Skip to main content

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၅ ရက်မြောက်နေ့ ကျင်းပ

နေပြည်တော် ဇူလိုင် ၁၇

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၅ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် လယ်ယာထွက်ကုန်များ တန်ဖိုးမြင့်ထုတ်လုပ်ရောင်းချနိုင်ရေး၊ MSME လုပ်ငန်းများနှင့် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းများနှင့် မြစ်ကူးကြိုးတံတားများ ပြုပြင်ပေးနိုင်ရေး၊ ဝန်ထမ်းအိမ်ရာတည်ဆောက်ပေးနိုင်ရေး၊ မြေယာလျော်ကြေးရရှိရေးတို့နှင့်စပ်လျဉ်း၍ မေးခွန်း ၁၀ ခု မေးမြန်းဖြေကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။

ဦးစွာ ရမည်းသင်း မဲဆန္ဒနယ်မှ ဦးညွန့်ဆောင်၏ ရမည်းသင်းမြို့နယ်တွင် နှစ်ရှည်သီးပင်စားပင်များ၊ ဥယျာဉ်လယ်ယာသီးနှံထွက်ကုန်များကို တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်ရောင်းချနိုင်ရေး ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း‌၍ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဒေသထွက်ကုန်နှင့် တန်ဖိုးမြင့်ထုတ်ကုန်များကို လူသိများလာစေရန်နှင့် လက်ကားဖြန့်ချိသူများနှင့် ချိတ်ဆက်မိစေရန်အတွက် ပြပွဲ၊ ပြိုင်ပွဲများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ဒီဂျစ်တယ်အသုံးပြု၍ MSME ထုတ်ကုန်များ ဈေးကွက် ကျယ်ပြန့်စေရန်အတွက် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနအနေဖြင့် www.emart-mmp.gov.mm Platform ကို ၂၀၂၂ ခုနှစ်တွင် စတင်တည်ထောင်ပြီး Online ၊ Offline စနစ်များဖြင့် ဈေးကွက်ရရှိစေရေးအတွက် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

မိမိတို့ဒေသ စီးပွားရေးရေရှည်အောင်မြင်ရန်အတွက် နိုင်ငံတော်၏ ပံ့ပိုးမှုအပြင် ဒေသခံများ၊ လုပ်ငန်းရှင်ကိုယ်တိုင်၏ စိတ်ဝင်စားမှုနှင့် အားစိုက်ထုတ်မှုသည် အဓိကအကျဆုံးသော့ချက်ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်ကြမ်းအတိုင်း ဈေးပေါပေါဖြင့် ရောင်းချခြင်းထက် တန်ဖိုးမြင့်ကုန်ချောအဖြစ် ပြောင်းလဲလိုသည့် စိတ်ဝင်စားမှုရှိရမည်ဖြစ်သည့်အပြင် အစုအဖွဲ့ဖြင့် စနစ်တကျစုဖွဲ့ဆောင်ရွက်ခြင်း၊ ဝန်ကြီးဌာန/ အဖွဲ့အစည်းများမှ ပံ့ပိုးဖွင့်လှစ်ပေးသော သက်ဆိုင်ရာသင်တန်းများ၊ အသိပညာပေးဆွေးနွေးပွဲများသို့ တက်ရောက်ခြင်းနှင့် အရည်အသွေးထိန်းသိမ်းခြင်းတို့ကို ကိုယ်တိုင် တက်ကြွစွာ အားစိုက်ထုတ်ပါဝင်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း။

