၂၀၂၆ ခုနှစ် ကမ္ဘာ့ကျေးလက်ဒေသဖွံ့ဖြိုးရေးနေ့ဆောင်ပုဒ်သည် “တက်ကြွ၍ သာယာဝပြောပြီး ပျော်ရွှင်ချမ်းမြေ့သော ကျေးလက်အသိုက်အဝန်းဖော်ဆောင်ရေး” ဖြစ်သည်။ အဆိုပါဆောင်ပုဒ်ကို အကောင်အထည်ဖော်ရာတွင် အစိုးရတစ်ရပ်တည်း အင်အားဖြင့် ဆောင်ရွက်၍မရပေ။ နိုင်ငံတော်အစိုးရနှင့်အတူ ပုဂ္ဂလိကကဏ္ဍ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ကျေးလက်နေပြည်သူလူထုတစ်ရပ်လုံးက ညီညွတ်သော စုပေါင်းစွမ်းအားဖြင့် ဟန်ချက်ညီညီ လက်တွဲပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်သည်။
ကမ္ဘာ့ကျေးလက်ဒေသဖွံ့ဖြိုးရေးနေ့တွင် နိုင်ငံတော်သမ္မတကြီးက “ဒီမိုကရေစီစနစ်ကို အောင်မြင်စွာ တည်ဆောက်နိုင်ရေးအတွက် နိုင်ငံရေးအရ တည်ငြိမ်မှုရှိရန် လိုအပ်သကဲ့သို့ စီးပွားရေးအရ ခိုင်မာတောင့်တင်းမှုရှိရန်လည်း လိုအပ်ပါသည်။ “ကျေးလက်ဖွံ့ဖြိုးမှ နိုင်ငံဖွံ့ဖြိုးမည်” ဖြစ်ရာ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားလာရေးအတွက် ဦးစားပေးလုပ်ငန်းစဉ်အဖြစ် မဟာဗျူဟာချမှတ်အကောင်အထည်ဖော်လျက်ရှိပါသည်။ ထိုကဲ့သို့ ဆောင်ရွက်နိုင်မှသာ မြို့ပြနှင့် ကျေးလက် ကွာဟမှုကျဉ်းမြောင်းလာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အဖြစ် ရေရှည်တည်တံ့ခိုင်မြဲမည်ဖြစ်ပါသည်”ဟု သဝဏ်လွှာပေးပို့ အသိပေးထား သည်။
ကျေးလက်သည် နိုင်ငံတစ်နိုင်ငံအတွက် အခြေခံအုတ်မြစ်ဖြစ်သည်။ မြို့ပြများတွင် ဖွံ့ဖြိုးတိုးတက်လေ့ရှိသော်လည်း ကျေးလက်ဒေသများမှာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်နေဆဲဖြစ်သည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်လာမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု ခိုင်မာမည်ဖြစ်၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ဦးစားပေးဝိုင်းဝန်းလုပ်ဆောင်ကြရမည်ဖြစ်သည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စိမ်းလန်း၊ သန့်ရှင်း၊ ခေတ်မီပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးစနစ်နှင့် ကျန်းမာရေးစနစ်ကောင်းမွန်သော ကျေးရွာများ၊ ခေတ်မီစနစ်ကျသော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်သော ကျေးရွာများဖော်ဆောင်ရေးကို မဖြစ်မနေ ဦးစားပေးဆောင်ရွက်သွားကြရမည်။
ယခုအခါ ရာသီဥတုပြောင်းလဲမှုအကျိုးဆက်များကို အဆိုးရွားဆုံးခံစားနေ ကြရသည်မှာ ကျေးလက်နေပြည်သူများဖြစ်သည်။ ထို့ကြောင့် ကျေးလက်ဒေသများတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တောသစ်ပင်များ ပြုစုပျိုးထောင်ရေး၊ စွန့်ပစ်အမှိုက်များ စနစ်တကျစီမံခန့်ခွဲရေးတို့ကို အထူးအလေးထားဆောင်ရွက်သွား ရန်လိုသည်။ သို့မှသာ ကျေးရွာများ သန့်ရှင်းသပ်ရပ် စိမ်းလန်းစိုပြည်ပြီး ခေတ်မီနည်းပညာများကို အသုံးချနိုင်သည့် စံပြကျေးရွာများအဖြစ် အသွင်ကူးပြောင်းနိုင်မည်ဖြစ်သည်။ ထိုမှတစ်ဆင့် ကျေးလက်ဒေသများမှသည် နိုင်ငံတစ်ဝန်းလုံးရှိ မြို့ကြီးပြကြီးများအထိပါ Smart City များအဖြစ်သို့ ကွန်ရက်ချိတ်ဆက် တက်လှမ်း နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုသည်။
