ရန်ကုန်တက္ကသိုလ် ပေါ်ပေါက်လာခြင်းနှင့်အတူ အမျိုးသားရေးလှုပ်ရှားမှုလည်း တစ်ဆက်တည်း ဖြစ်ပေါ်လာခဲ့သည်။ ထိုအမျိုးသားရေးလှုပ်ရှားမှုကြီးသည် ယူနီဗာစီတီအက်ဥပဒေကို ကျောင်းသားများ နှင့် ပြည်သူတစ်ရပ်လုံး ကန့်ကွက်နေသည့်ကြားမှ အတည်ပြုပြဋ္ဌာန်းလိုက်သဖြင့် ပေါ်ပေါက်လာသော အမျိုးသားရေးလှုပ်ရှားမှု၊ အမျိုးသားရေး သမိုင်းမှတ်တိုင်၊ အမျိုးသားအောင်ပွဲနေ့ဖြစ်သည်။
၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့သည် မြန်မာတစ်မျိုးသားလုံး၏ အမျိုးသားရေး လှုပ်ရှားမှု အစီအစဉ်တွင် ထင်ရှားပြောင်မြောက်သော သမိုင်းမှတ်တိုင်ကြီးဖြစ်၍ ထိုနေ့ထိုရက်သို့ ရောက်လေတိုင်း အမျိုးသား အောင်ပွဲနေ့ကို ကျင်းပလေ့ရှိသည်။ ထိုအောင်မြင်သော လှုပ်ရှားမှုကြီးသည် ကျောင်းသားအရေး၊ ပညာအရေး လှုပ်ရှားမှုသဘော သက်သက်မဟုတ်ချေ။ အမျိုးသားကျောင်းများ မြန်မာပြည်အနှံ့ ပေါ်ပေါက်လာရေးနှင့် နိုင်ငံ လွတ်လပ်ရေးလှုပ်ရှားမှု အရှိန်အစပျိုးသော အမျိုးသားရေး လှုပ်ရှားမှု မီးရှူးတန်ဆောင်ဖြစ်သည်။
အမျိုးသားအောင်ပွဲနေ့သည် ရန်ကုန်တက္ကသိုလ်ကြီးနှင့်အတူ ပေါ်ပေါက်လာသောကြောင့် နှစ်(၁၀၀)ပြည့် မီးရှူး တန်ဆောင်နေ့ဖြစ်လာပြီ။ နှစ် (၁၀၀)တွင် တစ်ကြိမ်သာကြုံကြိုက်ရသည့် အမျိုးသားအောင်ပွဲနေ့ကို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသောကာလဖြစ်၍ သိုက်သိုက်မြိုက်မြိုက် စည်စည်ကားကား မကျင်းပနိုင်သော်လည်း ထင်ထင်ရှားရှား လေးလေးနက်နက် ထိုက်ထိုက်တန်တန် ဂုဏ်ပြုကြရမည်ဖြစ်သည်။ အမျိုးသားရေးစိတ်ဓာတ်၊ အမျိုးသားရေး နိုးကြားထက်သန်မှုသည် တိုင်းပြည်နှင့်လူမျိုးအတွက် အရေးကြီးသဖြင့် သမိုင်းတန်ဆောင် ထွန်းပြောင်မှုကို လှစ်ဟပြုကြရမည် ဖြစ်သည်။
နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအတွက် မွန်မြတ်အားကောင်းသော အမျိုးသားရေး စိတ်ဓာတ် မရှိမဖြစ်လိုအပ်ပါသည်။ မိမိနိုင်ငံ လွတ်မြောက်ရေးအတွက်လည်းကောင်း၊ မိမိနိုင်ငံ ကာကွယ်စောင့် ရှောက်ရေးအတွက်လည်းကောင်း၊ မိမိနိုင်ငံ၏အကျိုးစီးပွား မပျက်စီးမယုတ်လျော့ရေးအတွက် လည်းကောင်း အမျိုးသားရေးစိတ်ဓာတ်များ ထွန်းကားအောင် ကြိုးပမ်းအားထုတ်ကြပါသည်။ ပြင်းပြသော အမျိုးသားရေး၊ နိုးကြား သော အမျိုးသားစိတ်တို့ဖြင့် မိမိနိုင်ငံ၏ အကျိုးစီးပွားကို ရှေးရှုဖော်ဆောင်ကြသည်။
