Skip to main content

ဒုတိယဝန်ကြီး ဦးမျိုးမြင့် ဖလမ်းမြို့ရှိ ဒေသခံပြည်သူများ၏ နေအိမ်များ ပြန်လည်ပြုပြင်ရန် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်

နေပြည်တော် ဇူလိုင် ၁၆

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ ယမန်နေ့က အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဖလမ်းမြို့ရှိ ဒေသခံပြည်သူများ၏ နေအိမ်များ ပြန်လည်ပြုပြင်နိုင်ရန်အတွက် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သည်။

ဦးစွာ နိုင်ငံတော်မှထောက်ပံ့သော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောက်ရှိနေမှုနှင့် ယာယီသိုလှောင်ထိန်းသိမ်းထားရှိမှုအခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုပြီး ထောက်ပံ့ပစ္စည်းများ စနစ်တကျသိုလှောင်ထားရှိရန်၊ မြေပြင်နှင့် ကွဲလွဲမှုမရှိစေရေး၊ အလေအလွင့်မရှိစေရေး စီမံဆောင်ရွက်ကြရန်၊ အမှန်တကယ် ထောက်ပံ့ရန်လိုအပ်သည့် ဒေသခံပြည်သူများမကျန်ရှိစေရန်နှင့် အမြန်ဆုံးဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားကာ ထိခိုက်ပျက်စီးခဲ့သည့် ဒေသခံပြည်သူများ၏ နေအိမ်များအတွက် အခြေခံဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် ဘိလပ်မြေ၊ သွပ်နှင့် ရိုက်သံများကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သည်။

ထို့နောက် အလုံးစုံပျက်စီးသွားသည့် နေအိမ်များ၊ တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့် နေအိမ်များ၊ အနည်းငယ်ပျက်စီးသွားသည့် နေအိမ်များကို နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းပြင်ဆင်ပေးနေမှုကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များမှာကြားကာ ဒေသခံပြည်သူများကို အားပေးစကားပြောကြားသည်။

ဖလမ်းမြို့ တလန်လိုရပ်ကွက်၊ ဗလိုင်ရပ်ကွက်နှင့် ကျင်မွာလ်ရပ်ကွက်ရှိ အလုံးစုံပျက်စီးသွားသည့် နေအိမ် ၁၁ လုံးအတွက် ဘိလပ်မြေ ၅၅ အိတ်၊ သွပ်အချပ် ၃၃၀ ၊ တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့် နေအိမ်ကိုးလုံးအတွက် ဘိလပ်မြေ ၄၅ အိတ်၊ သွပ်အချပ် ၁၈၀ ၊ အနည်းငယ်ပျက်စီးသွားသည့် နေအိမ်တစ်လုံးအတွက် သွပ် ၁၀ ချပ်၊ ဖလမ်းမြို့နယ် ရဲတပ်ဖွဲ့ရှိ အဆောက်အအုံများအတွက် သွပ်အချပ် ၁၀၀ ၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းအတွက် သွပ် ၁၁ ချပ်နှင့် ဒေသခံပြည်သူနေအိမ်များအတွက် သွပ် ၅၄ ချပ် စုစုပေါင်းဘိလပ်မြေ အိတ် ၁၀၀ ၊ သွပ် ၆၈၅ ချပ်နှင့် သွပ်ရိုက်သံများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ထိခိုက်ပျက်စီးသွားသည့် အဆောက်အအုံနှင့် နေအိမ်များအတွက် ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်