Skip to main content

အလေးထားလိုက်နာကြရမည့် ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ

မြန်မာ့မီးရထားသည် လာမည့် ၂၀၂၇ ခုနှစ်ဆိုလျှင် နှစ်ပေါင်း ၁၅၀ တင်းတင်းပြည့်ပြီဖြစ်သည်။ အရှေ့တောင်အာရှတွင် သက်တမ်း အရင့်ဆုံးဖြစ်ရာ မြန်မာတို့ရထားစီးခဲ့ကြသည်မှာ ကျန်အရှေ့တောင်အာရှနိုင်ငံသားတို့ထက် ပို၍စောခဲ့သည်။ ရှေးယခင်က မီးခိုးတလူလူနှင့် ရေနွေးငွေ့ရထားစက်ခေါင်းကြီးများစီး၍ ခရီးသွားခဲ့ကြရသည်။ ယင်းနောက် ဒီဇယ်ရထားများဖြင့် ဆယ်စုနှစ်ပေါင်းများစွာ သွားခဲ့ကြရပြန်သည်။

မကြာသေးမီကမူ ခေတ်မီရထားတွဲဆိုင်းများ၊ ရထားလမ်းများ၊ အချက်ပြစနစ်များ၊ ဘူတာများစသည်ဖြင့် ရထားစနစ်တစ်ခုလုံးကို အဆင့်မြှင့်တင်ခဲ့သလို ရထားလက်မှတ်ဝယ်ယူသည့်စနစ်ကိုပါ အီး-တိကက်(အွန်လိုင်း)စနစ်သို့ ပြောင်းလဲလာနိုင်ခဲ့ခြင်းကြောင့် မြန်မာ့မီးရထားတစ်ခေတ် ဆန်းသစ်လာခဲ့သည်။ ယင်းစနစ်ကြောင့် ရထားလက်မှတ်ကို တကူးတကသွားရောက်ဝယ်ယူရန် မလိုတော့ဘဲ လက်ကိုင်ဖုန်းမှတစ်ဆင့် အလွယ်တကူဝယ်ယူနိုင်လာသည်။

လေအေးပေးစက်တပ်ဆင်ထားသည့်ခေတ်မီရထားတွဲများမှာလည်း ယခင်ကစီးခဲ့ရသည့်တွဲများနှင့် နှိုင်းယှဉ်ပါက များစွာကွဲပြားခြားနား အဆင့်မြင့်သွားခဲ့ပြီဖြစ်သည်။ သန့်စင်ခန်းများသည်ပင်လျှင် လေယာဉ်ပေါ်မှသန့်စင်ခန်းများသဖွယ်ဖြစ်သကဲ့သို့ ရထားဝန်ထမ်းများက စနစ်တကျစစ်ဆေးထိန်းသိမ်းနေကြသည်ကိုလည်း တွေ့ရသည်။

ရထားများကို အမြန်နှုန်းမြှင့်တင်ခုတ်မောင်းနိုင်ရန်အတွက် လမ်းများကိုပါ အဆင့်မြှင့်တင်ရခြင်းဖြစ်ပြီး ရန်ကုန်- နေပြည်တော်- မန္တလေးလမ်းပိုင်းတွင် ရှေးဦးစွာ၊ ထို့နောက် ရန်ကုန်-ပြည်နှင့် ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတို့တွင် DEMU ခေတ်မီရထားများဖြင့် ခရီးသွားနိုင်ကြပြီဖြစ်သည်။ ရထားအသစ်များမှာ သန့်ရှင်းလှပပြီး ခုတ်မောင်းချိန်လျှော့ချနိုင်ခြင်း၊ လိုရာခရီးသို့ အချိန်မကုန်ဘဲရောက်ရှိနိုင်ခြင်း၊ မော်တော်ယာဉ်လိုင်းများထက် ကုန်ကျစရိတ်သက်သာခြင်း၊ လက်မှတ်ဝယ်ယူမှုလွယ်ကူခြင်း စသည့်အကြောင်းများကြောင့် မီးရထားဖြင့်ခရီးသွားသူများ ပြန်လည်များပြားလာသည်။ တစ်ချိန်တည်းမှာပင် မီးရထားကိုအကြောင်းပြု၍ ဥပဒေနှင့်ငြိစွန်းမှုများ ဖြစ်ပွားလာကြသည်ကိုလည်း တွေ့ရသည်။

