Skip to main content

ထိုင်းနိုင်ငံ၌ တရားဝင်ခရီးစဉ်(Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်က ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး

နေပြည်တော် ဩဂုတ်  ၆

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ၌ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ်က ဗန်ကောက်မြို့ရှိ အစိုးရအိမ်တော်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုပြီး တွေ့ဆုံဆွေးနွေးကြသည်။

ဂုဏ်ပြုကြိုဆို

ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်လိုက်ပါလာသည့် အထူးယာဉ်တန်းသည် အစိုးရအိမ်တော်အဆောက်အဦရှေ့ မြက်ခင်းပြင်သို့ရောက်ရှိလာရာ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်က လှိုက်လှဲနွေးထွေးစွာကြိုဆိုနှုတ်ဆက်သည်။
ယင်းနောက် နှစ်နိုင်ငံအကြီးအကဲနှစ်ဦးသည် အလေးပြုခံစင်မြင့်ထက်တွင်နေရာယူကြပြီး ထိုင်းဘုရင့်တပ်မတော်ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံနိုင်ငံတော်သီချင်းများဖြင့် တီးမှုတ်ဂုဏ်ပြုအလေးပြုခြင်းကို ခံယူကြသည်။

ထို့နောက် နှစ်နိုင်ငံအကြီးအကဲနှစ်ဦးသည် ဂုဏ်ပြုတပ်ဖွဲ့အလံအားအလေးပြု၍ ဂုဏ်ပြုတပ်ဖွဲ့အားစစ်ဆေးပြီး နှစ်နိုင်ငံကိုယ်စားလှယ်အရာရှိကြီးများနှင့် အပြန်အလှန်မိတ်ဆက်ပေးကြသည်။ 

ဆက်လက်၍ နှစ်နိုင်ငံအကြီးအကဲနှစ်ဦးသည် အစိုးရအိမ်တော်ခန်းမ၌ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် ထိုင်းဘုရင်မင်းမြတ်၏ မယ်တော်မိဖုရားကြီး Queen Sirikit ၏ တော်ဝင်ပုံတူပန်းချီကားအားအရိုအသေပြုပြီး ထိုင်းနိုင်ငံအစိုးရအိမ်တော် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့သည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီး ဦးဇော်ဇော်စိုး၊ နှစ်နိုင်ငံတာဝန်ရှိသူများနှင့်အတူ အစိုးရအိမ်တော်ဧည့်ခန်းမ၌ သီးသန့်တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံဆွေးနွေး

ထိုသို့ တွေ့ဆုံဆွေးနွေးစဉ် နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ၊ တရားမဝင်နယ်စပ်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာ၊ နယ်စပ်ဖြတ်ကျော်မီးခိုးမြူနှင့် မြစ်ရေညစ်ညမ်းမှုဆိုင်ရာ၊ စွမ်းအင်ကဏ္ဍတို့တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့်ပတ်သက်၍ အပြုသဘောဆောင်ပြီးအကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ပြီး အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံချင်းစီနှင့် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကိုအခြေခံပြီး ပိုမိုထိတွေ့ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့်ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့သည် ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်