Skip to main content

(၇၉) နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် နိုင်ငံတော်အလံအား တိုင်ဝက်လျှော့ချလွှင့်ထူ၍ အလေးပြုခြင်းအခမ်းအနား အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) ၌ ကျင်းပ

ရန်ကုန် ဇူလိုင် ၁၉

 

(၇၉) နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် နိုင်ငံတော်အလံအား တိုင်ဝက်လျှော့ချလွှင့်ထူပြီး အလေးပြုခြင်းအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့ရာ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိအတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) ၌ ကျင်းပသည်။

အခမ်းအနားသို့ (၇၉) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင်နှင့် ကော်မတီဝင်များ၊ ဌာနမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်များမှ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ဂုဏ်ပြုတပ်ဖွဲ့တို့တက်ရောက်ကြပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအားအလေးပြု၍ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံအား တိုင်ဝက်သို့လျှော့ချလွှင့်ထူပြီး နှစ်မိနစ်ငြိမ်သက်စွာ ဂါရဝပြုကြသည်။

ယနေ့ အာဇာနည်နေ့၌ အတွင်းဝန်ရုံး (ယခင် ဝန်ကြီးများရုံး) အတွင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့ရာ အစည်းအဝေးခန်းမနှင့် ပါလီမန်အဆောက်အအုံတို့ကို နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ အများပြည်သူ လာရောက်လေ့လာနိုင်ရန် တစ်ရက်တာအခမဲ့ဖွင့်လှစ်ခဲ့သည်။

အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) အတွင်း အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် အစည်းအဝေးခန်းမ၌ အာဇာနည်ခေါင်းဆောင်ကြီးများ အသုံးပြုကျန်ရှိခဲ့သည့် ပစ္စည်း ၂၈ မျိုး၊ အစည်းအဝေးပြုလုပ်စဉ်က စားပွဲနှင့်ကုလားထိုင်များ၊ ကျဆုံးခေါင်းဆောင်များ၏ သတင်းနှင့်ဆောင်းပါးများ၊ အဆောက်အအုံသမိုင်းကြောင်းနှင့် ဗိသုကာလက်ရာများ၊ သက်တမ်း နှစ် ၁၃၀ ကျော်ရှိပြီဖြစ်သော ပါလီမန်လွှတ်တော်အဆောက်အအုံနှင့် သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသထားရာ ပြည်သူများနှင့်ကျောင်းသားကျောင်းသူများ လာရောက်ကြည့်ရှုလေ့လာကြပြီး ဉာဏ်စမ်းပဟေဠိမေးခွန်းများဖြေဆိုမှုမှ အမှတ်တရလက်ဆောင်များပေးအပ်သည့် အစီအစဉ်တွင်လည်း ပြည်သူများနှင့်ကျောင်းသားကျောင်းသူများ အထူးစိတ်ဝင်စားစွာ ပါဝင်ဖြေဆိုခဲ့ကြသည်။

သတင်းစဉ်