ရမည်းသင်းမြို့နယ်တွင် နှစ်ရှည်သီးပင်စားပင်များ၊ ဥယျာဉ်လယ်ယာသီးနှံထွက်ကုန်များကို ကျေးရွာအလိုက်ဖြစ်စေ၊ အိမ်ထောင်စုအလိုက်ဖြစ်စေ တန်ဖိုးမြင့်ထုတ်ကုန်များ (Value Added Goods) အဖြစ် ထုတ်လုပ်ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် ဒေသခံများ၊ လုပ်ငန်းရှင်များကိုယ်တိုင် တက်ကြွသော အားစိုက်ထုတ်မှုများရရှိလာစေရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မန္တလေးတိုင်းဒေသကြီး MSME အေဂျင်စီတို့၏ ပံ့ပိုးကူညီမှုများနှင့်အတူ အနီးကပ်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားရမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ကျောင်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာထိန်ဝင်း၏ MSME လုပ်ငန်းများနှင့် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်မည့်အစီအမံများ သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက MSME လုပ်ငန်းများ ရင်ဆိုင်နေရသော စိန်ခေါ်မှုများ (ဘဏ္ဍာရေး၊ နည်းပညာ၊ ဈေးကွက်) စသည်တို့ကို ဝန်ကြီးဌာနအနေဖြင့် သိရှိနားလည်ပြီးဖြစ်ပါကြောင်း၊ ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးမှုအနေဖြင့် MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေကို ငွေကျပ်ဘီလီယံ ၁၇၀ ဖြင့် အခိုင်အမာထူထောင်ထားပြီးဖြစ်ပါကြောင်း၊ အဆိုပါရန်ပုံငွေအနက်မှ ငွေကျပ်ဘီလီယံ ၁၅၀ ကို ၂၀၂၄ ခုနှစ်၊ အောက်တို ဘာလမှစ၍ MSME ချေးငွေအဖြစ် ထုတ်ချေးပေးလျက်ရှိပြီး ကျန်ရှိသည့် ရန်ပုံငွေ ငွေကျပ်ဘီလီယံ ၂၀ ကို ချေးငွေမဟုတ်သည့် MSME ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ထိရောက်စွာ ခွဲဝေကျခံသုံးစွဲလျက်ရှိပါကြောင်း။

နိုင်ငံတော်အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ၊ ဥပဒေနှင့် နည်းဥပဒေများကို ထုတ်ပြန်ထားရှိပြီး အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် အကာအကွယ်ပေးရေးဥပဒေအဖြစ် ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေးအတွက်လည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၏ လိုအပ်ချက်များကို စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဝင် ဝန်ကြီးဌာနများ၏ ဘဏ္ဍာငွေခွဲဝေရရှိမှုအရလည်းကောင်း၊ ဒေသဆိုင်ရာကော်မတီများနှင့် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီများ၏ စက်မှုဇုန်ဖွံ့ဖြိုးရေးရန်ပုံငွေမှ လည်းကောင်း၊ နှစ်အလိုက် ဦးစားပေးအစီအစဉ်အနေဖြင့် လျှပ်စစ်မီးအပြည့်အဝရရှိရေး၊ ကျွမ်းကျင်လုပ်သားများ လေ့ကျင့်မွေးထုတ်ပေးနိုင်ရေး၊ ထုတ်လုပ်မှုပိုင်းဆိုင်ရာ လိုအပ်ချက်များအား ပိုမိုဖြည့်ဆည်းပေးနိုင်ရေးတို့ကို အစီအမံများ ချမှတ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဗဟိုကော်မတီအနေဖြင့် မူဝါဒချမှတ်ခြင်းနှင့် အခက်အခဲများကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ ဒေသဆိုင်ရာကော်မတီများနှင့် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ များအနေဖြင့် အနီးကပ်ကြီးကြပ်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့ဖြင့် အုပ်ချုပ်မှုအပိုင်း၊ ပေါင်းစပ်ညှိနှိုင်းမှုအပိုင်းများကို Zone Level, Regio-nal Level, State Level အလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

မြန်အောင်မဲဆန္ဒနယ်မှ ဦးအောင်ဝင်းဆွေ၏ မြန်အောင်မြို့နယ်၊ ထူးကြီး-ရွှေကျင်လမ်းပိုင်းမှ ရွှေကျင်မှ မဲဇင်းအထိ ၅ မိုင်ခွဲခန့်ကို ကွန်ကရစ်လမ်းခင်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ထူးကြီး-ရွှေကျင်လမ်းသည် စုစုပေါင်း အရှည် ၈ မိုင် ၃ ဖာလုံရှိပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း၊ လက်ရှိလမ်းအခြေအနေမှာ ကျောက်ခင်းလမ်း ၇ မိုင် ၂ ဖာလုံနှင့် အမာခံလမ်း ၁ မိုင် ၁ ဖာလုံဖြစ်ပြီး စုစုပေါင်း ၈ မိုင် ၃ ဖာလုံရှိပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် ထူးကြီး - ရွှေကျင်လမ်း ၈ မိုင် ၃ ဖာလုံအတွင်း လမ်းအရှည် ၄ ဖာလုံအား ချောင်းကျောက်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုထားပြီးဖြစ်ပါကြောင်း။

