Skip to main content

ASEAN Championship Hyundai Cup 2026 ပြိုင်ပွဲတွင် မြန်မာအသင်းက လာအိုအသင်းကို ဂိုးပြတ်အနိုင်ရ

ရန်ကုန် ဩဂုတ် ၄

အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF)က ကြီးမှူးကျင်းပသည့် ASEAN Championship Hyundai Cup 2026 ပြိုင်ပွဲ၏ အုပ်စုပွဲစဉ်အဖြစ် မြန်မာအမျိုးသား လက်ရွေးစင်အသင်းနှင့် လာအိုအမျိုးသားလက်ရွေးစင်အသင်းတို့သည် ယနေ့ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအမျိုးသားလက်ရွေးစင်အသင်းက ခုနစ်ဂိုး - နှစ်ဂိုးဖြင့် အနိုင်ရရှိသည်။

ထိုသို့ မြန်မာအမျိုးသား လက်ရွေးစင်အသင်းနှင့် လာအိုအမျိုးသားလက်ရွေးစင်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အာရှဘောလုံးအဖွဲ့ချုပ်အကြီးတန်းဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဘောလုံးပရိသတ်များက ကြည့်ရှုအားပေးကြသည်။

ပွဲအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြန်မာအမျိုးသား လက်ရွေးစင်အသင်း၏ အုပ်ချုပ်သူ၊ နည်းပြနှင့်အားကစားသမားများကိုနှုတ်ဆက်ပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

မြန်မာအမျိုးသားလက်ရွေးစင်အသင်းသည် ASEAN Championship Hyundai Cup 2026 ပြိုင်ပွဲ အုပ်စု(B)တွင် မလေးရှားအမျိုးသား လက်ရွေးစင်အသင်း၊ ဖိလစ်ပိုင် အမျိုးသားလက်ရွေးစင်အသင်း၊ လာအိုအမျိုးသားလက်ရွေးစင် အသင်းနှင့် ထိုင်းအမျိုးသားလက် ရွေးစင်အသင်းတို့ဖြင့် ကျရောက်ကာ သုံးပွဲကစား ရမှတ်(၆)မှတ် ရရှိထားပြီး ဩဂုတ် ၈ ရက်တွင် ထိုင်းအမျိုးသား လက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)