Skip to main content

ဒီမိုကရေစီစနစ်အကောင်အထည်ဖော် နိုင်ငံနှင့် လူမျိုးအဆင့်အတန်း မြှင့်တင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ပြည်သူများလိုလားသော လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ ပြည်သူများ၏ လွတ်လပ်သောဆန္ဒမဲများနှင့်အညီ ပေါ်ထွက်လာသော ပြည်သူ့ကိုယ်စားလှယ်များအားလုံးပါဝင်သည့် လွှတ်တော်အသီးသီးနှင့် နိုင်ငံတော်သမ္မတဦးဆောင်သော အစိုးရအဖွဲ့သည် နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားများကို ဒီမိုကရေစီနည်းလမ်းတကျ အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် တည့်မတ်မှန်ကန်ဖြောင့်တန်းအောင် လျှောက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ဒီမိုကရေစီနိုင်ငံတွင် ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်ကြီးသုံးရပ် တည့်မတ်ခိုင်မာစွာ ရပ်တည်လည်ပတ်ဆောင်ရွက်ရာတွင် စတုတ္ထမဏ္ဍိုင် ဟုခေါ်ဆိုသည့် သတင်းမီဒီယာကဏ္ဍက မှန်ကန်တိကျသည့် သတင်းအချက်အလက်အသိအမြင်များကို ဖြန့်ဝေပေးရမည်ဖြစ်သလို ပဉ္စမမဏ္ဍိုင်ဟုခေါ်ဆိုသည့် ပြည်သူလူထုတစ်ရပ်လုံးကလည်း ဥပဒေ၊ စည်းကမ်းများကို လေးစားလိုက်နာကာ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်ပေါ်လာအောင် ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

ဒီမိုကရေစီစနစ်တွင် လွတ်လပ်၍ တရားမျှတမှုရှိသော လူ့ဘောင်အဖွဲ့အစည်း၊ နိုင်ငံသားတိုင်း အခွင့်အရေးတန်းတူညီတူရရှိခြင်း၊ နိုင်ငံရေးမူဝါဒလမ်းစဉ်တို့၌ မတူကွဲပြားမှုရှိနိုင်သော်လည်း အညီအညွတ်ညှိနှိုင်းဆွေးနွေးမှုဖြင့်ဖြေရှင်းခြင်း၊ ထိုသို့ဖြေရှင်းရာတွင် အများစု၏သဘောထားကို အနည်းစုက လက်ခံရမည်ဖြစ်သလို အများစုကလည်း အနည်းစု၏သဘောထားကို အပြန်အလှန်အလေးထားခြင်း၊ နိုင်ငံသားတစ်ဦးချင်းစီ၏ လွတ်လပ်မှု၊ တန်းတူရည်တူရှိမှုစသည်တို့သည် မူလအခွင့်အရေးဖြစ်သော်လည်း တစ်ဦးချင်းစီ၏ အကျိုးစီးပွားထက် နိုင်ငံ၊ လူမျိုးနှင့် လူ့အဖွဲ့အစည်း၏ အကျိုးစီးပွားကို ဦးစားပေးခြင်းဟူသည့် မြန်မာနိုင်ငံနှင့် ဆီလျော်ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကို ဝိုင်းဝန်းအကောင်အထည်ဖော်ကြရမည်ဖြစ်သည်။

ယခုအခါ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွားကို တည်ဆောက်အကောင်အထည်ဖော်ကာကွယ်စောင့်ရှောက်ပေးသည့် နိုင်ငံတော်အစိုးရနှင့် လွှတ်တော်အသီးသီးတို့၏ ဆောင်ရွက်ချက်များကို ထင်ထင်ရှားရှားမြင်တွေ့လာရသဖြင့် ဒီမိုကရေစီစနစ်၏ အနှစ်သာရများ ပီပြင်လာသည်။ လွှတ်တော်အသီးသီးတွင် နိုင်ငံတော်နှင့် ပြည်သူများ၏ လိုအပ်ချက်များကို ထင်ဟပ်ပေါ်လွင်အောင် တင်ပြဆွေးနွေးညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိသည်။