အဆိုပါလမ်းပိုင်းတွင် ပထမအဆင့်အနေဖြင့် အမာခံလမ်း ၁ မိုင် ၁ ဖာလုံအား ကျောက်ခင်းလမ်း အဖြစ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှစတင်၍ ရန်ပုံငွေလျာထားပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ဒုတိယအဆင့်အနေဖြင့် ဖော်ပြပါလမ်းပိုင်းတွင် ရွှေကျင်မှ မဲဇင်းအထိ ကျောက်ခင်းလမ်း ၅ မိုင် ၂ ဖာလုံခန့်ကို ၁၂ ပေအကျယ် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ဆက်လက်ဆောင်ရွက်နိုင်ရန် နှစ်အလိုက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေတွင် လျာထားနိုင်ရေးဆောင်ရွက်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မဲဆန္ဒနယ်မှ ဒေါက်တာ ရွှေပြည်စိုး၏ ဒဂုံမြို့သစ်ခရိုင်ကို ခရိုင်ချင်းဆက်လမ်းကတစ်ဆင့် မြို့တော်ပတ်လမ်း တည်ဆောက်ရန်၊ ရန်ကုန်အဝင် အထူးဖွံ့ဖြိုးရေးခရိုင်အဖြစ် သတ်မှတ်၍ စီးပွားရေးမြှင့်တင်ရန်နှင့် အထူးဖွံ့ဖြိုးတိုးတက်လာအောင် မည်သို့စီမံဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ဒဂုံမြို့သစ်ခရိုင်သည် လူဦးရေနှင့် ဖွံ့ဖြိုးမှုအလားအလာအရ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တွင် ရေးဆွဲခဲ့သော ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း Master Plan တွင် မြို့ပြဗဟိုခွဲ (Sub-center) အဖြစ် သတ်မှတ်ထားသည့် ဧရိယာတစ်ခု ဖြစ်ပါကြောင်း၊ Sub-center ဖြစ်သော ဒဂုံမြို့သစ်ခရိုင်ကို စနစ်တကျ တိုးတက်လာစေရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ခရိုင်အတွင်းရှိလမ်းများ အဆင့်မြှင့်တင်ခြင်း၊ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ခြင်း၊ ရေပေးဝေရေးစနစ်များ ဆက်သွယ်ဆောင်ရွက်ခြင်း၊ အများပြည်သူအပန်းဖြေရန် ပန်းခြံ၊ ကစားကွင်းများ ဆောက်လုပ်ပေးခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများကလည်း ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုအဆောက်အအုံများ ဆောက်လုပ်ဖြည့်ဆည်းခြင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ဒဂုံမြို့သစ်ခရိုင်အတွင်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပုဂ္ဂလိကနှင့်ပူးပေါင်း၍ Smart District ဧရိယာပါဝင်သည့် အိမ်ရာစီမံကိန်းများ၊ အငှားအိမ်ရာများ၊ စက်မှုဇုန်များကိုလည်း နှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဒဂုံမြို့သစ်ခရိုင်အတွက် သီးသန့်မြို့တော်ပတ်လမ်းမ ထပ်မံတည်ဆောက်ရန်မလိုအပ်ဘဲ လက်ရှိချိတ်ဆက်ထားပြီးဖြစ်သော Inner Ring Road/ Outer Ring Road များနှင့် မြို့တွင်းချိတ်ဆက်လမ်းကွန်ရက်များကို အသုံးပြု၍ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့၏ ဆောင်ရွက်ဆဲစက်မှုဇုန်များနှင့် မြို့ပြအခြေခံအဆောက်အအုံလုပ်ငန်းများ၊ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း များကို ဟန်ချက်ညီညီ ဆက်လက်ဆောင်ရွက်သွားခြင်းဖြင့် ဒဂုံမြို့သစ်ခရိုင်သည် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ Master Plan အရ Sub-center အဖြစ် သတ်မှတ်ပြီး စီမံကိန်းများဆောင်ရွက်ရန်ရှိပါသဖြင့် သီးခြားမြို့တော်ပတ်လမ်းအဖြစ် ထပ်မံတည်ဆောက်ရန်နှင့် သီးခြားအထူးဖွံ့ဖြိုးရေးခရိုင်အဖြစ် ထပ်မံသတ်မှတ်ဆောင်ရွက်ရန် မရှိပါကြောင်း ဖြေကြားသည်။

