ် ဇော်ဂျီမြစ်အတွင်းသို့ စီးဝင်ရေများပြားခဲ့သော်လည်း နောင်ခမ်းအရေးပေါ်ရေလျှံပေါက်မှ ပန်းလောင်မြစ်သို့ ခွဲထွက်စီးဆင်းစေခဲ့ခြင်းကြောင့် ရေလွှမ်းမိုးမှုဘေးအန္တရာယ် ဖြစ်ပေါ်ခဲ့ခြင်းမရှိခဲ့ပါကြောင်း၊ ထူးကဲမိုးရေချိန်ဖြင့် မိုးရွာသွန်းချိန်ကာလများတွင် ရေကြီးရေလျှံမှုဘေးအန္တရာယ်ဖြစ်ပေါ်နိုင်ပါသဖြင့် ဇော်ဂျီမြစ်ကြောင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် လိုအပ်သည့်နေရာများတွင် သဲနုန်းတူးဖော်ခြင်း၊ မြစ်ကြောင်းချဲ့ထွင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပြီး တွက်ချက်မှုများအရ အလျား ၁၉ မိုင်ခန့်၊ မြေကြီးကျင်း ၁၄ သိန်းကျော်ခန့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက မိုးရွာသွန်းမှုများပြားနိုင်သည့်ကာလများတွင် မြစ်ဘေး ဝဲ/ ယာရှိ ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက်များ၊ စိုက်ပျိုးမြေများတွင် ဇော်ဂျီမြစ်ရေလျှံမှုကြောင့်ဖြစ်ပေါ်မည့် ရေကြီးနစ်မြုပ်မှုအန္တရာယ်အား လျော့နည်းသက်သာစေမည်ဖြစ်ပါကြောင်း၊ ဆောင်ရွက်ရမည့်လုပ်ငန်း ပမာဏများပြားခြင်းကြောင့် ဦးစားပေးအစီအစဉ်အရ အပိုင်းလိုက်လျာထားပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ ရန်ပုံငွေတင်ပြတောင်းခံပြီး ရန်ပုံငွေ ရရှိမှုပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ဝေါမဲဆန္ဒနယ်မှ ဦးအောင်နိုင်၏ ဝေါမြို့နယ်အတွင်းရှိ မိုးယွန်းကြီးရေလှောင်ကန်အား ပုကိုင်တာနှင့် ထိစပ်နေသော မိုးယွန်းကြီး - ဇွဲဘက်တာ ၁၆/၅ မိုင် လှိုင်းကာကျောက်ကြီးစီခြင်းလုပ်ငန်း ၁ ဒသမ ၇ မိုင် ဆောင်ရွက်ပြီးစီးပြီး ကျန် ၁၄/၈ မိုင်အား ဆက်လက်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က မိုးယွန်းကြီး−ဇွဲဘက်တာသည် မိုးယွန်းကြီး ရေလှောင်ကန်၏ ကန်ပတ်တာတစ်ခုဖြစ်ပြီး အလျား ၁၆ ဒသမ ၅ မိုင်ရှိပါကြောင်း၊ မိုးယွန်းကြီးရေလှောင်ကန်ကို ၁၈၇၈ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ရေဆင်းဧရိယာ ၆၀ စတုရန်းမိုင်ရှိပါကြောင်း၊ ၂၀၂၃ ခုနှစ် ပဲခူးခရိုင်တွင် ၆-၁၀-၂၀၂၃ ရက်မှ ၈-၁၀-၂၀၂၃ ရက်အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးယွန်းကြီးရေလှောင်ကန်အတွင်းသို့ စီးဝင်သော ချောင်းများမှတစ်ဆင့် မိုးယွန်းကြီးကန်အတွင်း ရေဝင်ရောက်မှု များပြားခဲ့ပြီး လှိုင်းပုတ်ခတ်မှုဒဏ်တို့ကြောင့် မိုးယွန်းကြီး−ဇွဲဘက်တာ၏ တာမိုင် ၇ မိုင်မှ တာမိုင် ၇ မိုင် ၄ ဖာလုံအတွင်း၊ တာမိုင် ၈ မိုင် ၂ ဖာလုံမှ တာမိုင် ၁၂ မိုင်အတွင်းနှင့် တာမိုင် ၁၃ မိုင် မှ တာမိုင် ၁၅ မိုင်အတွင်းရှိ တာပေါင်များ ပဲ့ကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု အရေးပေါ်ရန်ပုံငွေ (ငွေလုံးငွေရင်း) ဖြင့် ဆောင်ရွက်ထားရှိပြီးဖြစ်သဖြင့် လတ်တလော စိုးရိမ်ရသည့် အခြေအနေတွင် မရှိပါကြောင်း။