မြန်မာ့ရထားစနစ်ကြီးတစ်ခုလုံးတွင် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကပြဋ္ဌာန်းခဲ့သော ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေက လွှမ်းခြုံထားသည်။ ဥပဒေရှိနေလျှင် ထိုဥပဒေကို မိမိမသိပါဟု မည်သူမျှငြင်းဆို၍မရ။ ဥပဒေကို တစ်စုံတစ်ရာချိုးဖောက်မိပါက ပြစ်မှုထင်ရှားလျှင် ဥပဒေနှင့်အညီ အရေးယူခံကြရမည်ဖြစ်သည်။ ပြစ်မှုအလိုက် ပြစ်ဒဏ်များရှိရာ ကြီးလေးသည့်ပြစ်ဒဏ်များအထိ ရှိနေသည်ကို ဂရုပြုကြရန်လိုသည်။ သို့ဖြစ်ရာ ရထားလမ်းဘေးဝဲယာများတစ်လျှောက်ရှိ မြို့၊ ရွာ၊ ရပ်ကွက်များတွင် အများပြည်သူနှင့်သက်ဆိုင်သည့် ရထားပို့ဆောင် ရေးလုပ်ငန်းဥပဒေပညာပေးမှုများ ပြုလုပ်ထားကြရမည်ဖြစ်သည်။

ဥပဒေပါတားမြစ်ချက်များတွင် ရထားယာဒ်ဝင်းများ၊ ရထားလမ်းများပေါ်တွင် တိရစ္ဆာန်များမောင်းနှင်ခြင်း၊ ကျော်နင်းဝင်ရောက်စေခြင်း၊ လွှတ်ကျောင်းခြင်းများမပြုရန်၊ ရထားလမ်းပေါ်သို့ သစ်တုံး၊ ကျောက်ခဲ၊ ပစ္စည်းတစ်စုံတစ်ရာတင်ထားခြင်း၊ ပစ်ချထားခြင်း၊ ရထားကိုတစ်စုံတစ်ရာဖြင့်ပစ်ပေါက်ခြင်း သို့မဟုတ် အခြားတစ်စုံတစ်ရာပြုလုပ်ခြင်း၊ ရထားလမ်းရှိ ဇလီဖားတုံး၊ လမ်းနှင့်ဆက်စပ်သည့်အရာများကို အနေအထားပျက်ပြားစေရန် ပြုလုပ်ခြင်းတို့အပါ အဝင်ရထားလမ်း၊ ရထားများနှင့်ပတ်သက်သည့် ဥပဒေချိုးဖောက်မှုတို့ကို ရထားလမ်းနယ်နိမိတ်အနီးနေထိုင်ကြသူများ မပြုမိစေရန် ရှောင်ကြဉ်ကြရမည်ဖြစ်သည်။

ရထားစီးခရီးသည်များသည်လည်း ရထားစတင်ထွက်ခွာစဉ် ရထားပေါ်သို့ခုန်တက်ခြင်း သို့မဟုတ် ရထားမရပ်မီခုန်ဆင်းခြင်း၊ ရထားအမိုး၊ အကာ၊ ခြေနင်း၊ တွဲများကြားနှင့် သတ်မှတ်ခွင့်ပြုချက် မရှိသောနေရာများတွင် စီးနင်းလိုက်ပါခြင်း၊ ရထားပေါ်တွင် အခြားသူကို စိတ်ငြိုငြင်စေရန် ပြုမူပြောဆိုခြင်း၊ အနှောင့်အယှက်ပေးခြင်း၊ တာဝန်ရှိရထားဝန်ထမ်းကို ဝတ္တရားနှောင့်ယှက်ခြင်း၊ တားဆီးခြင်း၊ ဟန့်တားခြင်း၊ အနိုင်အထက်ပြုခြင်း၊ ဆေးလိပ်သောက်ခွင့်မရှိသော ဘူတာနေရာများ၊ တွဲများပေါ်တွင်ဆေးလိပ်သောက်ခြင်း စသည်တို့ကို ဂရုပြုရှောင်ရှားကြရန်လိုသည်။ ယခုဖော်ပြခဲ့သည်တို့မှာ အများကျူးလွန်လေ့ရှိကြသည့် အပြုအမူအချို့သာဖြစ်ပြီး ဥပဒေပြဋ္ဌာန်းချက်များမှာ ပိုမိုကျယ်ပြန့်များပြားသည်ကို သတိပြုရ မည်ဖြစ်သည်။

ရထားဥပဒေပါပြစ်ဒဏ်များမှာ ပြစ်မှုအပေါ်လိုက်၍ ထောင်ဒဏ်နှစ် ၂၀၊ ၁၀ နှစ်၊ ၅ နှစ်မှသည် အနည်းဆုံးသုံးလအထိ ရှိနေပြီး ငွေဒဏ်လည်းပါရှိနေရာ ဥပဒေဟူသည် နိုင်ငံ့အကျိုး၊ အများ ပြည်သူအကျိုးအတွက်ဖြစ်သည့်အလျောက် လူတိုင်းလေးစား လိုက်နာကြရပါမည့်အကြောင်း။ ။