နေပြည်တော် ဇူလိုင် ၁၇
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဗဟိုဦးစီးအဖွဲ့၏ (၁/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုဦးစီးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကြောင့် နောက်ဆက်တွဲရောဂါများ မဖြစ်ပွားစေရေး အလေးထားကြပ်မတ်စိစစ်ဆောင်ရွက်လျက်ရှိပြီး ဖြစ်ပွားလာပါကလည်း ကုသမှုပေးနိုင်ရေး ကုသရေးယူနစ်များ ဖွင့်လှစ်ထားရှိကြောင်း ပြောကြားသည်။
အစည်းအဝေးတွင် ဗဟိုဦးစီးအဖွဲ့ဥက္ကဋ္ဌ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက အမှာစကားပြောကြားပြီး ဗဟိုဦးစီးအဖွဲ့အတွင်းရေးမှူး၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဗဟိုဦးစီးအဖွဲ့နှင့် ဗဟိုကြီးကြပ်ရေးအဖွဲ့တို့၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ ဗဟိုဦးစီးအဖွဲ့က ဆုံးဖြတ်ရမည့် အမှာစာများ၊ ဥပဒေနှင့် နည်းဥပဒေများအား အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေကို ဆွေးနွေးတင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ပညာပေးခြင်းနှင့် လေ့ကျင့်သင်ကြားပေးခြင်းဆိုင်ရာလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရေး၊ ဘေးအန္တရာယ်ဆိုင်ရာ သတိပေးဆိုင်းဘုတ်များ တပ်ဆင်ရေး၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကြောင့် အန္တရာယ်ဖြစ်ပွားပါက အရေးပေါ်တုံ့ပြန်နိုင်ရေး ဆောင်ရွက်မည့် အစီအမံများ၊ အရေးပေါ်တုံ့ပြန် နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုများ၊ သတ္တုတူးဖော်ခြင်းလုပ်ငန်းများမှ ထွက်ရှိသည့် စွန့်ပစ် ဓာတုပစ္စည်းများမှ ဘေးအန္တရာယ်မဖြစ်စေရေး ဝန်ကြီးဌာနများအနေဖြင့် ဓာတုပစ္စည်းများကြောင့် ဘေးအန္တရာယ်မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိမှုအခြေအနေတို့ကို ဝိုင်းဝန်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