ပြည်သူများအနေဖြင့်လည်း ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်ရာတွင် နိုင်ငံသားတစ်ဦးချင်းစီ၏ လွတ်လပ်မှု နှင့်အခွင့်အရေးကို ဒီမိုကရေစီနည်းလမ်းတကျ စည်းကမ်းပြည့်ဝစွာဖြင့် လိုက်ပါဆောင်ရွက်ကြရန် လိုအပ်သည်။ နိုင်ငံတော်အနေဖြင့် ပြည်သူများအတွက် အဓိကလိုအပ်ချက်များဖြစ်သည့် လျှပ်စစ်မီးရရှိရေး၊ သွားလာမှုလွယ်ကူချောမွေ့စေရေး၊ ဆက်သွယ်မှုကောင်းမွန်ရေးတို့ကို အလေးထားဆောင်ရွက်ပေးလျက်ရှိရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် စနစ်တကျကောင်းမွန်အောင် ဆောင်ရွက်ပေးရေးတို့ကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးလျက်ရှိသည့်နည်းတူ ပြည်သူများအနေဖြင့်လည်း သက်ဆိုင်ရာကဏ္ဍအသီးသီးမှ သတ်မှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်ပါဆောင်ရွက်နိုင်အောင် ကြိုးစားအားထုတ်ကြရမည်ဖြစ်သည်။

ဥပမာအားဖြင့် ပြည်သူများ လျှပ်စစ်မီးအပြည့်အဝရရှိရေးကို သက်ဆိုင်ရာအဖွဲ့အစည်းများက နေ့စဉ်နှင့်အမျှ ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပြီး ပွင့်လင်းမြင်သာစွာ အသိပေးနေချိန်တွင် ပြည်သူအချို့က လျှပ်စစ်မီးကို မမှန်မကန်မသမာသောနည်းလမ်းဖြင့် အသုံးပြုခဲ့ခြင်းကြောင့် နိုင်ငံတော်အတွက် ထိခိုက်နစ်နာသလို ဖော်ထုတ်ရမိသူအချို့ကိုလည်း ဥပဒေနှင့်အညီ အရေးယူလျက်ရှိသည်ကို တွေ့နိုင်သည်။ အလားတူ အများပြည်သူ အဆင်ပြေလွယ်ကူချောမွေ့ပြီး အဆင့်မြင့်စွာ သွားလာနိုင်ရေးအတွက် DEMU လူစီးအမြန်ရထားများ ပြေးဆွဲပေးလျက်ရှိရာတွင် စည်းကမ်းထိန်းသိမ်းသောဝန်ထမ်းများနှင့် စည်းကမ်းလိုက်နာသော ပြည်သူများ၏ ဆောင်ရွက်ပေးမှုဖြင့် အဆင့်မြင့်ရထားပေါ်၌ အခြားသူများအား စိတ်ငြိုငြင်စေရန် ပြုမူပြောဆိုနေထိုင်ခြင်း၊ အရက်သေစာသောက်စားမူးယစ်ခြင်း၊ စည်းကမ်းမဲ့နေထိုင်ပြုမူဆောင်ရွက်သူများအား အရေးယူခဲ့သည်ကို တွေ့နိုင်သည်။

သို့ဖြစ်ရာ စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်ရာတွင် အုပ်ချုပ်ရေးကဏ္ဍမှ ဒီမိုကရေစီစနစ်နှင့် လိုက်လျောညီထွေဖြစ်စွာ အလေးထားဆောင်ရွက်ပေးလျက်ရှိနေချိန်တွင် ပြည်သူများကလည်း ဒီမိုကရေစီနိုင်ငံကြီးသားပီသစွာဖြင့် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ သတ်မှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို လေးစားလိုက်နာပါဝင်ဆောင်ရွက်ကြခြင်းဖြင့် မိမိနိုင်ငံ၊ မိမိလူမျိုး အဆင့်အတန်းကို မြှင့်တင်ကြရမည်ဖြစ်ပါကြောင်း။ ။