မိုးယွန်းကြီး-ဇွဲဘက်တာ၏ တာပေါင်အားနည်းသည့်အပိုင်းများကိုသာ ဦးစားပေး၍ လှိုင်းကာ ကျောက်ကြီးစီခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုလက်ရှိအခြေအနေမှာ အလျား ပေ ၉၀၀၀ ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေ (ငွေလုံးငွေရင်း) ဖြင့် မိုးယွန်းကြီး− ဇွဲဘက်တာ တာမိုင် ၁၅ မိုင် ၇ ဖာလုံမှ တာမိုင် ၁၆ မိုင် ၄ ဖာလုံအတွင်း၊ အလျား ပေ ၇၅၀ ခန့်အား လှိုင်းကာကျောက်ကြီးစီခြင်းနှင့် တာမိုင် ၄ မိုင် မှ တာမိုင် ၇ မိုင်အတွင်း တာပုံစံကျ ပြုပြင်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ထပ်မံ၍ မိုးယွန်းကြီးကန် ရေရှည်တည်တံ့ခိုင်မြဲမှုရှိစေရန်အတွက် ရေလှိုင်းကာ ကျောက်ကြီးစီရန် လိုအပ်သောအပိုင်းများ အလျား ၅ ဒသမ ၃၅ မိုင်ကို ဆောင်ရွက်သွားရန် ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေ တင်ပြတောင်းခံသွားမည်ဖြစ်ပါကြောင်း၊ လှိုင်းဒဏ်ခံစားရသည့်အပိုင်းများကို ဦးစားပေးအခိုင်အမာ ကျောက်ကြီးစီခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန် ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေ (သို့မဟုတ်) အခြားသင့်လျော်ရာ ရန်ပုံငွေမှာ တင်ပြပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်ကာ ဦးစားပေးအစီအစဉ်လိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

သဲကုန်းမဲဆန္ဒနယ်မှ ဒေါ်ဥမ္မာမို့မို့ဇော်၏ သဲကုန်းမြို့နယ်၌ ချောင်းမြောင်းတူးဖော်ရာတွင် အခက်အခဲများ ကြုံတွေ့ရပါသဖြင့် ရန်ပုံငွေလုံလောက်စွာ ချမှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း ၍ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က အင်းမအင်းသည် သဲကုန်းမြို့နယ်၏ အနောက်တောင်ဘက် ၂ ဒသမ ၅ မိုင်အကွာတွင် တည်ရှိပြီး အင်းမအင်းအတွင်း ဂရန်အင်း ၂၇ အင်းရှိပြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် အင်းမအင်းအတွင်း အဓိကစီးဝင်သည့် အရှေ့ဘက် ပင်မရေလမ်းကြောင်း အလျား ၄ ဒသမ ၇၉ မိုင်၊ အကျယ် ၇၅ ပေနှင့် အနောက် ဘက် ပင်မရေလမ်းကြောင်း အလျား ၂ ဒသမ ၆၄ မိုင်၊ အကျယ် ၇၅ ပေ ရေလမ်းကြောင်း နှစ်ခုအား တာဝန်ယူထိန်းသိမ်းလျက်ရှိပါကြောင်း။

