နေပြည်တော် ဩဂုတ် ၈
မျိုးဆက်သစ်ကျောင်းသားလူငယ် မောင်မယ်များအနေဖြင့် နိုင်ငံတော်၏သမိုင်းနှင့် တပ်မတော်၏သမိုင်းကြောင်းများကိုလေ့လာသိရှိပြီး အသိပညာဗဟုသုတများရရှိစေရန်၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေပြီး အားကျအတုယူလိုသည့်စိတ်များ ဖြစ်ပေါ်လာစေရန်၊ သင်ရိုးညွှန်းတမ်းပါသင်ခန်းစာများကို အထောက်အကူပြုစေရန်နှင့် နိုင်ငံ့အကျိုး သယ်ပိုးရွက်ဆောင်လိုသည့် ရည်မှန်းချက်ကောင်းများ ထားရှိတတ်စေရန်ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှု၊ တပ်မတော်၏စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသား ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းသို့ ဆောင်ရွက်ပေးမှုဖြင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ဇေယျာသီရိမြို့နယ်ရှိ အခြေခံပညာအလယ်တန်းကျောင်း (လေသာ) မှ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ ယနေ့လာရောက် လေ့လာကြသည်။
ဦးစွာ ကျောင်းသား ကျောင်းသူများနှင့်ဆရာ ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ရောက်ရှိကြပြီး မြန်မာ့တပ်မတော်သမိုင်း မှတ်တမ်းရုပ်ရှင်ကြည့်ရှုကြသည်။ ဆက်လက်၍ ပြတိုက်တာဝန်ရှိသူက ပြတိုက်သမိုင်း၊ ရည်ရွယ်ချက်နှင့် ပြတိုက်အတွင်း ကဏ္ဍအလိုက်ပြခန်း၊ ပြကွက်များ ပြသထားမှုတို့ကို ရှင်းလင်းပြောကြားပြီး ပြခန်းများအလိုက် တာဝန်ရှိသူများက တပ်မတော် (ကြည်း) ပြကွက်၊ တပ်မတော် (ရေ) ပြကွက်၊ တပ်မတော် (လေ) ပြကွက်များ၌ ခင်းကျင်းပြသထားမှုများကို အသေးစိတ်လိုက်လံရှင်းလင်းပြသရာ ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြည့်ရှု၍ သိရှိလိုသည်များကို မေးမြန်းကြရာ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
ထို့နောက် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက်၌ ခင်းကျင်းပြသထားသည့် ပြင်ပပြကွက်များဖြစ်သည့် တပ်မတော် (ကြည်း) ပြင်ပပြကွက်တွင် ဒုတိယကမ္ဘာစစ်နှင့် စစ်ပြီးကာလအသုံးပြုခဲ့သော အမြောက်နှင့်သံချပ်ကာယာဉ်များ၊ တပ်မတော် (ရေ) ပြင်ပပြကွက်တွင် စစ်ရေယာဉ်ပုံစံတူများနှင့် လက်နက်များ၊ တပ်မတော် (လေ) ပြင်ပပြကွက်တွင် ခေတ်အဆက်ဆက်အသုံးပြုခဲ့သော တပ်မတော်လေယာဉ်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
