Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) လည်ပတ်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၁၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) လည်ပတ်နိုင်ရေးဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်သမ္မတအား စက်ရုံအစည်းအဝေးခန်းမတွင် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) ဆိုင်ရာ အချက်အလက်များ၊ စက်ရုံလည်ပတ်နိုင်ရေးနှင့်ပတ်သက်၍ ရရှိနိုင်မည့်ကုန်ကြမ်း အမျိုးအစားနှင့် ပမာဏအပေါ်မူတည်ပြီး တစ်နှစ်လျှင် တန်ချိန် ၅ သိန်း ချက်လုပ်နိုင်သော Modular Type Refinery အား Phase I အဖြစ် စတင်ဆောင်ရွက်လျက်ရှိမှု၊ Phase II အဖြစ်ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေ၊ Phase I နှင့် Phase II တည်ဆောက်ခြင်းအား ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ် အဆင့်ဆင့်၊ ရေနံစိမ်း၊ ရေနံထွက်ပစ္စည်းများ ပို့ဆောင်ရန် ပိုက်လိုင်းသွယ်တန်းခြင်း၊ သဘာဝဓာတ်ငွေ့များ ပို့ဆောင်ပေးမည့် ပိုက်လိုင်းသွယ်တန်းခြင်း၊ စက်ပစ္စည်းကိရိယာများ ထုတ်လုပ်ခြင်းနှင့် စက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု၊ တစ်နှစ်လျှင် တန်ချိန် ၅ သိန်း ချက်လုပ်နိုင်သည့် ရေနံချက်စက်ရုံ Phase I အား ယခုနှစ် စက်တင်ဘာလတွင် လည်ပတ်ထုတ်လုပ်နိုင်ရေးလျာထားဆောင်ရွက်လျက်ရှိပြီး Phase II ကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကာ Phase II ပြီးစီးချိန်တွင် နိုင်ငံတော်လိုအပ်ချက်၏ ဓာတ်ဆီ ၆၀ ရာခိုင်နှုန်း၊ ဒီဇယ်ဆီ ၅၀ ရာခိုင်နှုန်း ထုတ်လုပ်ဖြန့်ဖြူးနိုင်မည့်အခြေအနေ၊ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတော်အကြီးအကဲရောက်ရှိစစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းဆောင်ရွက်မှုများ ရပ်နားခဲ့ရခြင်းဖြစ်ကြောင်း၊ စွမ်းအင်ကဏ္ဍသည် နိုင်ငံတော်အတွက် အရေးကြီးပြီးအကျိုးရှိသည့် လုပ်ငန်းရပ်တစ်ခုဖြစ်သဖြင့် မိမိတို့နိုင်ငံတော်တာဝန်ယူခဲ့ရစဉ်ကာလအတွင်း ယခုစက်ရုံအား အသက်ပြန်လည်တည်ဆောက်လည်ပတ်နိုင်ရေး တွန်းအားပေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ စက်ရုံလည်ပတ်ချိန်တွင် ပြည်သူလူထုအတွက် အလုပ်အကိုင်များလည်းရရှိနိုင်မည်ဖြစ်ပြီး ပြည်တွင်းလိုအပ်ချက်ဖြစ်သည့် စက်သုံးဆီများကို ကုန်ကျစရိတ်သက်သာစွာဖြင့် ဝယ်ယူအသုံးပြုနိုင်မည်လည်းဖြစ်ကြောင်း၊ ပြည်ပမှ စက်သုံးဆီတင်သွင်းနေမှုများကိုလည်း လျှော့ချနိုင်မည်ဖြစ်သဖြင့် နိုင်ငံခြားငွေသုံးစွဲမှုများလည်း လျော့နည်းနိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ Phase I တည်ဆောက်နိုင်ခဲ့ခြင်းသည် မိမိတို့အစိုးရ၏ မှတ်ကျောက်တိုင်တစ်ခုပင်ဖြစ်ကြောင်းနှင့် စက်ရုံလည်ပတ်ရေးအတွက် လိုအပ်သည့်ကုန်ကြမ်းများ စဉ်ဆက်မပြတ်ရရှိရေးအတွက်လည်း စီမံဆောင်ရွက်သွားကြရန်လိုကြောင်း။

ပြည်တွင်းထုတ် စက်သုံးဆီများအား ယုံကြည်စိတ်ချစွာဖြင့် အသုံးပြုနိုင်ရေး ရေနံချက်စက်ရုံများ၏ သန့်စင်မှုရာခိုင်နှုန်းကိုလည်း ဆက်လက်မြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ သန်လျင်ဒေသသည် ပူပြင်းသည့်ဒေသတွင် ပါဝင်သဖြင့် စက်ရုံမီးဘေးလုံခြုံရေးအတွက်လည်း ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ အမြဲစိမ်းသစ်ပင်များ၊ အရိပ်ရလေကာပင်များနှင့် အုန်းပင်များကိုလည်း စိုက်ပျိုးသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စွမ်းအင်ပြတိုက်ပြင်ပပြကွက်များနှင့် ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုဆိုင်ရာ သမိုင်းမှတ်တမ်းများ၊ ခေတ်အဆက်ဆက်ရေနံထုတ်လုပ်ပုံအဆင့်ဆင့်နှင့် ထုတ်လုပ်ရာတွင် အသုံးပြုခဲ့သည့် စက်ပစ္စည်းကိရိယာများကို လှည့်လည်ကြည့်ရှုသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ရေနံချက်စက်ရုံ Phase I တည်ဆောက်နေမှုအခြေအနေများကို လုပ်ငန်းခွင်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကာ တည်ဆောက်ရေးလုပ်ငန်းတွင် ပါဝင်ခဲ့ကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။