နေပြည်တော် ဇူလိုင် ၁၀
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးမြစ်သားမြို့နယ် ယုဇနတံတား အသစ်တည်ဆောက်ပြီးစီးသဖြင့် မော်တော်ယာဉ်များ စတင်ဖြတ်သန်းခွင့်ပြုနေမှုကို ကွင်းဆင်းကြည့်ရှုသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက မော်တော်ယာဉ်များကို သတ်မှတ်ချက်နှင့်အညီ စနစ်တကျ ဖြတ်သန်းသွားလာစေရေး ကြီးကြပ်ဆောင်ရွက်ရန်နှင့် လမ်းဘေးဝဲ၊ ယာတွင် Master Plan အတိုင်း မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းကို လျာထားချက်နှင့်အညီ ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားပြီး တံတားကြီးပေါ်မှ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာမှုအခြေအနေနှင့် တံတားအသစ်ကို ဖြတ်သန်းကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် မြစ်ဆုံကြီးကျေးရွာ အုပ်စုအနီး ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး လမ်းဘေး ဝဲ၊ ယာတွင် ကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်ပြီး တက်ရောက်လာ သူများနှင့်အတူ သတ်မှတ်နေရာများ၌ ပျိုးပင်များကို လူထုလှုပ်ရှားမှုအသွင်ဖြင့် တပျော်တပါးစုပေါင်း စိုက်ပျိုးကြသည်။
သစ်ပင် စိုက်ပျိုးပွဲတွင် ဖျောက်ဆိပ်ပင်၊ မဟော်ဂနီပင်၊ ခရေ၊ ကုက္ကို၊ စိန်ပန်းနှင့် မယ်ဇယ်ပင်များကို စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
