Skip to main content

အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်၏ ဒုတိယအကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် ဆက်စပ်ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ပါဝင်တက်ရောက်

နေပြည်တော် ဇူလိုင် ၂၂

အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ ဖိုရမ် (Southeast Asia National Human Rights Institutions Forum – SEANF) ၏ ၂၀၂၆ ခုနှစ် ဒုတိယအကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် ဆက်စပ်ဆွေးနွေးပွဲကို ဖိုရမ်၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မလေးရှားနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ဦးဆောင်၍ ဇူလိုင်၂၁ ရက်မှ ၂၂ ရက်အထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် Hybrid Format ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ဖိုရမ်အဖွဲ့ဝင်များဖြစ်ကြသည့် မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် တီမောလက်စ်တေနိုင်ငံ လူ့အခွင့်အရေးကော်မရှင်များမှ ကိုယ်စားလှယ်များက In-person တက်ရောက်ခဲ့ကြပြီး အင်ဒိုနီးရှားနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဝင်းလှိုင်ဦးနှင့် ဒေါက်တာဆွေဆွေအောင်၊ ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံတကာဆက်ဆံရေးဌာနမှ ညွှန်ကြားရေးမှူးနှင့် ရုံးဝန်ထမ်းများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။

အစည်းအဝေး ပထမနေ့တွင် ၂၀၂၆ ခုနှစ် ဧပြီလက ကျင်းပခဲ့သော ဖိုရမ်၏ ပထမအကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေး နောက်ပိုင်းကာလအတွင်း ဖိုရမ်အဖွဲ့ဝင် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များနှင့် တိုးတက်အောင်မြင်မှုများ၊ အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ ဖိုရမ် (SEANF) ၏ မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၆) ပါ ဦးစားပေးကိစ္စရပ် (၅) ရပ် အကောင်အထည်ဖော်ဆောင်ရွက်ရန် အဓိကတာဝန်ယူထားသော ဖိုရမ်အဖွဲ့ဝင် အမျိုးသားလူ့အခွင့်အရေးကော်မရှင်များ၏ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများ၊ ဘေးကင်းလုံခြုံမှု၊ သန့်ရှင်းမှု၊ ကျန်းမာရေးနှင့် ရေရှည်တည်တံ့သော သဘာဝပတ်ဝန်းကျင် အခွင့်အရေးဆိုင်ရာ အာဆီယံကြေညာစာတမ်းနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုအခြေအနေများ၊ အသက်အရွယ်ကြီးရင့်သူများ အခွင့်အရေးနှင့်စပ်လျဉ်း၍ ဥပဒေအရ စည်းနှောင်မှုရှိသော စာချုပ်တစ်ရပ်ဖြစ်ပေါ်ရေးဆောင်ရွက်နေမှုအခြေအနေနှင့် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ဆောင်ရွက်နေမှုအခြေအနေများ၊ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများအကြား စုံစမ်းစစ်ဆေးမှု ယန္တရားတစ်ရပ်တည်ထောင်ခြင်းနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များအား ဆွေးနွေးကြသည်။

ထို့နောက် အင်ဒိုနီးရှားနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ မလေးရှားနိုင်ငံ လူ့အခွင့်အရေးကော်မရှင်နှင့် ဖိလစ်ပိုင်နိုင်ငံ လူ့အခွင့်အရေးကော်မရှင်တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးချုပ်ဆို၍ ပူးပေါင်းဆောင်ရွက်လျက်ရှိသော Sabah ဒေသရှိ နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းသွားလာမှု၊ နိုင်ငံမဲ့ဖြစ်မှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ပူးတွဲသုတေသနမူဘောင်နှင့် လုပ်ငန်းလမ်းညွှန်ချက်များဆိုင်ရာ သတင်းအချက်အလက်များကို တင်ပြဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။

ဆွေးနွေး

အစည်းအဝေးတွင် ဖိုရမ်၏ ပထမအကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေး နောက်ပိုင်းကာလအတွင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ကော်မရှင်အဖွဲ့ဝင် ဦးဝင်းလှိုင်ဦးက ဆွေးနွေးခဲ့သည်။

ယင်းနောက် SEANF ၏ မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၆) ပါ ဦးစားပေးကိစ္စရပ်များအနက် ကော်မရှင်က ဦးဆောင်အဖွဲ့အစည်းအဖြစ် တာဝန်ယူထားသော ဦးစားပေးကိစ္စရပ် အမှတ် (၂) ဖြစ်သည့် “စီးပွားရေးလုပ်ငန်းများတွင် လူ့အခွင့်အရေးမြှင့်တင်ရန်နှင့် ကာကွယ်ရန်” ကိစ္စရပ်နှင့်စပ်လျဉ်း၍ ကော်မရှင်၏ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေကို ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းက ဆွေးနွေးခဲ့သည်။

အစည်းအဝေး ဒုတိယနေ့ နံနက်ပိုင်းတွင် ဖိုရမ်၏ (၂၃) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ကျင်းပနိုင်ရေးကိစ္စရပ်အပါအဝင် ဖိုရမ်၏ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့က ဖိုရမ်၏ ၂၀၂၇ ခုနှစ် အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က လက်ခံရယူရန်ကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့သည်။

မွန်းလွဲပိုင်းတွင် “အရှေ့တောင်အာရှဒေသရှိ ဒုက္ခသည်များနှင့် လူကုန်ကူးမှုပြဿနာရပ်များနှင့် စပ်လျဉ်းသော ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအတွက် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ” ခေါင်းစဉ်ဖြင့် ဖိုရမ်၏ ဆက်စပ်ဆွေးနွေးပွဲတစ်ရပ်ကို ဆက်လက်ကျင်းပသည်။

အဆိုပါဆက်စပ်ဆွေးနွေးပွဲတွင် “အရှေ့တောင်အာရှဒေသရှိ ဒုက္ခသည်များနှင့် လူကုန်ကူးမှုဆိုင်ရာအခြေအနေများကိုနားလည် သဘောပေါက်ခြင်း - ဖြစ်ပေါ်စေသောအကြောင်းရင်းများ၊ လက်ရှိဖြစ်ပေါ်နေသောလမ်းကြောင်းများနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ စိန်ခေါ်မှုများ”နှင့် “ဒုက္ခသည်များနှင့် လူကုန်ကူးခံရသူများအတွက် ကာကွယ်စောင့်ရှောက်မှုကွာဟချက်များနှင့် တရားမျှတမှုရရှိရေး လက်လှမ်းမီနိုင်မှု” စသည့် ခေါင်းစဉ်များအလိုက် အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပြီး ကော်မရှင်မှ ပါဝင်ဆွေးနွေးခဲ့သည်။

အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ ဖိုရမ် (Southeast Asia National Human Rights Institutions Forum – SEANF) ကို ၂၀၀၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ၂၀၁၂ ခုနှစ်တွင် ဖိုရမ်အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်