နေပြည်တော် ဇူလိုင် ၁၉
(၇၉) နှစ်မြောက် အာဇာနည်နေ့တွင် နိုင်ငံတော်အတွက် အသက်ပေးလှူသွားကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူးကုသိုလ်ပြုဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် အမျှပေးဝေခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိ နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်၊ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဇဝနတိက္ခအမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဧည့်ပရိသတ်များက နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မာရဝိဇယရွှေကျောင်းတော် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တနေမိန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည့် ပရိတ်တရားတော်များကို နာယူကြသည်။
ရေစက်သွန်းချအမျှပေးဝေ
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယက ဆရာတော်ထံမှ တက်ရောက်လာကြသူများက သံဝေဂကထာတရားနာယူကြကာ အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ ရေစက်သွန်းချ အမျှပေးဝေကြသည်။
ယင်းနောက် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ဥဩဆွဲအချက်ပေးခြင်းနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက နိုင်ငံတော်အတွက် အသက်ပေးလှူသွားကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ တစ်မိနစ်ငြိမ်သက် ဂါရဝပြုကြပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
သတင်းစဉ်
