Skip to main content

အမျိုးသားအကျိုးစီးပွားအလေးထား အပြုသဘောဆောင်အကျိုးရှိပူးပေါင်း

မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အချိန်မှစ၍ ယနေ့ထက်တိုင် အာဆီယံအခြေခံမူ၊ အာဆီယံပဋိညာဉ်ပါအချက်များအတိုင်း အာဆီယံနိုင်ငံများအချင်းချင်း လေးစားလိုက်နာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ သို့သော် မြန်မာနိုင်ငံ၌ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်လာသည် ကိုအကြောင်းပြု၍ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့မှ အလှည့်ကျတာဝန်ယူဆောင်ရွက်သော ခေါင်းဆောင်အချို့သည် အာဆီယံအဖွဲ့ကြီးက မူလချမှတ်ထားသည့် ပဋိညာဉ်ပါအခြေခံမူများ၊ ရည်ရွယ်ချက်များကို သွေဖည်လုပ်ဆောင်လာသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး သတ္တမနေ့တွင် ၂၀၂၁ ခုနှစ်က အာဆီယံထုတ်ပြန်ချက်(၅)ရပ်သည် အာဆီယံ၏အခြေခံမူများနှင့် ကွဲလွဲနေသည့်အပြင် မြန်မာနိုင်ငံ၏ လက်ရှိပကတိနိုင်ငံရေးအခြေအနေနှင့် ကိုက်ညီမှုမရှိသည့်အတွက် သုံးသပ်ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်များက တင်ပြဆွေးနွေးခဲ့ကြရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီးဖြစ်သည့်အပြင် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် အာဆီယံတူညီဆန္ဒ(၅)ရပ်ဟုဆိုသော အာဆီယံထုတ်ပြန်ချက်(၅)ရပ်နှင့်စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်ကို အသိပေးထုတ်ပြန်ခဲ့သည်။

၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ကျင်းပခဲ့ရာ အဆိုပါအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များက မြန်မာ့အရေး ဖြစ်ပေါ်ပြောင်းလဲမှုနှင့်ပတ်သက်၍ ဆွေးနွေးအကြံပြုခဲ့ကြသည်။ အာဆီယံခေါင်းဆောင်များ အစည်းအဝေးအပြီးတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်နောက်ဆက်တွဲအနေဖြင့် အာဆီယံထုတ်ပြန်ချက်(၅)ရပ်ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်(၅)ရပ်သည် အာဆီယံလုပ်ထုံးလုပ်နည်းများနှင့်သွေဖည်၍ အဖွဲ့ဝင်နိုင်ငံများ၊ အထူးသဖြင့် အဓိကသက်ဆိုင်သည့် မြန်မာနိုင်ငံအား မူကြမ်းချပြအသိပေးညှိနှိုင်းမှုမရှိဘဲ ဥက္ကဋ္ဌထုတ်ပြန်ချက်၏ နောက်ဆက်တွဲအဖြစ် ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည့်အတွက် အဖွဲ့ဝင်နိုင်ငံအားလုံး၏ တူညီဆန္ဒဖြင့် ထုတ်ပြန်ခဲ့ခြင်းမဟုတ်ပေ။ အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ရပ်တည်ချက် ကို ၂၀၂၁ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် တရားဝင် အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများ၏ အကြံပြုတိုက်တွန်းချက်များနှင့် အာဆီယံထုတ်ပြန်ချက်(၅) ရပ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအပေါ်အခြေခံပြီး အာဆီယံမိသားစုစိတ်ဓာတ်ဖြင့် တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ယခင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် ကချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်သည် အာဆီယံထုတ်ပြန်ချက်(၅)ရပ်နှင့် အပြန်အလှန်ဆက်နွှယ်မှုရှိသည့်အတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို အကောင်အထည်ဖော်လျက် တစ်ဖက်တစ်လမ်းကလည်း အာဆီယံထုတ်ပြန်ချက်(၅)ရပ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို မထိခိုက်စေဘဲ အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။ မြန်မာနိုင်ငံတွင် ၂၀၂၅-၂၀၂၆ ခုနှစ် ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပပြီးစီးပြီးနောက် လွှတ်တော်များ ပေါ်ပေါက်လာသည့်အခါတွင် ပြည်ထောင်စုလွှတ်တော်၌ အာဆီယံထုတ်ပြန်ချက် (၅)ရပ်သည် အာဆီယံအခြေခံမူများနှင့်ကွဲလွဲနေသည့်အပြင် မြန်မာနိုင်ငံ၏ပကတိ အခြေအနေနှင့်ကိုက်ညီမှုမရှိသောကြောင့် ပြန်လည်သုံးသပ်ဆောင်ရွက်နိုင်ရန် အရေးကြီးအဆိုကို အတည်ပြုဆုံးဖြတ်ခဲ့သည်။

၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် ထိုင်းနိုင်ငံဗန်ကောက်မြို့၌ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေးတစ်ရပ်ကျင်းပခဲ့ရာ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက “မြန်မာနိုင်ငံသည် မိမိနိုင်ငံ၏ ပကတိအခြေအနေများကိုအခြေခံ၍ အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို အလေးထားစောင့်ရှောက်ကာ မြန်မာနိုင်ငံကဦးဆောင်သော မြန်မာ့ကိုယ်ပိုင်နည်းလမ်း(Myanmar- owned and Myanmar-Led approach)ဖြင့် အာဆီယံနှင့်ဆက်ဆံရေးကို ပုံမှန်ပြန်လည်တိုးတက်စေရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အာဆီယံထုတ်ပြန်ချက်(၅)ရပ်နှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်က အရေးကြီးအဆိုတစ်ရပ် အတည်ပြုဆုံးဖြတ်ခဲ့သည့်အပေါ် မိမိတို့အစိုးရအနေဖြင့် ပြည်သူများ၏ဆန္ဒဖြင့် ရွေးကောက်တင်မြှောက်ထားသော လွှတ်တော်၏ဆုံးဖြတ်ချက်ဖြစ်သည့်အတွက် လေးစားလိုက်နာရန်နှင့် ယင်းဆုံးဖြတ်ချက်နှင့်အညီ သင့်လျော်သည့်ဆောင်ရွက်မှုများ အကောင်အထည်ဖော်ရန် တာဝန်ရှိကြောင်း” အဆိုပါအစည်းအဝေးတွင် ပြောကြားခဲ့သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံခြားရေးမူဝါဒနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ချက်တို့နှင့်အညီ အိမ်နီးချင်းနိုင်ငံများ၊ ချစ်ကြည်ရင်းနှီးသည့်နိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအဝင် နိုင်ငံတကာအသိုက်အဝန်းများနှင့် အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို အစဉ်အမြဲအလေးထားကာ အပြုသဘောဆောင်၍ အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ပါကြောင်း။         ။