ခေတ်မီစံပြကျေးရွာများဖြစ်လာစေရန် အခြေခံကျသည့် သန့်ရှင်းသော သောက်သုံးရေနှင့် လုံလောက်သောသုံးရေများ ရရှိအောင်ဆောင်ရွက်ပေးရမည်ဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုကြောင့် မြေအောက်ရေခန်းခြောက်လာမှုကို ကာကွယ်နိုင်ရေး မြေပေါ်ရေကို ဦးစားပေးသုံးစွဲပြီး အသေးစား ဆိုလာစိုက်ပျိုးရေ ပေးဝေရေးစနစ်များဖြင့် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများသို့ ရောက်ရှိအောင် အဆင့်မြှင့်တင် ပံ့ပိုးပေးရန်လိုပါသည်။ အလားတူ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးသည် အရေးကြီးသောအချက်ဖြစ်၍ အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ ရာသီမရွေးသွားလာနိုင်သော ကျေးလက်ကုန်ထုတ်လမ်းများနှင့် ကုန်ထုတ်တံတားများ၊ ဆက်စပ်နေသည့် ရွာတွင်းလမ်းများ ကောင်းမွန်မှသာလျှင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများကို လွယ်ကူစွာဆောင်ရွက်နိုင်မည် ဖြစ်သည်။
လျှပ်စစ်မီးရရှိရေးသည် ကျေးလက်ဒေသများအတွက် အရေးပါသည့်အချက်ဖြစ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အပါအဝင် ကျေးလက်မီးလင်းရေးကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ လျှပ်စစ်မီးရရှိမှုသည် ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်းကို တိုက်ရိုက်မြင့်မားစေရုံသာမက ခေတ်မီကုန်ထုတ်လုပ်ငန်းများ တိုးချဲ့မြှင့်တင်နိုင်ရေးအတွက် မရှိမဖြစ်လိုအပ်ပါသည်။ ထို့ကြောင့် ဒေသနှင့်ကိုက်ညီသည့် သဘာဝစွမ်းအင်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး လျှပ်စစ်မီးရရှိရေးကို ကြိုးစားအကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ကျေးလက်နေပြည်သူများ စဉ်ဆက်မပြတ် ပညာသင်ကြားရေး၊ အသိပညာဗဟုသုတများပြည့်ဝရေးသည် အခြေခံကျသောကြောင့် ကျေးလက်ပညာရေးကို အားပေးမြှင့်တင်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ “ကျေးလက်ဖွံ့ဖြိုးမှ နိုင်ငံဖွံ့ဖြိုးမည်” ဖြစ်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားလာရေးအတွက် ဦးစားပေးလုပ်ငန်းစဉ် မဟာဗျူဟာများ ချမှတ်အကောင်အထည်ဖော်လျက်ရှိသည့် နိုင်ငံတော်အစိုးရနှင့်အတူ ပုဂ္ဂလိကကဏ္ဍ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ကျေးလက်နေပြည်သူလူထုတစ်ရပ်လုံးက ညီညွတ်သောစုပေါင်းစွမ်းအားဖြင့် လက်တွဲပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။ ။