ဌာနအနေဖြင့် အင်းမအင်း ပင်မရေလမ်းကြောင်းများ ရေစီးရေလာကောင်းမွန်စေရန်နှင့် စိုက်ပျိုးမြေများ ရေကြီးနစ်မြုပ်မှု လျော့နည်းစေရန်အတွက် မြေတူးစက် (Back Hoe On Pontoon) ဖြင့် ရေလမ်းကြောင်း တူးဖော်ရှင်းလင်းခြင်း၊ အင်းနှင့်ဆက်စပ်လျက်ရှိသော ချောင်းဝများအတွင်းရှိ ဗေဒါဒိုက်ပင်များ ရှင်းလင်းခြင်းလုပ်ငန်းများကို ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်တွင် အရှေ့ဘက်ပင်မရေလမ်း ကြောင်း အလျား ၁ ဒသမ ၁ မိုင် တူးဖော်ရှင်းလင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးခဲ့ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် အရှေ့ဘက် ပင်မရေလမ်းကြောင်း ၁ ဒသမ ၆၀ မိုင် တူးဖော်ရှင်းလင်းခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကျန်ရှိသောလုပ်ငန်းများကိုလည်း ၂၀၂၇-၂၀၂၈ ခုနှစ် တိုင်းဒေသကြီးရန်ပုံငွေ သို့မဟုတ် သင့်လျော်ရာ ရန်ပုံငွေတွင် ထည့်သွင်းတင်ပြတောင်းခံပြီး ရန်ပုံငွေ ရရှိမှုအပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။

သဲကုန်းမြို့နယ်အတွင်း မြစ်မခမြစ်မှာ အလျား ၇ ဒသမ ၂၀ မိုင် ရှည်လျားပြီး ယခုအခါ ၎င်းမြစ်ကွေ့များတွင် ပြန်လည်သောင်ထွန်းလာပါသဖြင့် မြစ်မခမြစ် မြစ်ကြောင်းဖြောင့်ခြင်းလုပ်ငန်းကို ၂၀၂၇- ၂၀၂၈ ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေ သို့မဟုတ် သင့်လျော်ရာရန်ပုံငွေတွင် ထည့်သွင်း တင်ပြတောင်းခံကာ ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။

၂၀၂၅-၂၀၂၆ ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ကျေးလူးချောင်းနှင့် သဲဖြူချောင်းတူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင်လည်း ကင်းဒက်ချောင်း၊ စျေးချောင်း၊ သိုက်တောမချောင်း၊ သဲကုန်းကြီးချောင်းနှင့် ရေဆိုးထုတ်ချောင်းတို့အား တူးဖော်ပေါင်ဆင့်ခြင်းနှင့် လိုအပ်သောနေရာများတွင် တုတ်တန်းရိုက်ကာရံခြင်းလုပ်ငန်းများကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။

သို့ဖြစ်ပါ၍ သဲကုန်းမြို့နယ်အတွင်းရှိ စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ရေကြီးရေလျှံမှုများကြောင့် လယ်ဧကများစွာ ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် အင်းမအင်း ရေဝင်ချောင်းများ တူးဖော်ပေါင်ဆင့်ခြင်း၊ အထွက်ရေလမ်းကြောင်း ရှင်းလင်းခြင်း၊ လိုအပ်သည့်နေရာများတွင် တုတ်တန်းရိုက်ကာရံခြင်းလုပ်ငန်းများနှင့် ရေစီးထွက်မှုကောင်းစေရန်အတွက် မြစ်မခမြစ် မြစ်ကြောင်းဖြောင့်ခြင်းလုပ်ငန်းများ ဆောင်ရွက် နိုင်ရန် ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေ သို့မဟုတ် သင့်လျော်ရာရန်ပုံငွေတွင် ဦးစားပေးအစီအစဉ်ဖြင့် ရန်ပုံငွေပိုမိုရရှိရေး လျာထားတင်ပြသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

