Skip to main content

ပြည်ပနိုင်ငံများရောက် မြန်မာနိုင်ငံသားများနှင့် မြန်မာသင်္ဘောသားများအား မြန်မာနိုင်ငံ သို့ပြန်လည်ခေါ်ဆောင်ခဲ့

နေပြည်တော် ဒီဇင်ဘာ ၁


နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့်  ပြည်ပ နိုင်ငံများတွင် စာချုပ်သက်တမ်းကုန်ဆုံး၍ အခက်အခဲကြုံတွေ့နေရသည့် မြန်မာ သင်္ဘော သားများအား ဆိုးလ်မြို့ရှိ မြန်မာသံရုံးနှင့် မြန်မာသင်္ဘောသား အလှည့်ကျ ဝန်ထမ်း ပြောင်းလဲခြင်း အကူအညီပေးရေး ကော်မတီ (CCSC) တို့မှ ပူးပေါင်း စီစဉ်သည့် မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ကိုရီးယား သမ္မတနိုင်ငံ၊ အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင် ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။

အဆိုပါ ကယ်ဆယ်ရေး လေယာဉ်တွင် ကိုရီးယားသမ္မတနိုင်ငံမှ (၇၁)ဦး၊ စင်ကာပူမှ (၁၂)ဦး၊ နယ်သာလန်မှ (၂)ဦး၊ အင်ဒိုနီးရှားမှ (၂)ဦး၊ အိုင်ဗရီကို့စ်မှ (၆)ဦး၊ အာရပ်စော်ဘွား များ ပြည်ထောင်စုမှ (၂)ဦး၊ အီဂျစ်မှ (၁၄)ဦး၊ ကင်ညာမှ (၁)ဦး၊ ဘင်္ဂလားဒေ့ရှ်မှ (၁)ဦး၊ ပနားမား မှ (၁)ဦး၊ ဖိလစ်ပိုင်မှ (၁၄)ဦး၊ မြန်မာသင်္ဘောသား စုစုပေါင်း (၁၂၆)ဦး လိုက်ပါခဲ့ကြသည်။

ထို့ပြင် ကိုရီးယားသမ္မတနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား များအား မြန်မာသံရုံး၊ ဆိုးလ်မြို့မှ စီစဉ်သည့် (၃၃)ကြိမ်မြောက် မြန်မာအပြည်ပြည် ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ည ၁၀ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် မြန်မာနိုင်ငံသား စုစုပေါင်း (၁၆၈)ဦး လိုက်ပါခဲ့ကြသည်။


၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ် ရေး၊ ကျန်းမာရေးစိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ / သတ်မှတ်ဟိုတယ်များ၌ အသွားအလာ ကန့်သတ်မှု (၇)ရက် နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှု (၇) ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်း ကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြသည်။

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာ သင်္ဘော သားများအား ပြန်လည် ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေး ဝန်ကြီး ဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာ သံရုံးများ၊ သင်္ဘော ကုမ္ပဏီများ/ အဖွဲ့အစည်း များနှင့် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်  ပေးလျက်ရှိကြောင်း သိရသည်။


(သတင်းစဉ်)