Skip to main content

မြန်မာ့ရေသတ္တဝါ မွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (MYSAP) အမျိုးသား အဆင့် ဦးဆောင်ကော်မတီ၏ စတုတ္ထ အကြိမ်မြောက် အစည်းအဝေးကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် EU , GIZ တို့ ပူး‌ပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာ့ရေသတ္တဝါ မွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (MYSAP) အမျိုးသားအဆင့် ဦးဆောင်ကော်မတီ၏ စတုတ္ထ အကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။ 

အခမ်းအနားတွင် ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော်က အဖွင့်အမှာစကား ပြောကြားသည်။

ယင်းနောက် ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်က မြန်မာနိုင်ငံ၏ ငါးထုတ်လုပ်မှုသည် ၂၀၁၆ ခုနှစ်မှ အစပြု၍ တဖြည်းဖြည်းမြင့်တက်လာ ခဲ့ပြီး မွေးမြူရေးငါး ထုတ်လုပ်မှုသည် ၂၀၁၆ - ၂၀၁၇ ခုနှစ်တွင် ၃ ဒဿမ  ၃၈ ရာခိုင်နှုန်း ၊ ၂၀၁၇ - ၂၀၁၈ ခုနှစ်တွင် ၇ ဒဿမ ၇၉ ရာခိုင်နှုန်းထိ  တိုးတက်လာခဲ့ကြောင်း၊ ရေထွက်ကုန်ပစ္စည်းများ ပြည်ပတင်ပို့မှု အနေဖြင့် ၂၀၁၉ - ၂၀၂၀ ခု၊ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ (၈၅၃ ဒဿမ ၁၃၆) သန်း ရှာဖွေပေးနိုင်ခဲ့ကြောင်း၊ အမျိုးသားအဆင့် ရေသတ္တဝါ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိးမှု အစီအစဉ် (NADP) ကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး အမျိုးသားအဆင့် ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေးကျင့်စဉ် စံချိန်စံညွှန်း (National GAqP Standard) ကိုလည်း ရေးဆွဲ လျက်ရှိကြောင်း ပြောကြားသည်။

Covid-19 ကပ်ရောဂါကြောင့် ရေသတ္တဝါ မွေးမြူရေးကဏ္ဍနှင့် ကွင်းဆက်လည်ပတ်မှု ယန္တရား ကို ပျက်ပြားစေပြီး ကျေးလက်နေ ပြည်သူများ၏ အဓိကဝင်ငွေရလမ်းနှင့် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းကို ထိခိုက်လျက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် MYSAP စီမံကိန်းအောက်တွင် ရေးဆွဲနေသည့် ကိုဗစ်စီးပွားရေး ထိခိုက်မှုသက်သာရေး စီမံချက် ကို အထူးအလေးထား ဆောင်ရွက်သွားမည်ဖြစ်သည်။ 

အလားတူ အာဟာရပြည့်ဝမှုနှင့်စပ်လျဉ်း၍ ပေါ်ပေါက်လာနိုင်သည့် အန္တရာယ်များကို တိုက်ဖျက်ရာတွင် လည်းကောင်း၊ ကျေးလက်ဒေသများရှိ သက်ဆိုင်ရာ ပုဂ္ဂိုလ်အဖွဲ့အစည်းများ၏ အလုပ်အကိုင် အခွင့်အလမ်းများကို ပိုမိုဖန်တီးပေးရာတွင် လည်းကောင်း၊ ရေသတ္တဝါ မွေးမြူရေး ကဏ္ဍ၏ ထုတ်လုပ်သူများ၊ တင်ပို့ရောင်းချသူများနှင့် EU၊ ဂျာမနီစျေးကွက်များရှိ စားသုံးသူ များနှင့် ချိတ်ဆက်ပေးရာတွင် ပိုမိုခိုင်မာသည့် ဆက်ဆံရေးတစ်ရပ်ကို ထူထောင်ရာတွင် အထောက်အကူပြုနိုင်ရေး အတွက် လည်းကောင်း မြန်မာနိုင်ငံ ရေသတ္တဝါ မွေးမြူရေးဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး MYSAP စီမံကိန်းကို အကောင်အထည် ဖော်‌ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ 

အစည်းအဝေးသို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံး မှ Head of Cooperation of the Delegation ဖြစ်သူ Dr. Johann Hesse ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံး မှ Head of Development Cooperation and Counselor ဖြစ်သူ Mrs. Marianna Knirsch ၊ GIZ Country Director of Myanmar ဖြစ်သူ Dr. Petra Mutlu ၊ Head of Program GIZ/MYSAP မှ Mr. Peter Buri တို့ တက်ရောက် ကြသည်။  

သတင်းစဉ်