နမ့်စန်မဲဆန္ဒနယ်မှ ဦးဌေးလွင် (ခ) ဦးဒီလုံး၏ နမ့်စန်မြို့နယ်၊ ဟိုင်းနားကြီးကျေးရွာအုပ်စု၊ နားရိုင်းလမ်းမကြီးရှိ ၃၃ ကေဗွီ ဓာတ်အားလိုင်းမှ နောင်ခမ်း-နောင်ခါး-နမ့်စမ် (နမ့်ဟူးမိုင်)- နောင်ဒေးကျေးရွာများအထိ ၃၃ ကေဗွီ ဓာတ်အားလိုင်း ၇ မိုင်နှင့် ၃၃/၀ ဒသမ ၄ ကေဗွီ ထရန်စဖော်မာလေးလုံး တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် ဟိုင်းနားကြီးကျေးရွာအုပ်စု နောင်ခမ်းကျေးရွာ၊ နောင်ခါးကျေးရွာ၊ နမ့်စမ်(နမ့်ဟူးမိုင်)နှင့် နောင်ဒေးကျေးရွာများ ဓာတ်အားရရှိရေးအတွက် နမ့်စန်-နားရိုင်း ၃၃ ကေဗွီဓာတ်အားလိုင်းမှ ၃၃/၀ ဒသမ ၄ ကေဗွီ ထရန်စဖော်မာဖြင့် ဓာတ်အားရရှိပြီးဖြစ်သည့် နောင်ခမ်းကျေးရွာ ၁၀၀ ကေဗွီအေ ထရန်စဖော်မာတစ်လုံး တည်ဆောက်ခြင်းအတွက် ခန့်မှန်းကုန်ကျစရိတ် ငွေကျပ် ၇၉၆ ဒသမ ၀၀၀ သန်း၊ နောင်ခါးကျေးရွာ ၁၀၀ ကေဗွီအေ ထရန်စဖော်မာတစ်လုံး တည်ဆောက်ခြင်းအတွက် ခန့်မှန်းကုန်ကျစရိတ် ငွေကျပ် ၅၈၅ ဒသမ ၇၀၀ သန်း၊ နမ့်စမ် (နားဟူးမိုင်)ကျေးရွာ ၂၀၀ ကေဗွီအေ ထရန်စဖော်မာတစ်လုံး တည်ဆောက်ခြင်းအတွက် ခန့်မှန်းကုန်ကျ စရိတ် ငွေကျပ် ၈၈၁ ဒသမ ၁၀၀ သန်းနှင့် နောင်ဒေးကျေးရွာ ၂၀၀ ကေဗွီအေ ထရန်စဖော်မာတစ်လုံး တည်ဆောက်ခြင်းအတွက် ခန့်မှန်းကုန်ကျစရိတ် ငွေကျပ် ၅၆၅ ဒသမ ၆၅၀ သန်း ကုန်ကျမည်ဖြစ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ်ရန်ပုံငွေဖြင့် ၂၀၂၇-၂ဝ၂၈ ဘဏ္ဍာရေးနှစ်မှစ၍ ဘဏ္ဍာရေးနှစ်အလိုက် ထည့်သွင်းလျာထားပေးမည်ဖြစ်ပြီး ဘဏ္ဍာငွေခွင့်ပြုရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

