ယခုရက်ပိုင်းအတွင်း မိုး/ဇလက ထုတ်ပြန်ပေးလျက်ရှိသည့် မိုးလေဝသသတင်းများနှင့် ကြိုတင်သတိပြုနိုင်ရန် အကြံပြုချက်များကို အလေးအနက်ပြုကြရန်လိုသည်။ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သော အပူပိုင်းမုန်တိုင်း မိုင်ဆက်ခ်သည် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးပြည်နယ် ကမ်းရိုးတန်းများကို ဖြတ်ကျော်ဝင်ရောက်ပြီး မိုးသက်လေပြင်းများအဖြစ် အားပျော့သွားခဲ့ရာ ၎င်း၏သက်ရောက်မှုအဖြစ် မြန်မာနိုင်ငံတွင် နေရာကွက်၍ မိုးကြီးနိုင်သည်။
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် စစ်တွေမြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၃၈၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုကာမုန်တိုင်းငယ် (Depression) အဖြစ်သို့ အားကောင်းလာပြီး နောက် ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ သြရိဿပြည်နယ်မြောက်ပိုင်း ကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေဆဲဖြစ်သည်။
မုန်တိုင်းငယ်အရှိန်နှင့် မုတ်သုံလေအားကောင်းမှုကြောင့် မြန်မာနိုင်ငံအတွင်း နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်၊ ချင်း၊ မွန်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခြင်း၊ နေရာစိပ်စိပ်မှနေရာအနှံ့အပြား မိုးထစ်ချုန်းရွာခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။
အဆိုပါမိုးလေဝသဖြစ်စဉ်များကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်း၊ မြေပြိုခြင်း စသည့်သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ရာ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ ရေကြီးရေလျှံ မည့်အန္တရာယ်တို့ကို ကြိုတင်သတိပြုကြရန်လိုအပ်ပြီး လေကြောင်းပျံသန်းမှု၊ ပင်လယ်ပြင်ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများလည်း သတိပြုရန်လိုသည်။
နေပြည်တော်နှင့် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးများ၊ ကချင်၊ ကယား၊ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါမိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ခြင်းတို့နှင့် စပ်လျဉ်း၍လည်း ကြိုတင်သတိပြုနိုင်ရန် အကြံပြုထားသည်။
လေပြင်းတိုက်ခတ်မှု၊ ရေကြီးမှု၊ မြေပြိုမှု၊ မိုးကြိုးပစ်မှု စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်ခြင်းကြောင့် လူနှင့် ကျွဲ၊ နွား အိမ်မွေးတိရစ္ဆာန်များ သေကျေပျက်စီးမှု၊ အိမ်ရာအဆောက်အအုံများပျက်စီးမှုတို့ နှစ်စဉ်ဖြစ်ပေါ်လျက်ရှိရာ မိမိတို့နေထိုင်ရာ နေရာဒေသ အနေအထားအလိုက် သတိပြုနေထိုင်ကြရန်လိုသည်။ သဘာဝဘေးအန္တရာယ်များဟူသည် ကြိုတင်ခန့်မှန်းနိုင်သော ဘေးအန္တရာယ်များရှိသကဲ့သို့ ကြိုတင်ခန့်မှန်းရန် ခက်ခဲသောဘေးအန္တရာယ်များလည်းရှိရာ ကြိုတင်ခန့်မှန်းရသည့် ဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိသော မိုးလေဝသသတင်းများနှင့် ကြိုတင် သတိပြုနိုင်ရန် အကြံပြုချက်များ၊ ဘေးအန္တရာယ်သတိပေးချက်များကို ဂရုပြု၍ မှတ်သားလိုက်နာ ဆောင်ရွက်ကြရန်လိုသည်။
သို့ဖြစ်ရာ ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ မိုးလေဝသသတင်းများနှင့် ဘေးအန္တရာယ်ဆိုင်ရာ သတိပေးချက်များကို သတိပြုရန်၊ ကျန်းမာရေးအသိပညာများ၊ ကျန်းမာရေးဆိုင်ရာ သတိပေးနှိုးဆော်ချက်များကိုလည်း ဂရုပြုလိုက်နာဆောင်ရွက်ကြရန်၊ သဘာဝဘေးအန္တရာယ် တစ်စုံတစ်ရာ မကျရောက်မီကတည်းက အရေးပေါ်ဆေးသေတ္တာ၊ အစားအစာ၊ သောက်သုံးရေနှင့် အခြားလိုအပ်သည်များ ကြိုတင်စုဆောင်း ပြင်ဆင်ထားရှိရန်၊ သန့်ရှင်းသော သောက်သုံးရေနှင့် အစားအစာများကိုသာ စားသုံးပြီး တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ရန်၊ ဘေးအန္တရာယ်ကျရောက်ရာ ဒေသများ၌ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ မိမိဒေသအတွင်း ဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများကို ဦးစီးဆောင်ရွက်နေသော ဒေသခံအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးနှင့် အခြားဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများတွင်လည်းကောင်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်ပေါ်လာနိုင်ဖွယ်ဘေးအန္တရာယ်များမှ သတိထားနိုင်ကြရေးအတွက် အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။
