Skip to main content

သစ်သီးဝလံထုတ်လုပ်မှု စွမ်းရည်မြှင့်တင်ရေးနှင့် တာဝန်ယူမှုရှိသော ခရီးသွားလုပ်ငန်းတို့ အကြား ချိတ်ဆက်လုပ်ကိုင်မှု ဖွံ့ဖြိုးရေးစီမံကိန်း၏ တတိယအကြိမ် စီမံကိန်းကြီးကြပ်မှု ကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂

ဆွစ်ဇာလန်နိုင်ငံအစိုးရ၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ နည်းပညာအကူအညီနှင့် ရှမ်းပြည်နယ်၊ တောင်ပိုင်းတွင် အကောင်အထည် ဖော်လျက်ရှိသော သစ်သီးဝလံထုတ်လုပ်မှု စွမ်းရည်မြှင့်တင်ရေးနှင့် တာဝန်ယူမှုရှိသော ခရီးသွားလုပ်ငန်းတို့ အကြား ချိတ်ဆက်လုပ်ကိုင်မှု ဖွံ့ဖြိုးရေးစီမံကိန်း၏ တတိယအကြိမ် စီမံကိန်းကြီးကြပ်မှု ကော်မတီ (Project Steering Committee-PSC) အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက Virtual စနစ်ဖြင့်ကျင်းပသည်။

အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ယနေ့အစည်းအဝေးသည် မိမိတို့အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်း စဉ်များကို ပြန်လည်သုံးသပ်ရန်နှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေးသွားကြရန်ဖြစ်ပြီး စီမံကိန်းလုပ်ငန်းစဉ်များအား new normal အခြေအနေတွင် လိုက်လျောညီထွေ အကောင်အထည်ဖော်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားကြစေလိုပါကြောင်း၊ မြန်မာနိုင်ငံ၏ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် မိမိတို့၏ စီမံကိန်းအစီအစဉ်နှင့် ချိတ်ဆက်ဆောင်ရွက်သွားနိုင်ရေး၊ စီမံကိန်း အစီအစဉ်ပါ ဦးစားပေးပို့ကုန်များဖြစ်သော ချင်း၊ လက်ဖက်၊ ထောပတ်သီး စသည်တို့ကို အခြားဆက်စပ်ထုတ်ကုန်များနှင့် ပေါင်းစပ်၍ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်တင်ပို့နိုင်ရန် ကြိုးပမ်းသွားသင့်ကြောင်း ပြောကြားသည်။

ထို့နောက် စီမံကိန်းမိတ်ဖက် အဖွဲ့အစည်းများဖြစ်သည့် ITC, UNIDO နှင့် UNCTAD တို့က ကမ္ဘာ တစ်ဝှမ်းဖြစ်ပေါ်ခဲ့သော ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အထိခိုက်ဆုံးဖြစ်ခဲ့သည့် ခရီးသွား လုပ်ငန်းကဏ္ဍ ပြန်လည်သက်ဝင်လာစေရေးအတွက် လူမှုကွန်ယက် အသုံးပြု၍ ITC ၏ နည်းပညာ အကူအညီဖြင့် ခရီးစဉ်သစ်များ ဖော်ထုတ်ပြသခြင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း ဒေသတွင် လူသိနည်းသော ခရီးစဉ်သစ်ဒေသများ ဖော်ထုတ်၍ Community-based Tourism နှင့် အခြားကျေးရွာများသို့ ခရီးစဉ်များ စီစဉ်ခြင်း၊ Culture & Heritage tour လမ်းလျှောက် ခရီးစဉ်များ စိုက်ပျိုးရေး အခြေခံခရီးစဉ်များ၊ တောင်ပေါ်ခရီးစဉ်များအတွက် မြို့နှင့်ကျေးရွာများ ရွေးချယ်ပေးခြင်း၊ သင်တန်းအချို့ကို အွန်လိုင်းမှပို့ချခြင်းတို့အပါအဝင် ဆောင်ရွက်ပြီးစီးခဲ့မှုများ ကို တင်ပြဆွေးနွေးခဲ့ကြသည်။

ယင်းနောက် စီမံကိန်းကပံ့ပိုးပေးရန် ရွေးချယ်ထားသည့် လက်ဖက်၊ ချင်းနှင့် ထောပတ်သီး တို့၏ ထုတ်လုပ်မှုတန်ဖိုးကွင်းဆက် လုပ်ငန်းစဉ်များတွင် အရည်အသွေးကောင်းများ ထိန်းသိမ်းထား နိုင်ရေး၊ နိုင်ငံတကာဈေးကွက်မီ အရည်အသွေးများ စံချိန်စံညွှန်း ရှိစေရေး၊ နိုင်ငံတကာ GAP လက်မှတ်ရရှိစေရေးတို့နှင့် စပ်လျဉ်းပြီး ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်။

ထို့နောက် စီမံကိန်းပြီးဆုံးမည့်ကာလ ၂၀၂၂ ခုနှစ် နောက်ပိုင်းတွင်လည်း ပြည်နယ် အဖွဲ့ အစည်းများမှ စီမံကိန်းလုပ်ငန်းစဉ်များကို ဆက်လက်၍ လက်ဆင့်ကမ်း ဆောင်ရွက်သွားမည်ဖြစ်ရာ အရည်အသွေးပိုမိုကောင်းမွန်သော လက်ဖက်၊ ချင်းနှင့် ထောပတ်သီး တို့ကို ပြည်ပသို့ ပိုမို တိုးမြင့်တင်ပို့နိုင်မည့် ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းများအား ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ စီမံကိန်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင် များနှင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက အွန်လိုင်းမှ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)