သာပေါင်းမဲဆန္ဒနယ်မှ ဦးမောင်မောင်စိုး၏ သာပေါင်းမြို့နယ်၊ ငှက်ပျောတော၊ မဲဇလီကွင်းပေါက်၊ ဆင်လမ်းနှင့် သပြေကုန်းကျေးရွာအုပ်စုများတွင် လျှပ်စစ်မီးရရှိနိုင်ရေး ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ၊ မရှိပါက ဆိုလာမီးကဲ့သို့ ရရှိနိုင်ရေးအတွက် ဘဏ္ဍာရေးနှစ်များတွင် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအေးကျော်က သာပေါင်းမြို့နယ်၊ ငှက်ပျောတောကျေးရွာအုပ်စု၊ မဲဇလီကွင်းပေါက်ကျေးရွာအုပ်စု၊ ဆင်လမ်းကျေးရွာအုပ်စုနှင့် သပြေကုန်းကျေးရွာအုပ်စုများ လျှပ်စစ်မီးရရှိနိုင်ရေးအတွက် လက်ရှိဓာတ်အားဖြန့်ဖြူးပေး လျက်ရှိသည့် ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဘဲဂရက်ဓာတ်အားခွဲရုံ၏ ၁၁ ကေဗွီ ဒါးကဖီဒါမှ ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁၅၈၂၀ ပေ ၂ ဒသမ ၉၉၇ မိုင်၊ ၁၁/၀ ဒသမ ၄ ကေဗွီ၊ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ သုံးလုံးနှင့် ၁၁/၀ ဒသမ ၄ ကေဗွီ၊ ၁၀၀ ကေဗွီ ထရန်စဖော်မာတစ်လုံး တည်ဆောက်ခြင်းလုပ်ငန်းများ အတွက် ခန့်မှန်းကုန်ကျငွေ စုစုပေါင်းငွေကျပ် ၈၄၅ ဒသမ ၃၇၅ သန်းအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ်တွင် ထည့်သွင်းလျာထားပေးမည်ဖြစ်ပြီး ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ကျေးရွာ တွင်း ၄၀၀ ဗို့လိုင်း တည်ဆောက်ခြင်းလုပ်ငန်းများအား သက်ဆိုင်ရာကျေးရွာများမှ ကိုယ်ထူကိုယ်ထဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ပူတာအိုမဲဆန္ဒနယ်မှ ဦးရားနီ၏ ပူတာအိုမြို့တွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကတ္တရာလမ်းဘေးဝဲယာ၌ တပ်ဆင်ရန် ဆိုလာမီးသီး ၃၅ဝ နှင့် ဆက်စပ်ပစ္စည်းများရရှိနိုင်ရေး လမ်းညွှန်မှာကြားချက်အား ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအေးကျော်က ပူတာအို မြို့နယ်၊ မူလာရှီးဒီရပ်ကွက်မှ ဟိုခိုရပ်ကွက်အထိ အရှည် ၈ ဒသမ ၇မိုင်ရှိသော ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် မူလရှိပြီး ဓာတ်တိုင်များအပေါ်တွင် ဆိုလာမီးလုံး ၃ဝ၃ လုံးအား တပ်ဆင်ရမည်ဖြစ်ပြီး ဓာတ်တိုင်မရှိသော နေရာများတွင် လမ်းမီးတိုင်နှင့် ဆိုလာမီးလုံးတွဲလျက် ၄၇ စုံအား တပ်ဆင်ရမည်ဖြစ်ပါကြောင်း၊ ဆိုလာမီးလုံး ၃၅၀ နှင့် Street Light Single Arm Pole ၄၇ တိုင် တပ်ဆင်ခြင်းလုပ်ငန်းအတွက် ခန့်မှန်းကုန်ကျငွေကျပ် ၃၄၆ ဒသမ ၃၅၀ သန်းအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဖြည့်စွက်ရန်ပုံငွေ (RE) သို့မဟုတ် အထွေထွေပိုလျှံရန်ပုံငွေ (GRF) တွင် ထည့်သွင်းလျာထားသွားမည်ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေရရှိမှုအခြေအနေပေါ် မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ချမ်းအေးသာစံမဲဆန္ဒနယ်မှ ဒေါ်မြင့်မြင့်ဌေး၏ ချမ်းအေးသာစံမြို့နယ်၊ ကဉ္စနမဟီရပ်ကွက်၊ ၇၆လမ်း၊ ၃ဝ x ၃၅ လမ်းတစ်လျှောက်တွင် လျှပ်စစ်မီးလင်းရေး၊ ၇၇ လမ်း၊ ၂၆ x ၃၅ လမ်းတစ်လျှောက်တွင် ထပ်ပိုးလမ်းခင်းပြုပြင်ရန်နှင့် မီးလင်းရေးတို့အတွက် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအေးကျော်က မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ကဉ္စနမဟီရပ်ကွက်၊ ၇၆လမ်း၊ ၃၀ x ၃၅ လမ်းတစ်လျှောက်တွင် လျှပ်စစ်မီးလင်းရေးအတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ကွင်းဆင်းစစ်ဆေးခဲ့ရာ လမ်းမီးတိုင်ပေါင်း ၃၁ တိုင်၊ မီးလုံး ၃၁ လုံးရှိရာ အခန်း ၂၂ ခန်း၊ မီးကြိုးအရှည် ၁၃၄၁ မီတာ၊ လမ်းမီးပုံးအတွင်းရှိ Breaker ၊ Timer နှင့် Relay များ ပျောက်ဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရပြီး အလားတူ ၇၇ လမ်း၊ ၂၆ x ၃၅လမ်း တစ်လျှောက်တွင်လည်း လမ်းမီးတိုင်ပေါင်း ၄၇ တိုင်၊ မီးလုံး ၄၇ လုံးရှိရာ အခန်း ၃၉ ခန်း၊ မီးကြိုးအရှည် ၂၃၇၈ မီတာ၊ လမ်းမီးပုံးအတွင်းရှိ Breaker ၊ Timer နှင့် Relay များ ပျောက်ဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရပါကြောင်း။

