ရန်ကုန် ဇူလိုင် ၂၆
ဂျပန်နိုင်ငံ၌ ကျင်းပမည့် အကြိမ် (၂၀) မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာတက်ဂ်ဘောအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲအမျိုးအစား သုံးမျိုးယှဉ်ပြိုင်ရန် စီစဉ်ထားသည်။
ယင်းပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစားငါးမျိုး ထည့်သွင်းကျင်းပမည်ဖြစ်ပြီး မြန်မာတက်ဂ်ဘောအသင်းအနေဖြင့် ပြိုင်ပွဲအမျိုးအစား သုံးမျိုး ယှဉ်ပြိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။ မြန်မာတက်ဂ်ဘောအသင်းအနေဖြင့် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲနှင့် အမျိုးသား+အမျိုးသမီး Mixed နှစ်ယောက်တွဲပြိုင်ပွဲတို့တွင် ယှဉ်ပြိုင်မည်ဖြစ်သည်။
မြန်မာတက်ဂ်ဘောအသင်းသည် အာရှအားကစားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဇူလိုင် ၅ ရက်မှ ၁၈ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ရက်သတ္တနှစ်ပတ်ကြာပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး ယင်းပူးတွဲလေ့ကျင့်မှုကာလအတွင်း တက်ဂ်ဘောအားကစားနှင့်ပတ်သက်ပြီး နည်းဗျူဟာနှင့် စွမ်းဆောင်ရည်ပိုင်းများကို အဓိကထားလေ့ကျင့်ပြင်ဆင်ခဲ့သလို နိုင်ငံတကာအတွေ့အကြုံရှိသော ချင်းမိုင်အခြေစိုက် ထိုင်းကစားသမားများနှင့်လည်း ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခဲ့သည်။ ပူးတွဲလေ့ကျင့်မှုပြုလုပ်ခဲ့သည့် မြန်မာတက်ဂ်ဘောအသင်းတွင် အဖွဲ့ခေါင်းဆောင် ဦးစိုးမိုးကျော် (ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတက်ဂ်ဘောအဖွဲ့ချုပ်)၊ အုပ်ချုပ်သူအဖြစ် ဦးစိုင်းအောင်ဟိန်း၊ နည်းပြချုပ်အဖြစ် Mrs.Meam (ထိုင်း)၊ လက်ထောက်နည်းပြအဖြစ် ဦးကျော်ဇင်ဦး၊ ကစားသမားများအဖြစ် အမျိုးသား-စောဖရိုင်းဒေး၊ ခိုင်မြဲမင်း၊ အောင်ကျော်ကျော်၊ နိုဝင်ဘာကိုကို၊ အမျိုးသမီး-ဆုမွန်အောင်၊ ခင်နှင်းဝေနှင့် ဖြူဖြူသန်းတို့ ပါဝင်ခဲ့ပြီး လက်ရှိတွင် ရန်ကုန်မြို့၌ လေ့ကျင့်ကာ အပြီးသတ်ပြင်ဆင်လျက်ရှိသည်။
MTF အနေဖြင့် လာမည့်အာရှအားကစားပြိုင်ပွဲအတွက် ရည်ရွယ်၍ ယခုထိုင်းလေ့ကျင့်ရေးခရီးစဉ်အပြီး သြဂုတ်လတွင် ကမ္ဘာ့တက်ဂ်ဘောအဖွဲ့ချုပ် (FITEQ) က ကြီးမှူး၍ တရုတ်နိုင်ငံ၌ ကျင်းပမည့် FITEQ Demonstration Tournament 2026 ပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
သတင်း - မောင်စံကြီး၊ ဓာတ်ပုံ - ABG