ကလေးဝမဲဆန္ဒနယ်မှ ဦးတင်ထွန်းလွင်၏ မြစ်သာမြစ်ကူးကြိုးတံတား (ကလေးဝ) ၏ တံတား ထိန်းကြိုးများအား ဆောလျင်စွာပြုပြင်ထိန်းသိမ်းရန် မည်သည့်အချိန်၊ မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က မြစ်သာ မြစ်ကူးကြိုးတံတား (ကလေးဝ) သည် စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် မုံရွာ-ယာကြီး-ကလေးဝလမ်းပေါ်ရှိ မိုင်တိုင် (၁၁၅/၂ မှ ၁၁၅/၅) အကြားတွင် တည်ရှိပါကြောင်း၊ တံတားအမျိုးအစားမှာ သံမဏိသံပေါင်ကြိုးတံတားဖြစ်ပြီး ၂၀၀၄ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သဖြင့် တံတား သက်တမ်းမှာ ၂၂ နှစ်ကြာမြင့်ပြီဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ်တွင် အကြမ်းဖက်အဖွဲ့များ၏ ဖျက်ဆီးမှုကြောင့် ယာကြီးဘက်ကမ်း (ရေစုန်ဘက်ခြမ်း) တံတား၏ ပင်မကြိုးအချို့မှာ ပျက်စီးသွားခဲ့သဖြင့် ယခင်ခွင့်ပြုထားသော တံတားခံနိုင်ဝန် ၆၀ တန်မှ ယခုအခါ လူစီးမော်တော်ယာဉ်ငယ်များနှင့် စုစုပေါင်း ၃ တန်အထိ တင်ဆောင်ထားသော ယာဉ်များသာ ဖြတ်သန်းခွင့်ပြုထားပါကြောင်း။

ယာကြီးဘက်ကမ်း ရေစုန်ဘက်ခြမ်းရှိ ပင်မကြိုးအမှတ် (၁) နှင့် အမှတ် (၂) တို့အား ပြန်လည်ပြုပြင်နိုင်ရန်အတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် မြစ်သာမြစ်ကူးကြိုးတံတား (ကလေးဝ) ပြန်လည် ပြုပြင်နိုင်ရေးအတွက် အသေးစိတ်စစ်ဆေးတိုင်းတာခြင်း (Detail Inspection)၊ လိုအပ်သော ကြိုးတံတားပစ္စည်းများအား ပြည်ပမှ မှာယူခြင်းနှင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများအား ဆောလျင်စွာပြီးစီးနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပါ ကြောင်း ဖြေကြားသည်။

ဖားကန့်မဲဆန္ဒနယ်မှ ဦးသက်ပိုင်ထူး၏ မိုးကောင်း-ကာမိုင်း-ဖားကန့်ကားလမ်းမကြီးအား နိုင်လွန်ကတ္တရာ/ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က မိုးကောင်း - ကာမိုင်း - ဖားကန့်လမ်းသည် မိုးကောင်း (ပါဟုတ်) - ကာမိုင်း လမ်းအရှည် ၁၇ မိုင်နှင့် လဝါး-ကာမိုင်း-လုံးခင်း-ဖားကန့် လမ်းပိုင်းအရှည် ၄၀ မိုင် ၇ ဖာလုံ၊ စုစုပေါင်းအရှည် ၅၇ မိုင် ၇ ဖာလုံ ရှိပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းပိုင်းအား နယ်မြေဒေသအခြေအနေများအရ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှ စတင်၍ ယနေ့အချိန်အထိ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အခက်အခဲရှိသည့်အတွက် လမ်းလုပ်ငန်းများ ဆောင်ရွက်ခြင်း ရပ်ဆိုင်းခဲ့ရပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင်လည်း နယ်မြေအခြေအနေအရ ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် ရန်ပုံငွေလျာထား ခြင်းမရှိခဲ့ပါကြောင်း။

