Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇူလိုင် ၁၇

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur ဦးဆောင်သောအဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မိမိတို့နိုင်ငံတွင် လွှတ်တော်နှစ်ရပ်ရှိသဖြင့် အိန္ဒိယနိုင်ငံနှင့် လွှတ်တော်ဖွဲ့စည်းမှု တူညီပါကြောင်း၊ မိမိတို့လွှတ်တော်တွင် လွှတ်တော်ငယ်များဟု တင်စားခေါ်ဆိုသည့် ကော်မတီ ၂၂ ခု ဖွဲ့စည်းထားပါကြောင်းနှင့် လွှတ်တော်ရေးရာဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်များ စွမ်းဆောင်ရည်မြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်နိုင်ရေးလုပ်ငန်းစဉ်များ တစ်ဆင့်တက်ဆောင်ရွက်ရန် ဆန္ဒရှိပါကြောင်း၊ အိန္ဒိယနိုင်ငံ၏ Federalism စနစ်နှင့်စပ်လျဉ်း၍ လေ့လာလိုပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအစိုးရအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိသည့်အတွက် လွှတ်တော်အချင်းချင်းလည်း ရင်းနှီးစွာ ထိတွေ့ဆောင်ရွက်ရေးကဏ္ဍကို တိုးမြှင့်ဆောင်ရွက်သွား လိုပါကြောင်း၊ မိမိတို့အနေဖြင့် ဥပဒေပြုရေးအပါအဝင် လွှတ်တော်လုပ်ငန်းစဉ်များ၏ ကဏ္ဍစုံတွင် အဓိကထားပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း၊ ယခုမြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသည် မိမိတို့လွှတ်တော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှု၏ တစ်စိတ်တစ်ပိုင်းဟု မှတ်ယူထားပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အိန္ဒိယသံအမတ်ကြီးက ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတို့နှင့် ယခင်ကပင် ပုဂ္ဂိုလ်ရေးရင်းနှီးမှုများ ရှိကြ၍ ထပ်မံတွေ့ဆုံရသည်ကို ဝမ်းသာပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအတွက် စွမ်းရည် မြှင့်တင်ရေးနှင့်ပတ်သက်၍ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လွှတ်တော်အချင်းချင်း ထိတွေ့ဆက်ဆံရေးကိုလည်း အကူအညီပေးမည်ဖြစ်ပါကြောင်း ပြောကြားသည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာပွင့်ဆန်း၊ ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်း၊ နိုင်ငံတကာဆက်ဆံရေးကော်မတီအဖွဲ့ဝင် ဒေါ်အေးမြမြကြိုင်နှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အိန္ဒိယသံအမတ်ကြီးနှင့်အတူ အိန္ဒိယကမ္ဘာ့ရေးရာကောင်စီ ခေတ္တအကြီးအကဲ Mr. N J Gangte နှင့် အိန္ဒိယသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်