နေပြည်တော် ဇူလိုင် ၂၈
တိုင်းဒေသကြီး၊ ပြည်နယ်များရှိ နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း (Certificate of Legal Advocacy, CLA-7) အား အစိုးရဌာနအဖွဲ့အစည်းများ၏ လုပ်ငန်းတာဝန်များကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ စနစ်တကျဖြစ်စေရန် ဥပဒေရေးရာ အခြေခံသဘောတရားများကို သိရှိနားလည်ပြီး တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးက ပြောကြားသည်။
သင်တန်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၏ ဦးစီးဌာနများက ဆောင်ရွက်လျက်ရှိသော ဥပဒေရေးရာ ကိစ္စရပ်များအပြင် နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများ သိသင့်သိထိုက်သည့် ဥပဒေဘာသာရပ်များဖြစ်သည့် ဥပဒေပညာအခြေခံသဘောတရားများဘာသာရပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဘာသာရပ်၊ ဥပဒေမူကြမ်းရေးဆွဲခြင်းဘာသာရပ်၊ အထွေထွေဥပဒေအကြံဉာဏ်ပေးခြင်းဘာသာရပ်၊ အပြည်ပြည်ဆိုင်ရာဥပဒေနှင့်အာဆီယံဥပဒေများ လက်တွေ့အသုံးချမှုဘာသာရပ်၊ စီးပွားရေးစာချုပ်စာတမ်းများ စိစစ်ခြင်းဘာသာရပ်၊ ပြစ်မှုဆိုင်ရာနှင့် အထူးဥပဒေများ လက်တွေ့အသုံးချမှုဘာသာရပ်နှင့် တရားမဆိုင်ရာဥပဒေများ လက်တွေ့အသုံးချမှုဘာသာရပ်များ သင်ကြားပို့ချပေးခဲ့သည်။
အဆိုပါ (CLA-7) သင်တန်းဆင်းပွဲအခမ်းအနားကို ဥပဒေရေးရာဝန်ကြီးဌာန ဥပဒေအသိပညာပြန့်ပွား ရေးသင်တန်းကျောင်း(Legal Advocacy Center) MOLA Lecture Hall ၌ ကျင်းပပြီး သင်တန်းဆင်းပွဲသို့ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ တရားလွှတ်တော်ချုပ် တရားသူကြီး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်
