Skip to main content

မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့(CNG)သုံးစွဲခွင့်ပြုထားသည့် YBS ခရီးသည်တင်ယာဉ် ၁၀ စီး သတ်မှတ်ထားသည့်လမ်းကြောင်းအတိုင်း ပြေးဆွဲမှုမရှိဘဲ စက်ရုံများတွင် ဖယ်ရီပြေးဆွဲနေသည့်အတွက် ရာသက်ပန် ဓာတ်ငွေ့ဖြည့်သွင်းခွင့်ပိတ်သိမ်းအရေးယူ

ရန်ကုန် ဇူလိုင် ၂၅

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရေးနှင့် ပြည်သူများခရီးသွားလာရာတွင် သက်သာချောင်ချိမှုရရှိစေရေးအတွက် YBS ခရီးသည်တင်ယာဉ်များနှင့် Taxi ယာဉ်များကို ဦးစားပေး၍ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့(CNG)အား တစ်ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ အဆိုပါဈေးနှုန်းသည် နိုင်ငံတကာဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက လွန်စွာသက်သာမှုရှိသည့်အပြင် အာရှနိုင်ငံများထဲတွင် ဈေးနှုန်းအချိုသာဆုံး ဖြစ်ပါသည်။

အာရှနိုင်ငံများ၏ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့(CNG)ဈေးနှုန်းများ နှိုင်းယှဉ်ချက်

သို့ရာတွင် အချို့သော YBS ခရီးသည်တင်ယာဉ်များအနေဖြင့် သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း ပြေးဆွဲခြင်းမပြုဘဲ စက်မှုဇုန်များတွင် စက်ရုံဖယ်ရီပြေးဆွဲလျက်ရှိကြောင်း သတင်းရရှိသဖြင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ YBS ခရီးသည်တင်ယာဉ် ၁၀ စီးသည် စက်ရုံတွင် ဖယ်ရီပြေးဆွဲနေကြောင်း စိစစ်တွေ့ရှိရသည့်အတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အဆိုပါ YBS ခရီးသည်တင်ယာဉ် ၁၀ စီးအား ယနေ့မှစ၍ ရာသက်ပန် ဓာတ်ငွေ့ဖြည့်သွင်းခွင့်ပိတ်သိမ်းအရေးယူခဲ့ပါသည်။ မော်တော်ယာဉ် ၁၀ စီး၏ နံပါတ်များကို CNG ဆိုင်များ အားလုံးတွင် ကြေညာထားမည်ဖြစ်သည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင်များတွင် CNG ဝယ်ယူခွင့်စာအုပ်ပါရှိသည့် ယာဉ်များကိုသာ ဓာတ်ငွေ့ဖြည့်သွင်း ရောင်းချပေးခြင်းနှင့် မော်တော်ယာဉ်မှတ်ပုံတင် စာအုပ်(Owner Book)တွင် CNG သုံးယာဉ်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (က.ည.န)မှ CNG တံဆိပ်တုံး မှတ်ပုံတင်ပြီးမှသာ CNG ယာဉ် နှစ်ပတ်လည် သက်တမ်းတိုးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

CNG ယာဉ်များအနေဖြင့် အခြားယာဉ်များသို့ တရားမဝင် CNG ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိပါကလည်း ကျူးလွန်သည့် ယာဉ်များအား ရာသက်ပန်ဓာတ်ငွေ့ဖြည့်သွင်းခွင့် ပိတ်သိမ်း အရေးယူလျက်ရှိကြောင်းနှင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရေးနှင့် ပြည်သူလူထုသက်သာချောင်ချိရေးအတွက် အမှန်တကယ်ဆောင်ရွက်မည့်လုပ်ငန်းရှင်များကိုသာ CNG အသုံးပြုခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်