Skip to main content

ဒီရေတောများက လေထုထဲရှိကာဗွန်ဒိုင်အောက်ဆိုက်ကို အများဆုံးစုပ်ယူပေးသော ကာဗွန်သိုလှောင်ရုံကြီးများဖြစ်ပြီး သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးတို့တွင် အလွန်အရေးကြီး

နေပြည်တော် ဇူလိုင် ၂၄

မြန်မာနိုင်ငံသည် ဒီရေတောဧရိယာဧက ၁ ဒသမ ၂၆ သန်းခန့်ဖြင့် ကမ္ဘာပေါ်တွင် သတ္တမမြောက် ဒီရေတောဧရိယာ အများဆုံးပိုင်ဆိုင်သည့်နိုင်ငံဖြစ်ပြီး အာဆီယံဒေသတွင် တတိယမြောက် ဒီရေတောဧရိယာအများဆုံး ပိုင်ဆိုင်သောနိုင်ငံဖြစ်သည်။ ဒီရေတောများက လေထုထဲရှိ ကာဗွန် ဒိုင်အောက်ဆိုက်ကို အများဆုံးစုပ်ယူပေးသော ကာဗွန်သိုလှောင်ရုံကြီးများဖြစ်ပြီး သဘာဝဘေး အန္တရာယ်ကာကွယ်ရေး၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးတို့တွင် အလွန်အရေးကြီးကြောင်း သိရသည်။ 

“၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်း ခန်းမ၌ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်ဦး တက်ရောက်အမှာစကား ပြောကြားသည်။

ဒုတိယဝန်ကြီးက နိုင်ငံအတွင်းရှိ ဒီရေတောအမျိုးအစားနှင့် အခြေအနေများအပေါ်မူတည်ပြီး စီမံအုပ်ချုပ်ခြင်း မဟာဗျူဟာ (၃) ရပ်ဖြစ်သော အဏ္ဏဝါအမျိုးသားဥယျာဉ်များနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများတိုးချဲ့တည်ထောင်ခြင်း၊ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများ သတ်မှတ်ဖွဲ့စည်းခြင်းနှင့် ဒီရေတောဂေဟစနစ်များ ပြန်လည်တည်ထောင်ခြင်းတို့ဖြင့် အစဉ်တစိုက် စီမံအုပ်ချုပ်ခြင်းနှင့်အတူ မဟာဗျူဟာတစ်ရပ် ဆောင်ရွက်တိုင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိုပါ ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ထိုသို့ ဆောင်ရွက်ခြင်းကြောင့် ကမ္ဘာလူသားများ သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေးနှင့် သဘာဝဘေးအန္တရာယ်များကို ကြံ့ကြံ့ခံတုံ့ပြန်နိုင်စွမ်း မြှင့်တင်ပေးရေးတို့အတွက် အရေးပါသော ကမ္ဘာ့ဒီရေတောများနှင့် ဇီဝမျိုးစုံမျိုးကွဲများ၊ ငါး၊ ပုစွန်၊ ကဏန်း စသည့်သတ္တဝါများ၊ ၎င်းတို့၏ နေရင်းဒေသများ စနစ်တကျ ထိန်းသိမ်းတည်ထောင်နိုင်ရန်၊ ပြည်သူလူထုအကြား ဒီရေတော ထိန်းသိမ်းရေးအသိများ ပိုမိုနိုးကြားသိမြင်လာစေမည်ဖြစ်ကြောင်း ပြောကြားသည်။

မွန်းလွဲပိုင်းတွင် ဒီရေတောစိုက်ပျိုးထိန်းသိမ်းရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲကို ဆက်လက်ကျင်းပပြီး ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် “ဒီရေတောများ စိုက်ပျိုးထိန်းသိမ်းပေး” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပသည်။

ယနေ့ အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ နိုင်ငံအဆင့်ပင်လယ် ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုလုပ်ငန်း ကော်မတီအဖွဲ့ဝင် ဌာနများမှ ကိုယ်စားလှယ်များ၊ Nay Pyi Taw State Academy၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်‌ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်