Skip to main content

မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ (CNG) ကို တရားမဝင်ရောင်းချခြင်းကျူးလွန်ခဲ့သည့် ခရီးသည်တင်ယာဉ်နှစ်စီးအား ရာသက်ပန် ဓာတ်ငွေ့ဖြည့်သွင်းခွင့် ပိတ်သိမ်းအရေးယူ

နေပြည်တော် ဇူလိုင် ၈

မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ (CNG) ကို နိုင်ငံတော်မှ သက်သာသောဈေးနှုန်းဖြင့် စီမံဆောင်ရွက်ပေးထားသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အများပြည်သူအကျိုးခံစားခွင့်ရရှိစေရေး YBS ယာဉ်များအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ၏ ကြီးကြပ်မှုဖြင့် သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်းသာပြေးဆွဲရန်နှင့် ယာဉ်စီးခကိုလည်း သတ်မှတ်နှုန်းထားအတိုင်းသာ ကောက်ခံသွားရမည်ဖြစ်ကြောင်း ညွှန်ကြားထားပြီးဖြစ်သည်။

ထိုကဲ့သို့ ညွှန်ကြားထားသော်လည်း YBS (၆၅) ယာဉ်လိုင်းတံဆိပ်တပ်ဆင်ထားသော ယာဉ်အမှတ် (2I-2957) မော်တော်ယာဉ်သည် YBS ယာဉ်လိုင်းတွင် အမှန်တကယ်ပြေးဆွဲခြင်းမရှိဘဲ တောင်ဒဂုံမြို့နယ် ရွာသာကြီး အကြီးစားစက်မှုဇုန်အတွင်း စက်ရုံဖယ်ရီပြေးဆွဲလျက်ရှိခြင်း၊ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ (CNG) အား ယာဉ်အမှတ် (6F-3682) သို့ တရားမဝင်ရောင်းချခြင်းများ ပြုလုပ်နေကြောင်း တာဝန်သိပြည်သူတစ်ဦးက တိုင်ကြားလာသည့်အတွက် တာဝန်ရှိသူများအနေဖြင့် သွားရောက်စစ်ဆေးခဲ့ရာ အမှန်တကယ်ကျူးလွန်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့်‌ ယာဉ်အမှတ် (2I-2957) နှင့် (6F-3682) ခရီးသည် တင်ယာဉ်နှစ်စီးအား ဇွန် ၃၀ ရက်မှစ၍ ရာသက်ပန်ဓာတ်ငွေ့ဖြည့်သွင်း ခွင့်ပိတ်သိမ်းအရေးယူဆောင်ရွက်ခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

သတင်းစဉ်