၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲမှာ ၂၀၂၀ ပြည့်နှစ် ပါတီစုံရွေးကောက်ပွဲ မဲမသမာမှုကြောင့်ဟု နားလည်ထားကြသော်လည်း ရွေးကောက်ပွဲမတိုင်မီကာလကပင် ပြဿနာတို့စတင်နေခဲ့သည်ကို ယခုအချိန်ထိရှိနေဆဲ အထောက်အထားများတွင် တွေ့ရှိနိုင်သည်။ ထိုစဉ်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို မေးခွန်းထုတ်ခဲ့သည့် မီဒီယာများနှင့် ကော်မရှင်တာဝန်ရှိသူများကြားမှ တင်းတင်းမာမာ ပဋိပက္ခများ၊ မဲစာရင်းကိစ္စ၊ မဲစာအိတ်များ ပေါက်ပြဲသည့်ကိစ္စ အွန်လိုင်းပေါ်မှ အသံများ၊ စစ်ဆေးတွေ့ရှိခဲ့သော သန်းနှင့်ချီသည့် မဲမသမာမှုအရေအတွက်များ၊ အာဏာရအစိုးရ၏ လွှမ်းမိုးမှုများရှိခဲ့ကြောင်း ရွေးကောက်ပွဲတာဝန်ရှိသူတို့၏ဝန်ခံချက်များ စသည်တို့မှာ ဖျောက်ဖျက်၍မရသော သက်သေများဖြစ်သည်။
မဲမသမာမှုများ ပေါ်ထွက်လာသည့်ကိစ္စကို ရှင်းရမည့်ပါတီသည်မရှင်းဘဲ ပြဿနာတန်းလန်းနှင့် နိုင်ငံ့အာဏာကို ရယူရန် ရှေ့သို့ဇွတ်တိုးသည်။ ၎င်းတို့ ပါတီဝင်များအင်အား၊ ထောက်ခံသူများအင်အားတို့ဖြင့် နိုင်ငံအတွက် အန္တရာယ်ကြီးသော အကြမ်းဖက်လမ်းစဉ်သို့လိုက်သည်။ အုံကြွဆူပူကြရန် လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများကို ပါတီထိပ်ပိုင်းလူတို့ကပြုလုပ်ကြကာ ၎င်းတို့ဘက်သို့ မပါသူများ၊ အခြား မည်သူ့ဘက်မှမပါသည်ဖြစ်စေ ကြားနေသူများကိုပင်လက်မခံဘဲ ရန်ပြုခဲ့ကြသည်။ သူလျှိုဒလန်ဟူ၍ လုပ်ကြံစွပ်စွဲသတ်ဖြတ်ခဲ့ကြသည်။ အစိုးရအဆက်ဆက် နိုင်ငံ့တာဝန်ထမ်းခဲ့ကြသည့် ဝန်ထမ်းများလည်းမနေရ။ ဖမ်းဆီးသတ်ဖြတ်ခံကြရသည်။ သာသနာ့ဝန်ထမ်း ရဟန်း သံဃာ သီလရှင်များလည်း စွပ်စွဲသတ်ဖြတ်ခံခဲ့ကြရသည်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်၊ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင်ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များက မြန်မာ့အရေး ဖြစ်ပေါ်ပြောင်းလဲမှုနှင့်ပတ်သက်၍ ဆွေးနွေးအကြံပြုခဲ့ကြရာ မြန်မာနိုင်ငံက (၁) အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ အကြံပြုချက်အချို့သည် အပြုသဘောဆောင်သည်ကို မှတ်သားထားပါကြောင်း၊ နိုင်ငံ၏ ပြည်တွင်းရေးအခြေအနေပေါ်မူတည်၍ ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကြောင်း၊ (၂) မြန်မာနိုင်ငံ၌ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်မှုရှိရေးကို ဦးစားပေးဆောင်ရွက်နေသည့်အတွက် နိုင်ငံ့အကျိုးစီးပွားကိုအခြေခံပြီး အကြံပြုချက်များကို အလေးထားစဉ်းစားပေးမည်ဖြစ်ကြောင်း၊ (၃) အကြံပြုချက်များသည် နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ်ငါးရပ် အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုပြီး အာဆီယံပဋိညာဉ်စာတမ်း၊ အာဆီယံနည်းလမ်း၊ အာဆီယံစိတ်ဓာတ်တို့ကိုအခြေခံမည်ဆိုပါက အပြုသဘော စဉ်းစားသွားမည်ဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။
အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးအပြီးတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်နောက်ဆက်တွဲအနေဖြင့် အာဆီယံထုတ်ပြန်ချက် (၅) ရပ်ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက် (၅) ရပ်သည် အာဆီယံ၏ လုပ်ထုံးလုပ်နည်းများနှင့် သွေဖည်နေပြီး အဖွဲ့ဝင်များ၏ တူညီဆန္ဒဖြင့်ထုတ်ပြန်ခဲ့ခြင်းမဟုတ်သည့်တိုင် မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအပေါ်အခြေခံပြီး အာဆီယံ မိသားစုစိတ်ဓာတ်ဖြင့် တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
မြန်မာနိုင်ငံ၏ ယနေ့အခြေအနေသည် ၂၀၂၁ ခုနှစ်က အခြေအနေနှင့် လုံးဝကွာခြားသွားခဲ့ပြီဖြစ်သည်။ လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကိုကျင်းပခဲ့ပြီး ဒီမိုကရေစီနည်းကျ လွှတ်တော်နှင့်အစိုးရတို့ ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။ အာဆီယံလုပ်ထုံးလုပ်နည်းကိုသွေဖည်ကာ လွန်ခဲ့သည့် ငါးနှစ်တာကာလက ထုတ်ပြန်ခဲ့သည့် အာဆီယံထုတ်ပြန်ချက် (၅) ရပ်မှာ လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေနှင့်လည်း မကိုက်ညီတော့။ ရှေ့တွင်လည်း မြန်မာနိုင်ငံအနေဖြင့် အာဆီယံမိသားစုစိတ်ဓာတ်ဖြင့် ဆောင်ရွက်နိုင်သမျှ ပူးပေါင်းဆောင်ရွက်မှုပြုခဲ့ပြီးပြီဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ “အာဆီယံထုတ်ပြန်ချက် (၅) ရပ်သည် အာဆီယံ၏အခြေခံမူများနှင့် ကွဲလွဲနေသည့်အပြင် မြန်မာနိုင်ငံ၏ လက်ရှိပကတိ နိုင်ငံရေးအခြေအနေနှင့် ကိုက်ညီမှုမရှိသည့်အတွက် လိုအပ်သကဲ့သို့ သုံးသပ် ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အရေးကြီးအဆိုတစ်ရပ်ကိုအတည်ပြုခဲ့ရာ အစိုးရအနေဖြင့် ပြည်သူများ၏ဆန္ဒဖြင့် ရွေးကောက်တင်မြှောက်ထားသော လွှတ်တော်၏ဆုံးဖြတ်ချက်ဖြစ်သည့်အတွက် လေးစားလိုက်နာရန်နှင့် ယင်းဆုံးဖြတ်ချက်နှင့်အညီ သင့်လျော်သည့်ဆောင်ရွက်မှုများ အကောင်အထည်ဖော်ရန် တာဝန်ရှိနေသည်။
အခြေအနေအချိန်အခါတို့နှင့် ကိုက်ညီဆီလျော်ခြင်းမရှိသော အာဆီယံထုတ်ပြန်ချက် (၅) ရပ် ဆိုသည့်အပေါ် ဆွေးနွေးမှုများနှင့် အကောင်အထည်ဖော်မှုများတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့် အာဆီယံ၏အခြေခံမူများဖြစ်သော အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာကို လေးစားရေး၊ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်ခြင်းမပြုရေး စသည့်အချက်များကို လေးစားလိုက်နာသင့်ကြသည့်အကြောင်း။ ။
