Skip to main content

ကမ္ဘောဇရိပ်သာ(ချင်းချောင်းနန်းတော်) အဆောက်အအုံနှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တို့တွင် ရှေးဟောင်းအဆောက်အအုံ ကြေးပြားကမ္ပည်းမော်ကွန်းတပ်ဆင်

ရန်ကုန် ဇူလိုင် ၂၈

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှေးဟောင်းအဆောက်အအုံ လေးခုကို ကြေးပြားကမ္ပည်းမော်ကွန်း တပ်ဆင်နိုင်ခဲ့ပြီး ယနေ့တပ်ဆင်သည့် ကမ္ဘောဇရိပ်သာ(ချင်းချောင်းနန်းတော်) အဆောက်အအုံနှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ရှေးဟောင်းအဆောက်အအုံ နှစ်ခုအပါအဝင် စုစုပေါင်း ရှေးဟောင်းအဆောက်အအုံ ခြောက်ခုကို ကြေးပြားကမ္ပည်းမော်ကွန်း တပ်ဆင်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် က ပြောကြားခဲ့သည်။

ယနေ့ မွန်းလွဲပိုင်းတွင်ကျင်းပသည့် ကမ္ဘောဇရိပ်သာ(ချင်းချောင်းနန်းတော်) အဆောက်အအုံနှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တို့တွင် ရှေးဟောင်းအဆောက်အအုံ ကြေးပြားကမ္ပည်းမော်ကွန်း တပ်ဆင်ခြင်းအခမ်းအနားတွင် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ယဉ်ကျေးမှု၊ သမိုင်း၊ ဗိသုကာနှင့် အနုပညာလက်ရာ တန်ဖိုးမြင့်မားပြီး နိုင်ငံတော်က ထိန်းသိမ်းစောင့်ရှောက်သင့်သည့် နှစ်(၁၀၀)နှင့်အထက် သက်တမ်းရှိသည့် ရှေးဟောင်းအဆောက်အအုံများကို ဥပဒေ၊ နည်းဥပဒေအရ ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်ကာကွယ် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်အထိ ထိန်းသိမ်းစောင့်ရှောက်ထားသည့် ရှေးဟောင်းအဆောက်အအုံပေါင်း ၅၇၀၈ လုံးရှိပြီး ၂၀၂၂ ခုနှစ်မှ ယနေ့အထိ ဥပဒေအရ နှစ် (၁၀၀) နှင့်အထက် သက်တမ်းရှိပြီး နိုင်ငံတော်အနေဖြင့် ထိန်းသိမ်းစောင့်ရှောက်ထားရန် လိုအပ်သည့် အဆောက်အအုံများကို ဥပဒေအရ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ၃၉၇ လုံးကို ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်ခဲ့သည့်အတွက် ယခုဆိုလျှင် စုစုပေါင်း ၆၁၀၅ လုံး ရှိပြီဖြစ်ကြောင်း။

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံများသည် ပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည်များ လာရောက်အောင် ဆွဲဆောင်နိုင်ပြီး နိုင်ငံ၏ဂုဏ်သိက္ခာနှင့် ခမ်းနားထည်ဝါမှုစသည့် တန်ဖိုးများ မြင့်တက်စေခြင်းကြောင့် အမွေအနှစ်တန်ဖိုးနှင့် ထိန်းသိမ်းရန်လိုအပ်မှုကို ပြည်သူများအနေနှင့် နားလည်သိရှိလိုက်နာလာစေရန် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းနှင့် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် ပြောကြားလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်ပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။

ယနေ့တပ်ဆင်သည့် ကြေးပြားကမ္ပည်းမော်ကွန်းသည် ကမ္ဘောဇရိပ်သာ (ချင်းချောင်းနန်းတော်) အဆောက်အအုံနှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တို့၏ သမိုင်းတန်ဖိုးကို ပိုမိုထင်ရှားစေမည့်အပြင် အမှတ်တရအမွေအနှစ်တစ်ရပ်အဖြစ် ရေရှည်တည်တံ့စေမည်ဖြစ်၍ ပြည်သူလူထု လူငယ်များအနေဖြင့်လည်း မိမိတို့၏ ရှေးဟောင်းအဆောက်အအုံများကို ရေရှည်တည်တံ့စေရန်အတွက် တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်ပြီး အနာဂတ်မျိုးဆက်သစ်လူငယ်များကို ဆက်လက်လက်ဆင့်ကမ်းမည့် အရေးပါသော မှတ်တမ်းအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်