အဆိုပါလမ်းမီးများအား မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဦးစားပေးပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ၇၇ လမ်း၊ ၃၃နှင့်၃၅ လမ်းအပိုင်းမှာ နိုင်လွန်ကတ္တရာလမ်းဖြစ်ပြီး လမ်းသားကောင်းမွန်မှုရှိ၍ ၂၆ နှင့် ၃၃ လမ်းအပိုင်းမှာ ရိုးရိုးကတ္တရာလမ်းဖြစ်ပြီး အချို့နေရာများတွင် အပေါ်ယံကတ္တရာအလွှာများ ပျက်စီးနေခြင်းကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ ထည့်သွင်းလျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

အုတ်တွင်းမဲဆန္ဒနယ်မှ ဦးဝင်းမြင့်၏ ကျွဲပွဲမြို့ မှ ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ လျှပ်စစ်ဓာတ်အား ခွဲရုံအား ၃၃/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ အဖြစ်သို့ အဆင့်မြှင့်တင်ရန် အစီအစဉ် ရှိ၊ မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအေးကျော်က ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့ရှိ ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံမှ ကျွဲပွဲမြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်နှင့် ကျေးရွာပေါင်း ၆၆ ရွာရှိ အိမ်ထောင် စုပေါင်း ၇၇၆၀ တို့အား ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိရာ အမြင့်ဆုံးသုံးစွဲဝန်အားမှာ ၃ ဒသမ ၂ မဂ္ဂါဝပ် (တပ်ဆင်အင်အား၏ ၈၀ ရာခိုင်နှုန်းခန့်) သုံးစွဲလျက်ရှိပြီး ကျေးရွာပေါင်း ၂၉ ရွာအား ထပ်မံဓာတ်အားဖြန့်ဖြူးပေးရန် ကျန်ရှိနေသေးပါကြောင်း။

သို့ဖြစ်ပါ၍ ကျွဲပွဲမြို့ပေါ်ရပ်ကွက်များ၊ မီးလင်းပြီးဖြစ်သော ကျေးရွာများနှင့် မီးလင်းရန်ကျန်ရှိသော ကျေးရွာ ၂၉ ရွာ တို့အား တိုးချဲ့ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အား ခွဲရုံမှ ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံသို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအတွက် ခန့်မှန်းကုန်ကျငွေကျပ် ၃၇၄၂ ဒသမ ၄၇ သန်းအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာထားသွားမည်ဖြစ်ပါကြောင်းနှင့် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၁၈ ရက်မြောက်နေ့ကို ဇူလိုင် ၃ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်