Skip to main content

မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီအနေဖြင့် ဆုံးဖြတ်ချက် ၄၈ ခုကို ချမှတ်နိုင်ခဲ့ပြီး ဆုံးဖြတ်ချက်များအနက် ၄၄ ခုကို ဆောင်ရွက်ပြီးစီးပြီဖြစ်

နေပြည်တော် ဩဂုတ် ၄

မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီအနေဖြင့် ဆုံးဖြတ်ချက် ၄၈ ခုကို ချမှတ်နိုင်ခဲ့ပြီး ဆုံးဖြတ်ချက်များအနက် ၄၄ ခုကို ဆောင်ရွက်ပြီးစီးပြီဖြစ်ကာ မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီအစည်းအဝေး(၁/၂၀၂၆) အစည်းအဝေးဆုံးဖြတ်ချက်လေးခုကို ဆောင်ရွက်နေဆဲဖြစ်ကြောင်း ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည့် မူပိုင်ခွင့်ဆိုင်ရာ ပညာရှင်ရွေးချယ်ရေး အစည်းအဝေးမှ သိရသည်။

မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီကို မူပိုင်ခွင့်ပညာရှင်လေးဦးအပါအဝင် အဖွဲ့ဝင်စုစုပေါင်း ၁၈ ဦးဖြင့် ဖွဲ့စည်းထားခဲ့ပြီး မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီနည်းဥပဒေများကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်ကာ မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီအတွက် မူပိုင်ခွင့်ဆိုင်ရာပညာရှင်များ ထပ်မံခန့်အပ်နိုင်ရန် မူပိုင်ခွင့်ဆိုင်ရာ ပညာရှင်ရွေးချယ်ရေးအစည်းအဝေးကို ကျင်းပခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် မူပိုင်ခွင့်ဆိုင်ရာ ပညာရှင်လေးဦးကို ခန့်အပ်နိုင်ရန် အသင်းအဖွဲ့များနှင့်ဝန်ကြီးဌာနများမှ ဆောင်ရွက်ရန် စိတ်ဝင်စားသူများကို ဖိတ်ခေါ်ခဲ့ကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီအားလိုအပ်သည်များကို ပြင်ဆင်ဖွဲ့စည်းနိုင်ရန် မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီသို့တင်ပြခဲ့ရာ ခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ်ပါသဖြင့် မူပိုင်ခွင့်ဆိုင်ရာပညာရှင်လေးဦးကို စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြန်လည်စိစစ်ရွေးချယ်သွားမည်ဖြစ်ပြီး ရွေးချယ်ပြီးပါက မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီတွင် ထည့်သွင်းဖွဲ့စည်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမင်းမင်းက ပြောကြားသည်။

အစည်းအဝေးတွင် အေဂျင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အေဂျင်စီ၏ လုပ်ငန်းတာဝန်များကို ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့် သင့်လျော်သည့်ပညာရှင်များကို ရွေးချယ်နိုင်ရန် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည့်အပြင် မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီ ပြင်ဆင်ဖွဲ့စည်းပြီးပါက နိုင်ငံ့ဝန်ထမ်းမဟုတ်သော မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီအဖွဲ့ဝင်များအတွက် ချီးမြှင့်ငွေနှင့် စရိတ်သတ်မှတ်နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်