Skip to main content

မတ္တရာမြို့နယ်နှင့် ပတ်ဝန်းကျင်ကျေးရွာများ ဓာတ်အား ပြန်လည်ရရှိ

မန္တလေး ဇူလိုင် ၂၃

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် မတ္တရာမြို့နယ်နှင့် မြို့နယ်ပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ ဓာတ်အားဖြန့်ဖြူးပေးထားသော မတ္တရာမြို့နယ်ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများသည် အကြောင်းအမျိုးမျိုးကြောင့် ပြတ်တောက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော်လည်း လျှပ်စစ်ဓာတ်အားရရှိရေးကို အမြန်ဆုံးပြန်လည်ဆောင်ရွက်နိုင်ခဲ့သည့်အတွက် မတ္တရာမြို့နယ်နှင့်ပတ်ဝန်းကျင်ကျေးရွာများတွင် ဓာတ်အားပြန်လည်ရရှိပြီဖြစ်ကြောင်း မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သိရသည်။

ယနေ့တွင် မတ္တရာမြို့နယ် ဓာတ်အားခွဲရုံနှင့်ဓာတ်အားလိုင်းများမှ လျှပ်စစ်ဓာတ်အားလွှတ်ပေးခြင်းအခမ်းအနားကို အဆိုပါဓာတ်အားခွဲရုံ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

လက်ရှိတွင် မတ္တရာမြို့နယ် တောင်ပြုံးဓာတ်အားခွဲရုံနှင့် မတ္တရာဓာတ်အားခွဲရုံတို့မှတစ်ဆင့် ထရန်စဖော်မာ ၁၂၆ လုံး ဖြင့် ဓာတ်အားဖြန့်ဖြူးနေပြီး ဒေသခံပြည်သူ ၁၂၀၀၉ ဦးတို့သည် လျှပ်စစ်ဓာတ်အားပြန်လည်ရရှိပြီဖြစ်ကာ မီးလင်းရန်ကျန်ရှိသည့်ကျေးရွာများအတွက် လျှပ်စစ်ဓာတ်အား အမြန်ဆုံးဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မတ္တရာမြို့နယ် ဘိုကုန်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်းသားကျောင်းသူများအား အာဟာရဖြည့်စွက်စာ ကျွေးမွေးနေမှု၊ ကျောင်းဧရိယာအတွင်း ကျောင်းသား ကျောင်းသူများ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုနှင့် အေးချမ်းပျော်ရွှင်စွာပညာသင်ယူနေမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ် ရွှေကျင်ဂိတ်တွင် လူမျက်နှာမှတ်သားသိရှိမှုစနစ် (Face Recognition System- FRS) တပ်ဆင်ပြီးစီး၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်