ရန်ကုန် ဩဂုတ် ၁
သုံးနှစ်တာအတွင်း ပထမဆုံး ပြန်လည်ကျင်းပနိုင်ခဲ့သည့် အမျိုးသားအဆင့် လူငယ်ကြက်ခြေနီဖိုရမ်ကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Rose Garden Hotel တွင် ကျင်းပပြီး နိုင်ငံတစ်ဝန်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၅ ခုမှ လူငယ်ကြက်ခြေနီခေါင်းဆောင် ၅၀ တက်ရောက်လျက်ရှိကြောင်း သိရသည်။
အခမ်းအနားတွင် လူငယ်များသည် ရပ်ရွာလူထု၏ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းကို မြှင့်တင်ရာတွင် အဓိကအင်အားစုများဖြစ်ကြပြီး ဒေသတွင်းကွဲပြားမှုများကို ပေါင်းကူးချိတ်ဆက်ပေးခြင်း၊ ဒီဂျစ်တယ်သတင်းအမှားများကို တုံ့ပြန်ကိုင်တွယ်ခြင်းနှင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်ဆောင်ရွက်ရာတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်က အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Nadia KHOURY နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ Head of Programs & Prevention Mr. Xavier Collard de Macquerh တို့က နှုတ်ခွန်းဆက်စကားပြောကြားကြပြီး ဖိုရမ်ကို အစီအစဉ်အတိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
သတင်းစဉ်
