မန္တလေး ဇူလိုင် ၂၁
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်( ၃)ရပ်ကွက်၊ ၁၁၀လမ်း၊ ၆၂ လမ်းနှင့် ၆၃ လမ်းကြားရှိ မီလျံနာရွှေဆိုင်တွင် ဇူလိုင် ၂၀ ရက် မွန်းလွဲပိုင်းက လုယက်ခံရမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်တွင် ဆိုင်ကယ်(၃)စီး၊ လူ (၆)ဦးမှ ၆၂ လမ်းဘက်မှ ၁၁၀ မနော်ဟရီလမ်းအတိုင်း အဆိုပါ ရွှေဆိုင်အတွင်း ရောက်ရှိလာပြီး သေနတ်တစ်ချက်ပစ်ဖောက်ကာ ဆိုင်အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း၊ ၎င်းနောက်ဆိုင်အတွင်းရှိ ရွှေကောင်တာ ၈ ခုအနက် ဆွဲကြိုး၊ လက်ကောက်၊ ဟန်းချိန်း ထည့်ထားသော ကောင်တာ ၂ ခု၏ မှန်များအား ပုဆိန်ဖြင့် ထုခွဲရိုက်နှက်ကာ အတွင်းရှိ စုစုပေါင်းရွှေချိန်(၁)ပိသာခန့် လုယက်ယူဆောင်သွားခဲ့ပြီး ၁၁၀ လမ်း မနော်ဟရီလမ်းအတိုင်း အနောက်ဖက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးဦးဆောင်သည့် ပူးပေါင်း အဖွဲ့များက သွားရောက်စစ်ဆေးပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း၊ ဖြစ်စဉ်တွင် ရွှေဆိုင်လုံခြုံရေးဝန်ထမ်းတစ်ဦးမှာ နဖူးသေနတ်ဒင်ဒဏ်ရာတစ်ချက် (မစိုးရိမ်ရ) ရရှိခဲ့ ကြောင်းနှင့် သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်
