ရန်ကုန် ဇူလိုင် ၂၆
မြန်မာနိုင်ငံ၏ ဒီဂျစ်တယ် အနာဂတ်၊ AI နည်းပညာအသုံးချမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများအတွက် အင်ဂျင်နီယာ၊ ICT နှင့် စီးပွားရေးကဏ္ဍအသီးသီးမှ ပြည်တွင်း/ ပြည်ပတာဝန်ရှိသူများ ပါဝင်ဆွေးနွေးသည့် "iCEEt 2026" ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်၌ ကျင်းပရာ မြန်မာနိုင်ငံ၏ AI အသင့်ဖြစ်မှု အင်ဂျင်နီယာဆိုင်ရာ ဂေဟစနစ် တည်ဆောက်ခြင်း၊ ဆန်းသစ်တီထွင်မှု၊ တိုးတက်မှုနှင့် လွှမ်းခြုံမှုပါသော ဒီဂျစ်တယ်စီးပွားရေးကို မောင်းနှင်ခြင်း၊ မြန်မာဒီဂျစ်တယ်အပြောင်းအလဲ စုပေါင်းမျှော်မှန်းချက်နှင့် ကြိုးပမ်းအားထုတ်မှုခေါင်းစဉ်အောက်တွင် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ စီးပွားရေးလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးစွန့်ဦးတီထွင်ကွန်ရက်မှ တာဝန်ရှိသူတို့က AI စက်မှုလုပ်ငန်းအသင့်ဖြစ်မှု၊ ဒီဂျစ်တယ်လုပ်သားအင်အား မျိုးဆက်တည်ဆောက်ရေးနှင့် ကျွမ်းကျင်မှုဆိုင်ရာ စုစည်းထားသော ICT ကဏ္ဍ၏အမြင်၊ အင်ဂျင်နီယာလုပ်သားအင်အား တည်ဆောက်ရေးနှင့် AI ခေတ်တွင် သိပ္ပံနှင့် နည်းပညာစွမ်းဆောင်ရည်မြှင့်တင်ရေး၊ AI အထောက်အကူပြုမူဝါဒနှင့် ဒီဂျစ်တယ် ဆန်းသစ်တီထွင်မှုဖွံ့ဖြိုးရေးတွင် အစိုးရ၏ အခန်းကဏ္ဍ၊ မြန်မာပုဂ္ဂလိကကဏ္ဍတွင် AI အသုံးပြုမှု၊ ဒီဂျစ်တယ်အပြောင်းအလဲဆိုင်ရာ စိန်ခေါ်မှုများနှင့် ဒီဂျစ်တယ်စီးပွားရေးတွင် စီးပွားရေးအသိုက်ဝန်း၏ အခန်းကဏ္ဍ၊ လူငယ်များ ဦးဆောင်သော ဒီဂျစ်တယ်ဆန်းသစ်မှု၊ Startup ဂေဟစနစ် ဖွံ့ဖြိုးတိုးတက်မှုနှင့် မြန်မာ့ AI အပြောင်းအလဲတွင် နောက်မျိုးဆက်များ၏ အခန်းကဏ္ဍ၊ MSME ဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်နှင့် အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များ၏ ဒီဂျစ်တယ်နည်းပညာကဏ္ဍတွင် ပါဝင်ဆောင်ရွက်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာများကို ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာစသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ဋ္ဌေးက အစိုးရ၊ တက္ကသိုလ်၊ စက်မှုလုပ်ငန်း၊ အသက်မွေးဝမ်းကျောင်းအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေကြမည်ဖြစ်ပြီး AI ခေတ်နှင့်ကိုက်ညီသော အင်ဂျင်နီယာများကို ခေတ်မီပညာရေး၊ အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေးနှင့် တစ်သက်တာသင်ယူမှုမှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း၊ လူငယ်အင်ဂျင်နီယာများနှင့် စွန့်ဦးတီထွင်သူများကို အားပေးကာ Innovation နှင့် Entrepreneurship ကို မြှင့်တင်၍ Artificial Intelligence ကို ကျင့်ဝတ်၊ လုံခြုံမှုနှင့် လူမှုအကျိုးပြုရည်ရွယ်ချက်ကို အသုံးချပြီး WFEO၊ FEIAP နှင့် နိုင်ငံတကာမိတ်ဖက်များနှင့်အတူ မြန်မာနိုင်ငံ၏ Digital Economy Roadmap 2030 ကို အကောင်အထည်ဖော်ရာတွင် ဆောင်ရွက်ကြမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
ထို့ပြင် FEIAP ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာအောင်ကျော်မြတ်၊ အင်ဂျင်နီယာပညာရေးကော်မတီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဇော်မင်းအောင်နှင့် တာဝန်ရှိသူများက အာရှ-ပစိဖိတ်အင်ဂျင်နီယာကဏ္ဍအခြေအနေ၊ ဒေသတွင်း AI စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် FEIAP၏ မျှော်မှန်းချက်၊ ရပ်ဝန်းနှင့် လမ်းကြောင်းတစ်လျှောက် AI ဖွံ့ဖြိုးတိုးတက်မှု၊ ဒေသတွင်း ဒီဂျစ်တယ်ချိတ်ဆက်မှုနှင့် မြန်မာနိုင်ငံအတွက် ပူးပေါင်းဆောင်ရွက်ခွင့်ဆိုင်ရာများကို ဆွေးနွေးပြောကြားကြသည်။
ဆွေးနွေးပွဲတွင် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းပေးပို့သည့် ဗီဒီယိုမိန့်ခွန်းကလစ်ကို ဖွင့်လှစ်ပြသခြင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာနေခြည်လဲ့လဲ့သိန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ကမ္ဘာ့အင်ဂျင်နီယာ အဖွဲ့အစည်းများအဖွဲ့ချုပ်မှ ပေးပို့လာသည့် ကမ္ဘာ့အင်ဂျင်နီယာဆိုင်ရာ ဦးဆောင်မှု၊ နိုင်ငံတကာ AI အုပ်ချုပ်မှုနှင့် ဒီဂျစ်တယ်အနာဂတ်ကို ပုံဖော်ရာတွင် အင်ဂျင်နီယာအသိုက်အဝန်း၏ အခန်းကဏ္ဍကို ဖွင့်လှစ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
