Skip to main content

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ (၁/၂၀၂၆-၂၀၂၇) အစည်းအဝေး ကျင်းပ

နေပြည်တော် ဇူလိုင် ၁၄

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆-၂၀၂၇) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ရုံးအမှတ် (၂၆) ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာ ကံဇော်၊ ဦးမင်းနောင်၊ ဦးမျိုးဇော်သိမ်း၊ ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးသန့်အစီအစဉ်ဖြင့် ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က စိုက်ပျိုးရေးနှင့် မွေးမြူရေးစီမံကိန်း များ၊ ပြည်ပသို့တင်ပို့မည့် ဆန်စပါးစိုက်ပျိုးရေးဇုန် (Rice Export Zone) စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှုကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက မိုးစပါး၊ နွေစပါး၊ ဆောင်းသီးနှံနှင့် ဝါသီးနှံစိုက်ပျိုးမှုများ အကောင်အထည်ဖော်ဆောင်ရွက်မှုကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက တိုင်းဒေသကြီး၊ ပြည်နယ်များသို့ MSME ဖွံ့ဖြိုးရေးချေးငွေနှင့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ ထုတ်ချေး ထားမှုကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမင်းမင်းက စိုက်ပျိုးရေးနှင့် မွေးမြူရေးပို့ကုန်ဆောင်ရွက်မှုနှင့် သွင်းအားစုအခြေအနေများကိုလည်းကောင်း ဆွေးနွေးပြောကြားကြသည်။

ထို့နောက် ကော်မတီအတွင်းရေးမှူးက (၃/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ရှင်းလင်းတင်ပြကာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများထပ်မံထုတ်ချေးပေးရန်နှင့် ချေးငွေသက်တမ်းတိုးမြှင့်ပေးရန် တင်ပြမှုများအပေါ် ကော်မတီအဖွဲ့ဝင်များနှင့် တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က နိဂုံးချုပ်အမှာစကားပြောကြားသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် လက်တွဲပူးပေါင်းပြီး နိုင်ငံတော်မှထောက်ပံ့ပေးသော နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများကို အကျိုးရှိရှိနှင့် ထိရောက်စွာ သုံးစွဲနိုင်ရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်