အဆိုပါလမ်းအား နိုင်လွန်ကတ္တရာ/ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် လတ်တလောတွင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးသော်လည်း နယ်မြေအခြေအနေအရ ဆောင်ရွက်နိုင်သည့်အချိန်တွင် လမ်းပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို နီးစပ်ရာဘဏ္ဍာနှစ်များတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေတွင် ထည့်သွင်းလျာထားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ကလောမဲဆန္ဒနယ်မှ ဒေါက်တာနန္ဒာလှမြင့်၏ ကလောမြို့နယ်တွင် ဝန်ထမ်းအိမ်ရာများကို မည်သည့်အချိန်တွင် စီမံဆောက်လုပ်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ကလောမြို့နယ်တွင် တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများအတွက် သီးခြားအိမ်ရာမရှိသော်လည်း ဦးစီးဌာနများအလိုက် ရုံးနှင့်တွဲလျက် တည်ဆောက်ထားသော ဝန်ထမ်းအိမ်ရာ များတွင် အများအားဖြင့် နေထိုင်လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ နှစ်အလိုက် ဘဏ္ဍာရန်ပုံငွေခွင့်ပြုမှုအရ ရှမ်းပြည်နယ်အတွင်းရှိ အိမ်ရာအခက်အခဲရှိသောမြို့များကို စိစစ်ရွေးချယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဝန်ထမ်းအိမ်ရာများကို ဆောင်ရွက်ပေးလျက်ရှိရာ စုစုပေါင်းဝန်ထမ်းအိမ်ရာအဆောက်အအုံ ၁၉၅ လုံး (အခန်း ပေါင်း ၂၁၂၈ ခန်း) တည်ဆောက်ပေးပြီးဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ မြို့ ၁၂ မြို့တို့တွင် ဝန်ထမ်းအိမ်ရာအဆောက်အအုံအလုံးရေ ၈၀ (အခန်း ပေါင်း ၁၁၅၄ ခန်း) ဆောင်ရွက်ပေးထားပါကြောင်း။

ကလောမြို့တွင် ဝန်ထမ်းအိမ်ရာများကို စီမံဆောက်လုပ်ပေးရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မြေနေရာရရှိရေးကို ကနဦးလျာထားဆောင်ရွက်ရမည်ဖြစ်ပြီး မြေနေရာသတ်မှတ်ပြီးလျှင် ဝန်ထမ်းအိမ်ရာ လိုအပ်ချက်ကို စိစစ်၍ နှစ်အလိုက် ရန်ပုံငွေ လျာထားဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်းနှင့် လတ်တလောအခြေအနေအရ လျာထားဆောင်ရွက်နိုင်ခြင်းမရှိသေးပါကြောင်း ဖြေကြား သည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) မဲဆန္ဒနယ်မှ ဦးတင့်ဝေ၏ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အား မြို့ကွက်သစ်ဖော်ရာတွင် ကျေးရွာ လေးရွာမှ လယ်ယာမြေများ သိမ်းဆည်းခဲ့သည့်အတွက် မြေကွက်အစားထိုးပေးအပ်ခြင်းနှင့် လျော်ကြေးငွေပေးအပ်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်းရှိ တိုးကြောင်ကြီး၊ တိုးကြောင်ကလေးကျေးရွာအပါအဝင် ကျေးရွာ လေးရွာသည် ၁၉၈၉-၁၉၉၀ ခုနှစ်၊ ဒဂုံမြို့သစ်စီမံကိန်း အကောင်အထည် ဖော် ဆောင်ရွက်ခဲ့သော မြေနေရာများဖြစ်ပြီး မြို့ကွက်သစ်များအဖြစ် ဖော်ဆောင်ခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါကျေးရွာများမှ သိမ်းဆည်းခံ လယ်ယာမြေများအတွက် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် (၃၃)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် (၁၂၅)၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ မြေတိုင်းရပ်ကွက် အမှတ် (၂၆) တို့တွင် ၎င်းအချိန်ကာလကတည်းက မြေကွက်များ အစားထိုးပေးအပ်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ မြေယာလျော်ကြေးငွေနှုန်းထားများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တန်ဖိုးသင့် စိစစ်သတ်မှတ်ရေးအဖွဲ့မှ ၂၀၁၇ ခုနှစ်တွင် သတ်မှတ်ထားသော လျော်ကြေးငွေနှုန်းထားအတိုင်း ပေးလျော် လျက်ရှိပါကြောင်း။

ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ် ရေးကော်မတီမှ လျော်ကြေးပေးရန် စိစစ်ဆုံးဖြတ်ထားသော မြေနေရာများကို သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ဘဏ္ဍာငွေတင်ပြတောင်းခံရရှိမှုပေါ်မူတည်၍ လယ်သမားများကို နှစ်စဉ်လယ်ယာမြေလျော်ကြေးများ ပေးလျော်လျက်ရှိပါကြောင်း။

လျော်ကြေးငွေရရှိခြင်းမရှိဘဲ ကျန်ရှိနေပါက လယ်သမားများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီသို့ တင်ပြလျှောက်ထားသွားရမည်ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီမှ ပေးလျော်ရန် ကျန်ရှိကြောင်း စိစစ်တင်ပြလာပါက ၂၀၁၇ ခုနှစ်က သတ်မှတ်ထားသည့် လျော်ကြေးငွေနှုန်းထားအတိုင်း ပေးလျော်သွားမည် ဖြစ်ပါကြောင်းနှင့် ခေတ်ကာလပေါက်ဈေးအရ လျော်ကြေးငွေပေးလျော်ရန် အစီအစဉ်မရှိပါကြောင်း ဖြေကြားသည်။

မြို့သစ်မဲဆန္ဒနယ်မှ ဦးစိုးဝင်း၏ တောင်တွင်းကြီးနှင့် မြို့သစ်မြို့နယ်ကြားရှိ သံကူကွန်ကရစ်ရေကျော် အား သံကူကွန်ကရစ်“အမြင့်”ရေပေါ်အဖြစ် လာမည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးနိုင်မှုရှိ၊ မရှိ သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ပုလင်းချောင်း ရေကျော်သည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသော တောင်တွင်းကြီး-မြို့သစ်-နတ်မောက်လမ်းမိုင် (၁၄/၀-၁၄/၁) အတွင်း တည်ရှိပါကြောင်း၊ အဆိုပါ ရေကျော်အား ၁၉၉၄ ခုနှစ်တွင် တည်ဆောက်ခဲ့သဖြင့် နှစ်ပေါင်း ၃၂ နှစ်ကျော် ကြာမြင့်ပြီဖြစ်ပါကြောင်း၊ ပုလင်းချောင်းရေကျော်သည် မိုးတွင်းကာလမိုးများ၍ ချောင်းရေကျပါက ယာဉ်များ သွားလာရန်ခက်ခဲ၍ ချောင်းရေလျော့နည်းသည့်အချိန်ထိ တစ်နာရီခွဲခန့် စောင့်ဆိုင်းဖြတ်သန်းသွားလာရပါကြောင်း။

အဆိုပါရေကျော်နေရာအား သံကူကွန်ကရစ်တံတားအသစ် အလျားပေ ၂၄၀ တည်ဆောက်ရန် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှစတင်၍ နှစ်အလိုက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေတွင် လျာထားနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