၁၉ ရာစု၊ ၁၉ ရာစုလွန်ကာလတွင် နိုင်ငံများသည် နယ်ချဲ့လက်အောက်ဘဝမှ လွတ်မြောက်ရေးအတွက် ထက်သန်သောအမျိုးသားရေးစိတ်ဓာတ်ဖြင့် တွန်းလှန်နိုင်ခဲ့ပြီး ၂၀ ရာစု၊ ၂၁ ရာစုကာလတွင် မိမိနိုင်ငံ ချမ်းသာ ကြွယ်ဝရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာသော အမျိုးသားရေးစိတ်ဓာတ်ဖြင့် ကြိုးပမ်းအားထုတ်နေကြသည်။ မိမိနိုင်ငံ ပိုင်နက်နယ်မြေကို ကာကွယ်ရာ၌၊ မိမိနိုင်ငံ အကျိုးစီးပွား ထိခိုက်မှုကို ကာကွယ်ရာ၌ အမျိုးသားရေး စိတ်ဓာတ်သည် မရှိမဖြစ်လိုအပ်သည်။ ယင်းအမျိုးသားရေး စိတ်ဓာတ် သန္ဓေတည်မွေးဖွားရာနေ့သည် ယင်းနိုင်ငံ၏ သမိုင်းအထင်ကရ အမျိုးသားရေးလှုပ်ရှားမှုကြီး စတင်သောနေ့ကို သတ်မှတ်ကြသည်။ မြန်မာနိုင်ငံအနေဖြင့်မူ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ ဖြစ်သည်။
၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဖွင့်လှစ်သင်ကြားခဲ့သော ရန်ကုန်တက္ကသိုလ်နှင့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများသည် တက္ကသိုလ်ကြီးဖွင့်လှစ်ပြီး ရက်ပိုင်းအကြာတွင် အမျိုးသားရေးလှုပ်ရှားမှုကြီးကို စတင်နိုင်ခဲ့ သည်မှာ ပြင်းပြသောအမျိုးသားရေးစိတ်ဓာတ်ကြောင့် ဖြစ်သည်။ ရာပြည့် ရန်ကုန်တက္ကသိုလ်နှင့် ရာပြည့်အမျိုးသား အောင်ပွဲနေ့သည် နှစ်ပေါင်း ၁၀၀ သက်တမ်းသို့ ချင်းနင်းဝင်ရောက်ပြီဖြစ်၍ လူ့သက်တမ်းတစ်ခုကို ကျော်လွန် လာပြီဖြစ်သည်။ သို့အတွက် နှစ်ပေါင်း ၁၀၀ ကာလက နိုင်ငံအပေါ်ထားရှိခဲ့သော အမျိုးသားရေးစိတ်ဓာတ်များ မှေးမှိန်ပျောက်ကွယ်မသွား ဖို့လိုအပ်သည်။
မျက်မှောက်ကာလတွင် နိုင်ငံတိုင်း နိုင်ငံတိုင်းသည် မိမိနိုင်ငံအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရာ၌ တစ်ကမ္ဘာလုံးအကျိုးကို လွှမ်းခြံရှုမြင်လာသည့် အချိန်အခါဖြစ်သည်။ အဖြစ်အပျက်အကြောင်းအရာ များသည် မိမိတစ်နိုင်ငံသာမက တစ်ကမ္ဘာလုံးစီးဝင်ဖြစ်ပေါ်နေသော ကာလဖြစ်သည်။ ထို့ကြောင့် အကျိုးစီးပွားများကို ဖော်ဆောင်ရာ၌ မိမိနေရာ ကွက်ကွက်လေးသာ ရှုမြင်ဆောင်ရွက်ခြင်းဖြင့် အလုပ်မဖြစ်နိုင်တော့ဘဲ တစ်ကမ္ဘာလုံး လွှမ်းခြုံရှုမြင်သော တွေးခေါ်မြော်မြင်ဆင်ခြင်နိုင်စွမ်းအားဖြင့် ကြိုးပမ်းအားထုတ်မည်ဆိုသည့် အမျိုးသားရေး စိတ်ဓာတ်များ မွေးမြူကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ လွန်ခဲ့သည့် နှစ် ၁၀၀ ကာလက ပေါ်ထွန်းခဲ့သော အမျိုးသား ရေးမီးရှူးတန်ဆောင်သည် သမိုင်းကာလ အားဖြင့် မဝေးကွာသေးပေ။ အမျိုးသားလွတ်မြောက်ရေးမှ သန္ဓေတည်ခဲ့သော အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံ၍ မျက်မှောက်ကာလ၌ နိုင်ငံချစ်စိတ်၊ ကမ္ဘာချစ်စိတ်၊ အားလုံးနှင့် သဟဇာတဖြစ်မည့် မြော်မြင်စိတ်များမွေးမြူ၍ အကျိုးစီးပွားများကို ဖော်ဆောင်ကြရမည် ဖြစ်ပါကြောင်း။ ။