Skip to main content

ကိုဗစ်လှိုင်းဂယက်နှင့်အနာဂတ်ခရီး

 

ကိုဗစ်ရောဂါ၏ အန္တရာယ်ကိုအကြောင်းပြု၍ ၂၀၂၀ ပြည့်နှစ် မည်သို့ မည်ပုံ ကုန်ဆုံးသွား သည်ကို လူအများတို့ ဂရုမပြုနိုင်လောက်အောင် ဖြစ်ခဲ့ရသည်။ ကမ္ဘာသုံးပြက္ခဒိန်အရဆိုလျှင် ယခုလသည် ၂၀၂၀ ပြည့်နှစ်၏ နောက်ဆုံးလဖြစ်၏။ နှစ်တစ်နှစ်သည်ပင် တရွေ့ရွေ့ဖြင့် ကုန်ဆုံး တော့မည်တည်း။ ။

ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးသည် ကူးစက်လွယ်၏။ အထူးသဖြင့် လူချင်း ထိတွေ့ဆက်ဆံမှု နီးကပ် သည်ဆိုလျှင် ရောဂါပိုးကူးစက်ရန် လွယ်ကူ၏။ သည်လိုနှင့် ကိုဗစ်ရောဂါပိုး ကူးစက် ပြန့်ပွား မှုနှုန်းသည် တစ်စတစ်စ အရှိန်မြင့်တက်လာကာ ကမ္ဘာတစ်ဝန်းသို့ ပျံ့နှံ့သွားတော့သည်။

သည်လိုနှင့် တရုတ်နိုင်ငံ ဝူဟန်မြို့ ကစသည့် ကိုဗစ်ရောဂါသည် တဖြည်းဖြည်းချင်း အရှိန်မြင့် တက် ကူးစက်ပျံ့နှံ့သွားခဲ့ရာ၊ တစ်နှစ်ဆိုသည့် အချိန်မတိုင်မီမှာ ကမ္ဘာတစ်ခွင်ကလူများစွာကို ရောဂါ ဖြစ်ပွားစေခဲ့သည်။ လူ့အသက်များစွာကို ခြွေခဲ့လေသည်။ ယနေ့ဆိုလျှင် ပိုးကူးစက်ကာ ရောဂါဖြစ်သူ ကမ္ဘာတစ်ခွင်၌ ၆၇ သန်းကျော် ရှိသွားပြီ။ ကိုဗစ်ကြောင့် သေဆုံးသူဦးရေ တစ်သန်းခွဲကျော်ခဲ့ပြီ။ ။

မြန်မာနိုင်ငံတွင် ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်းတစ်သိန်းနီးပါးရှိ လာပြီး သေဆုံးလူနာ ၂၁၀၀ စွန်းစွန်းရှိနေပြီ။

တစ်နှစ်တာကာလပတ်လုံး လူအများ ခရီးသွားလာခြင်းပြုရန် မဖြစ်နိုင်ခဲ့။ ခရီးသွား လုပ်ငန်း တစ်ခုလုံး ရပ်တန့်သွားခဲ့၏။ ဟိုတယ်များ အားလုံး ပိတ်ထားရ၏။ အလှကုန်များ၊ ဖက်ရှင် အဝတ်အစား လုပ်ငန်းများ ရပ်တန့်ကုန်၏။ ဆေးဝါးနှင့် စားသောက်ကုန်မှ လွဲလျှင် အားလုံး လိုလိုသော ရောင်းဝယ်ဖောက်ကားမှုတို့ဆိုင်းသွား၏။ လေထဲက ဆက်သွယ်မှာယူ၊ အိမ် အရောက်ပို့ ဖြစ်လာ၏။ သွားလာစရာ ရှားပါးသွား၏။ ပွဲလမ်းသဘင် မရှိ။ ရုပ်မြင်သံကြားကို အဖော်ပြု၊ အပြင်ထွက်စရာမလိုသော ပျော်ရွှင်မှု ကိုရှာ။

အစားအသောက်မျိုးစုံကို အိမ်မှာ ချက်ပြုတ်စားသောက်ကြ၊ အချုပ် အလုပ် အိမ်တွင်း မှာပင်လုပ်ကြ။ လူမှုဆက်ဆံရေးတစ်ခုလုံး လိုလိုသည် လေထဲမှာ၊ လိုင်းပေါ်မှာ။ ။

အပြင်မထွက်ရ၊ အိမ်တွင်းပုန်းလုပ်ရ၊ ပွဲလမ်းသဘင်ကင်းဝေး။ ခါတိုင်းလို ကြော့ကြော့မော့မော့ သွားလာလှည့်လည် ဈေးဝယ်လျှောက်ကြည့် စသည့် အပန်းဖြေမှုက မရှိသလောက်ဖြစ်ကြ။ သည်လိုထဲ တွင် ရင်းနှီးခင်မင်သူများ၊ ဆွေမျိုးမိတ်သင်္ဂဟများထဲက ရောဂါဖြစ်သည့် သတင်း များ၊ သေဆုံးကွယ်လွန်မှုများကလည်း လူကို ပူပင်ထိတ်လန့် ဖြစ်စေ၊ ကိုယ်တိုင် ရောဂါဖြစ်မှာ ပူရ၊ မိသားစုအတွက် ပူပန်ရ၊ စီးပွားရေး မလုပ်နိုင်၊ အလုပ်အကိုင်တို့ရပ်တန့်၊ ဝင်ငွေထိခိုက် စသည်ဖြင့် စိတ်ဖိစီးမှု များဖြင့် ရင်ဆိုင်လာကြရသည်။ ။