မိုင်းကိုင် မဲဆန္ဒနယ်မှ ဒေါ်နန်းသန်းသန်းမွှေး၏ မိုင်းကိုင်လမ်းပိုင်းနှင့် ပန်ကေတု - ကျေးသီးလမ်းပိုင်းအား ချဲ့ပေးရန် ၂ဝ၂၆ -၂ဝ၂၇ ဘဏ္ဍာရေးနှစ်တွင် လျာထားနိုင်ခြင်း ရှိ၊ မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က မိုင်းကိုင်လမ်းပိုင်းသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်-ပန်ကေတု - သီပေါ(ခိုလုံ)လမ်း၏ လမ်းအစိတ်အပိုင်းဖြစ်ပြီး မိုင်းကိုင်မြို့မှ ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် (မြောက်ပိုင်း) နယ်စပ်အထိ ၄ဝ မိုင် ၂ ဖာလုံအရှည်ရှိပြီး ပြည်ထောင်စုမှ စီမံခန့်ခွဲသည့်လမ်းဖြစ်ပါကြောင်း၊ ပန်ကေတု-ကျေးသီးလမ်းပိုင်းသည် ကွန်ဟိန်း-မိုင်းနောင်-ကျေးသီး-ပန်ကေတုလမ်း၏ လမ်းအစိတ်အပိုင်းဖြစ်၍ ၁၁ မိုင် အရှည်ရှိပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့်လမ်းဖြစ်ပါကြောင်း။

အဆိုပါလမ်းပိုင်းများအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ လွိုင်လင် - ပန်ကေတု- သီပေါ (ခိုလုံ) လမ်း၏ မိုင်းကိုင်လမ်းပိုင်းတွင် ကတ္တရာ ရေပိတ်လွှာလောင်းခြင်း ၃ ဖာလုံ၊ အမာခံလမ်းပခုံး ပြုပြင်ခြင်း ၃ ဖာလုံ၊ မြေသားလမ်းပခုံးနေရာများ ပြုပြင်ခြင်း ၉ မိုင် ၃ ဖာလုံပြုပြင်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ဒုတိယအဆင့်အနေဖြင့် မိုင်းကိုင်လမ်းပိုင်းရှိ ပျက်စီးနေသောလမ်းပိုင်းများအား ပြည်ထောင်စုပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် ဦးစားပေးအလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကွန်ဟိန်း-မိုင်းနောင် - ကျေးသီး - ပန်ကေတုလမ်း၏ ပန်ကေတု - ကျေးသီး လမ်းပိုင်းအား လမ်းအနိမ့် အမြင့်ဖြေညှိ၍ ကတ္တရာရေပိတ်လွှာလောင်းခြင်း ၆ ဖာလုံ၊ ကတ္တရာလမ်းပြုပြင်ခြင်း ၂ ဖာလုံ၊ သာမန်ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

အဆိုပါ လမ်းနှစ်လမ်းနှင့်ပတ်သက်၍ ပထမအဆင့်အနေဖြင့် ပြည်ထောင်စုနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် လွိုင်လင်-ပန်ကေတု-သီပေါလမ်းအား ၁၈ ပေ အကျယ် ကတ္တရာလမ်းချဲ့ခင်းခြင်း ၄ မိုင်၊ ၂ ပေ အကျယ် ကတ္တရာထပ်ပိုးလွှာခင်းခြင်း ၁ မိုင် ၇ ဖာလုံ၊ ၁၀ ပေ ၃၄ ပေ တည်ဆောက်ခြင်း၊ သံကူကွန်ကရစ်တံတား နှစ်စင်း တည်ဆောက်ခြင်းနှင့် ကွန်ဟိန်း- မိုင်းနောင် - ကျေးသီး - ပန်ကေတု လမ်းအား ၁၈ ပေ အကျယ် ကတ္တရာလမ်းချဲ့ခင်းခြင်း ၁ မိုင် ၂ ဖာလုံ ဆောင်ရွက်ခြင်းလုပ်ငန်းများကို လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

မိုင်းကိုင်လမ်းပိုင်း ၂၆ မိုင်ခန့်နှင့် ပန်ကေတု- ကျေးသီးလမ်းပိုင်း ၁၁ မိုင်အား လမ်းအကျယ် ၁၈ ပေ အကျယ်ချဲ့ခြင်းလုပ်ငန်းများကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှစတင်ပြီး မိုင်းကိုင်လမ်းပိုင်းအား ပြည်ထောင်စုရန်ပုံငွေနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ပန်ကေတု-ကျေးသီးလမ်းပိုင်းသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းဖြစ်ပါသဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၅ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၂၆ ရက်မြောက်နေ့ကို ဇူလိုင် ၂၀ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်