Skip to main content

ပြည်သူ့လူမှုကူညီစောင့်ရှောက်မှု ရေရှည်ဖွံ့ဖြိုးမှုအထောက်အကူပြု

မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာအခြေခံသည့် နိုင်ငံဖြစ်သလို ဗြဟ္မစိုရ်တရားထွန်းကားသည့် နိုင်ငံဖြစ်သည်။ ဗုဒ္ဓဘာသာအဆုံးအမဖြစ်သည့် သင်္ဂဟတရားနှင့်အညီ သူတစ်ပါးအပေါ် ချီးမြှင့်ထောက်ပံ့လေ့ရှိသည်။ သင်္ဂဟတရားထွန်းကားသည့် လောကကြီးသည် ငြိမ်းချမ်းသာယာ၏။ အခြေအနေအားလျော်စွာ သင်္ဂဟတရား ကျင့်သုံးသူတို့သည် စိတ်ချမ်းသာ၏။ တစ်ဦးနှင့်တစ်ဦး ဆက်ဆံကြရာတွင် သင်္ဂဟတရားသည် အလွန်အရေးကြီး၏။ သင်္ဂဟတရားလေးပါးဖြစ်သည့် ဒါန-ပေးကမ်းချီးမြှင့်ထောက်ပံ့ခြင်း၊ ပေယျဝဇ္ဇ- ချစ်ဖွယ်စကားဖြင့် ချီးမြှင့်ခြင်း၊ အတ္ထစရိယာ- သူ့အကျိုးပြီးမြောက်အောင်ဆောင်ရွက်ခြင်း၊ သမာနတ္တတာ- ကိုယ်နှင့်ထပ်တူ ချီးမြှင့်ခြင်းတို့သည် လောကမင်္ဂလာတရားများဖြစ်သည်။

မြန်မာ့လူ့ဘောင်လောကတွင် အားနည်းသူအမျိုးမျိုးရှိကြသည်။ လူအချင်းချင်း စာနာထောက်ထားမှုဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်ကို မြန်မာနိုင်ငံတွင် ကျင့်သုံးလျက်ရှိသည်။ လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်ကို နိုင်ငံတော်အစိုးရ အနေဖြင့်လည်းကောင်း၊ လူမှုကူညီရေးအဖွဲ့အစည်းများအနေဖြင့်လည်းကောင်း ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံမဏ္ဍိုင်တစ်ခုဖြစ်ပြီး ပြည်သူအားလုံး လူမှုဘဝ လုံခြုံမှုရှိစေရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အပြင် နိုင်ငံ၏စီးပွားရေး၊ လူမှုရေးတို့ကို အထောက်အကူပြုသည့် အရေးပါသောကဏ္ဍတစ်ခုအဖြစ် အသိအမှတ်ပြုထားကြသည်။

လူမှုကာကွယ်စောင့်ရှောက်ရေးဆိုသည်မှာ လူတစ်ဦးချင်းနှင့် အိမ်ထောင်စုများကို စီးပွားရေးနှင့် လူမှုရေးဆိုင်ရာကဏ္ဍများတွင် အန္တရာယ်ကျရောက်နိုင်မှုများမှ ကြိုတင်ကာကွယ်ပေးရေး၊ အခြေခံဝန်ဆောင်မှုများနှင့် အခြေခံအဆောက်အအုံများအပါအဝင် စီးပွားရေးအခွင့်အလမ်းများ မြှင့်တင်ပေးနိုင်ရေး၊ ရုတ်တရက် ဝင်ငွေဆုံးရှုံးမှုများနှင့် အရေးပေါ်အခြေအနေများကြောင့် ဖြစ်ပေါ်လာသည့် လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ အခက်အခဲအကျပ်အတည်းများကို ဖြေရှင်းပေးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရကမူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ၊ အစီအမံများဖြင့် စနစ်တကျ ချမှတ်ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းစဉ်များကို ဆိုလိုသည်။

မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်တွင် အဓိကလုပ်ငန်းစဉ်(၈)ရပ်ဖြစ်သည့် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် အသက်နှစ်နှစ်အရွယ်အထိ ကလေးသူငယ်များကို ထောက်ပံ့ငွေပေးအပ်ခြင်း၊ ယင်းထောက်ပံ့ငွေကို အသက်ပိုကြီးသော ကလေးများအတွက် အဆင့်ဆင့်တိုးချဲ့ ထောက်ပံ့ပေးခြင်း၊ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း၊ ကျောင်းတွင်း အာဟာရကျွေးမွေးသောအစီအစဉ်များ ဆောင်ရွက်ခြင်း၊ အများပြည်သူ အလုပ်အကိုင်ရရှိရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာရေးအစီအစဉ်များ ဆောင်ရွက်ခြင်း၊ အသက်ကြီးသူချင်း ကူညီစောင့်ရှောက်ရေးအဖွဲ့များအား ထောက်ပံ့ခြင်းနှင့် ဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခြင်းတို့ကို ရေးဆွဲထားရှိသည်။

အဆိုပါ မဟာဗျူဟာစီမံချက်ကို လူမှုကာကွယ်စောင့်ရှောက်ရေး၏ အဓိကမဏ္ဍိုင် ၄ ရပ်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ဝန်ကြီးဌာနများအလိုက် လက်ရှိဆောင်ရွက်နေသော လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ထိရောက် အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရအပါအဝင် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ပြည်တွင်း၊ ပြည်ပ ပရဟိတအဖွဲ့အစည်းများသာမက ပြည်သူများ အနေဖြင့်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ လိုသည်။ မဟာဗျူဟာလုပ်ငန်းစဉ်များအနက်မှ အပြည့်အဝဆောင်ရွက်နိုင်ခြင်းမရှိသေးသည့် လုပ်ငန်းများကိုလည်း ကာလတို၊ ကာလလတ်၊ ကာလရှည်စီမံကိန်းရေးဆွဲပြီး ဆောင်ရွက်သွားရန်လိုသည်။ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်လာသည်မှာ ၁၀ နှစ်ကျော်လာပြီဖြစ်၍ ပြန်လည်သုံးသပ်ပြီး ခေတ်နှင့်လျော်ညီပိုမိုကောင်းမွန်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။

လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းသည် အစိုးရတစ်ရပ်အနေဖြင့် မဖြစ်မနေ ဆောင်ရွက်ပေးရမည့် လုပ်ငန်းဖြစ်သကဲ့သို့ ပြည်သူလူထုကိုလည်း အမှန်တကယ် အကျိုးပြုသည့် လုပ်ငန်းများဖြစ်သည်။ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းသည် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးရုံသာမက နိုင်ငံရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုပြီး အရေးပါသည့် ရင်းနှီးမြှုပ်နှံမှုဖြစ်သည်။ နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သည့် “မည်သူတစ်ဦး တစ်ယောက်မျှ နောက်ကျမကျန်စေရ” ဆိုသည့်အချက်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်များ ပိုမိုအားကောင်းလာအောင် နိုင်ငံတော်အစိုးရက အလေးထားဆောင်ရွက်နေသည့် လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင် ဝိုင်းဝန်းလက်တွဲဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း။ ။