လူတစ်ဦးချင်း၏ ဘဝများကို ထိခိုက်စေသကဲ့သို့ နိုင်ငံအနေဖြင့် လည်း များစွာနစ်နာခဲ့ပြီ။ နိုင်ငံ၏ ကျန်းမာရေးစရိတ်ကမနည်း၊ စီးပွားရေး လုပ်ငန်းများက မရှိသလောက် ခရီးသွားနှင့် ဟိုတယ် လုပ်ငန်းများ ရပ်တန့်သွားရခြင်းကပင် နိုင်ငံ၏ ဝင်ငွေများစွာကို လျော့ကျစေခဲ့ပြီ ဖြစ်၏။ မြန်မာနိုင်ငံက ဓနငွေကြေးပြည့်စုံသည့် နိုင်ငံမဟုတ်သည့်အတွက် ရောဂါပိုး ကူးစက်ခံရသူ၊ ရောဂါပိုးကူးစက်ခံရနိုင်သည်ဟု သံသယရှိသူ အားလုံးကို သီးသန့်ခွဲခြား ထားသည့် နေရာဌာနများကို ပြင်ဆင်ခဲ့ရ၏။ ထိုသူတို့ နေရေးထိုင်ရေးစားရေး သောက်ရေး အသုံးပြုနိုင်မည့် သောက်ရေ သုံးရေကအစ စွန့်ပစ်အမှိုက်များကို ရှင်းလင်းရေးအထိ တာဝန်ယူ

ဆောင်ရွက်ပေးရသည်မှာ လွယ်ကူမည်မဟုတ်ကြောင်း ရှင်းပြရန်လိုမည် မထင်။ မချမ်းသာသော နိုင်ငံတစ်ခုအတွက် ကုန်ကျစရိတ်မှန်သမျှသည် ဝန်ထုပ်ဝန်ပိုးသာ သိန်းသန်းချီသော ငွေအလုံး အရင်းကို သုံးခဲ့ရသည်။ လူတစ်ဦးချင်း၏ရောဂါပိုးကာကွယ်ရေးသည် မည်မျှလောက် တာသွား သည်ဆိုခြင်းကို ရိပ်စားမိနိုင်ပါသည်။ ။

မကြာမီတွင် ကာကွယ်ဆေးများ လှိုင်လှိုင်ထွက်လာမည်ဟု မျှော်လင့် ရ၏။ လှိုင်လှိုင် ဆိုသော်လည်း ကာကွယ်ဆေးထိုးနှံမှုသည် ဈေးပေါပေါ လွယ်လွယ်ကူကူ ဖြစ်နိုင်လိမ့်မည် မဟုတ်။ ကမ္ဘာနှင့်ချီ ခံစားနေရသော ရောဂါ ဖြစ်ခြင်းကြောင့် ကာကွယ် ဆေးရရှိဖို့ကိုပင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာတွင် အပြိုင်အဆိုင်ကြိုးစားရ ဦးမည်။ ကျန်းမာရေး ပြဿနာ ကို ထိန်းချုပ်နိုင်ပြီဆိုလျှင်ပင် စီးပွားရေးပြန်လည်ဦးမော့နိုင်ရေး၊ ခေါင်းထောင်နိုင်ရေး၊ နာလန် ထူနိုင်ရေးကို အင်တိုက်အားတိုက် ပြိုင်ဆိုင် ကြရဦးမည်။

အချုပ်ကိုဆိုရလျှင် နိုင်ငံသားတို့ ကျန်းမာဖို့လို၏၊ ရောဂါပိုးကူးစက် မှုကို အတတ်နိုင်ဆုံး ထိန်းချုပ်ကာကွယ်နိုင်ဖို့လို၏ ဆိုသည်ကို အကြောင်းပြချက်များစွာ ပေးစရာမလိုလောက်။ လူ့စွမ်းအားရင်းမြစ်များ သန်မာအားကောင်း နေဖို့လိုသည်။ အနာဂတ်ကို အင်သစ် အားသစ်ဖြင့် ရင်ဆိုင်နိုင်ကြမှ ဖြစ်မည်။ လက်ဆေး၊ လူစုလူဝေးရှောင်၊ နှာခေါင်းစည်းတပ် စသည့် ရောဂါပိုး ကာကွယ်ရေးအခြေခံတို့ကို အရေးကြီးဆုံးသော စောင့်ထိန်းမှုအဖြစ် ခံယူကျင့်ကြံကြရန် လိုပါပြီ။ ။ စိတ်အားတက်ကြွစွာ စည်းကမ်းလိုက်နာရင်း အနာဂတ်ကို ရင်ဆိုင် ကျော်လွှားကြပါစို့။ ။