Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့နှင့် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အခမ်းအနား တက်ရောက်

နေပြည်တော် ဇူလိုင် ၄

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့နှင့် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်(၁၆) သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပသည်။

အခမ်းအနားသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ ပါမောက္ခချုပ်များ၊ သက်ဆိုင်ရာဌာနများမှ ဖိတ်ကြားထားသူများ၊ ပညာရှင်များ၊ သမဝါယမအသင်း စုချုပ်များ၊ လုပ်ငန်းရှင်များ၊ မိတ်ဖက် အဖွဲ့အစည်းများနှင့် သတင်းမီဒီယာများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သမဝါယမ နေ့နှင့် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင် ကပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားသည်။

ကြည့်ရှု

ထို့နောက် ဗဟိုသမဝါယမ အသင်းလီမိတက် အသင်းဝင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး သမဝါယမအသင်းစု ဒါရိုက်တာ ဒေါ်သဉ္ဇာဝင်းက အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်မှ ပေးပို့သည့် သဝဏ်လွှာအားဖတ်ကြားပြီး အပြည်ပြည်ဆိုင်ရာ သမဝါယနေ့ ဂုဏ်ပြုဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုကို ကြည့်ရှုကြသည်။

ယင်းနောက် အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာနမှ ပေးပို့သည့် သဝဏ်လွှာဝမ်းမြောက်စကား မှတ်တမ်းဗီဒီယိုကိုပြသပြီး ကျေးလက်ဖွံ့ဖြိုးရေး အကောင်အထည်ဖော်ဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုအား ပြသသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ဦးမင်းနောင်နှင့် တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာသမဝါယမ နေ့အထိမ်းအမှတ် စွမ်းဆောင်ရည်အကောင်းဆုံး တိုင်းဒေသကြီး/ ပြည်နယ် သမဝါယမအသင်းစုချုပ်ဆု၊ စွမ်းဆောင်ရည်အကောင်းဆုံး မြို့နယ်သမဝါယမအသင်းစုဆု၊ ကုန်ထုတ်လုပ်ငန်းများ အကောင်း ဆုံး စွမ်းဆောင်နိုင်သည့် အခြေခံသမဝါယမအသင်းဆု၊ ကုန်သွယ် မှုလုပ်ငန်းများအကောင်းဆုံး စွမ်းဆောင်နိုင်သည့် အခြေခံသမဝါယမအသင်းဆု၊ ဝန်ဆောင်မှုလုပ်ငန်းများ အကောင်းဆုံး စွမ်းဆောင်နိုင်သည့် အခြေခံသမဝါယမအသင်းဆု၊ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ်အဖြစ် ကျေးလက်ဖွံ့ဖြိုး ရေးဘက်စုံထူးချွန်ဆု၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုဆု၊ ကျေးရွာပတ်ဝန်းကျင် စီမံခန့်ခွဲမှုစံပြဆု၊ ကျေးလက်ရေရရှိရေးနှင့် ကျန်းမာသန့်ရှင်းရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု ဆုတို့ကိုလည်းကောင်း ချီးမြှင့်ပေးအပ်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်တာဝန်ရှိသူများကသက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများနှင့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အထိမ်းအမှတ် တိုင်းဒေသကြီး/ပြည်နယ် သမဝါယမအသင်းများ၏ ထုတ်ကုန်ပစ္စည်းများ၊ လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်း အရောင်းပြခန်းများကို လှည့်လည် ကြည့်ရှုအားပေးသည်။

အဆိုပါ တိုင်းဒေသကြီး/ ပြည်နယ် သမဝါယမအသင်းများ၏ အရောင်းပြခန်းများကို ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ပြီး မည်သူမဆို လာရောက်လေ့လာ ဝယ်ယူအားပေးနိုင်ကြောင်း သိရသည်။

သတင်းစဉ်