Skip to main content

ဆန္ဒ ဝီရိယ စိတ်ဓာတ် ပညာဖြင့်…

ဒီဇင်ဘာလ ၇ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ကိုဗစ်ရောဂါပိုး ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း တစ်သိန်းကျော်သွားပြီ ဖြစ်ပါသည်။ ကိုဗစ်ကြောင့် သေဆုံးသူစုစုပေါင်းမှာလည်း ၂၁၀၀ ကျော် ရှိခဲ့ပြီ။ နိုင်ငံသား ပြည်သူလူထုအနေဖြင့် အလွန်အကြူး ထိတ်ထိတ် ပျာပျား ဖြစ်သွားရန် မလိုဘူး ဟု ဆိုနေရသည့်တိုင် လေးနက်သော အချက်ပေးခေါင်းလောင်းသံအဖြစ် မှတ်ယူကြရန်တော့ လိုပါပြီ။

ယခုသိရသည့် အဆိုပါပိုးကူးစက်မှုခံရသူ လူနာစုစုပေါင်း၏ ၇၄ ရာခိုင်နှုန်းသည် ရန်ကုန်တိုင်း ဒေသကြီးက ဖြစ်ပါသည်။ ကိုဗစ်ရောဂါကြောင့်သေဆုံးသူလူနာ စုစုပေါင်း၏ ၉၂ ဒသမ ၇ ရာခိုင်နှုန်းမှာလည်း ရန်ကုန်တိုင်းဒေသကြီးကပင် ဖြစ်ပါ၏။

ယင်းအနေအထားပေါ်မူတည်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ရန်ကုန်တိုင်းက အထူးသတိထားဖို့ လိုတယ်လို့ ကျွန်မတို့ ထပ်တလဲလဲ ပြောတာပါ” ဟု ဆိုလိုက်ပါသည်။

ရန်ကုန်သည် မြန်မာနိုင်ငံတွင် လူဦးရေအများဆုံးမြို့၊ လှုပ်ရှားတက်ကြွအရှိဆုံးမြို့ ဖြစ်သည့်အတွက် ရောဂါပိုးကူးစက်နိုင်မှု ကလည်း အများဆုံး ဖြစ်နိုင်ခြေရှိသည်မှာ မှန်ပါသည်။ သို့သော်လည်း ဥပဒေလိုက်နာကြခြင်းဖြင့်လည်းကောင်း၊ စည်းကမ်း စည်းမျဉ်းများအတိုင်း ထိန်းသိမ်း ကျင့်ကြံကြခြင်းဖြင့်လည်းကောင်း ရောဂါပိုးကူးစက်မှုကို များစွာကာကွယ်ထိန်းချုပ် နိုင်မည်မှာ လည်း အမှန်ပင်ဖြစ်ပါသည်။ စည်းကမ်းလျော့ရဲမှု၊ ဥပဒေကို မထီမဲ့မြင်ပြုမှုတို့သည် ကာယကံရှင် အတွက်လည်း မည်သို့မျှ သက်သာလိမ့်မည်မဟုတ်သလို တစ်နိုင်ငံလုံး၏ အထွေထွေအခြေအနေကို ပိုမိုထိခိုက်နစ်နာစေမည်ကိုလည်း သတိပြုသင့်ကြပါ သည်။

မြန်မာနိုင်ငံသာမက ကမ္ဘာ့နိုင်ငံအားလုံးလိုလိုပင်ယခု ၂ဝ၂ဝ ပြည့်နှစ်၏ နှစ်ဆန်းမှသည် နှစ်ဆုံးထိတိုင် ကိုဗစ်ရောဂါနှင့် နပန်းလုံး နေခဲ့ကြရသည်။ အထူးသဖြင့်မူ နိုင်ငံရေးခေါင်းဆောင်များ၊ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှုရေးရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဆိုင်ရာ တတ်ကျွမ်းနားလည်သူ ပညာရှင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကျန်းမာရေးအကူနှင့် ပရဟိတသမားများ ဖြစ်၏။ နှစ်ပေါက် သည့်တိုင် ဆက်တိုက်တာဝန်ယူ အလုပ်လုပ်ကြရသဖြင့် အမှန်ပင် ပင်ပန်းလှ၊ နွမ်းနယ်လှပြီ။

မြန်မာနိုင်ငံသည် အစစအရာရာ နိမ့်ပါးနေရာက ပြန်လည်ကုန်းရုန်းထရန် ကြိုးစားနေရသည့် အချိန်ဖြစ်သည့်အတွက် ငွေအား၊ လူအား၊ ယန္တရားနှင့် အထောက်အကူပြု အဆောက်အအုံ အင်အားစသည့်ရင်းမြစ်မျိုးစုံ အားနည်းလျော့ပါးနေမှုများကြားက တတ်နိုင်သမျှ ရှိသမျှနှင့် အားသွန်ခွန်စိုက် ဆောင်ရွက်နေကြရပါသည်။

ဤဖိစီးမှုက လေးလံလှပါသည်။ ထို့ပြင် စီးပွားရေးလုပ်ငန်း အားလုံး ထိခိုက်နစ်နာနေပြီဖြစ်ပြီး အနာဂတ် စီးပွားရေးပြန်လည် ဦးမော့ရေး၊နာလန်ထူရေးကို များစွာအားထုတ်လုပ်ကိုင်ကြရဦးမှာ ဖြစ်ပါသည်။ သံသယလူနာများ၊ ကူးစက်ခံထားရသူလူနာများ၊ ရောဂါခံစားနေရသူများ တို့အတွက် ကျန်းမာရေးစရိတ်ကလည်း စီးပွားရေးအကျပ်အတည်းကို ပိုမိုလေးလံစေဦးမည် ဖြစ်ပါသည်။

ယနေ့ကာလ အရေးကြီးဆုံးလုပ်ငန်းမှာ နိုင်ငံတွင်း ပိုးကူးစက်မှုနှုန်းကို လျှော့ချနိုင်ရေး ဖြစ်ပါသည်။ ဤသည်မှာ အစိုးရ၊ စီမံခန့်ခွဲ သူများနှင့် ကျန်းမာရေးပညာရှင်များ သက်သက်ဖြင့် အောင်မြင်အောင် အကောင်အထည်ဖော်နိုင်မည် မဟုတ်ပါ။ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု များစွာလိုအပ်ပါသည်။ လက်ကို ရေ ဆပ်ပြာတို့ဖြင့် စနစ်တကျဆေးခြင်း၊ လူစုလူဝေးလုံးဝ မပြုလုပ် ခြင်း၊ လူချင်းခွာ စကားပြောဆိုဆက်ဆံခြင်း၊ အိမ်တွင်း၌ အတတ်နိုင်ဆုံး နေခြင်း၊ မဖြစ်မနေထွက်ရလျှင် နှာခေါင်း ပါးစပ် အကာအကွယ်၊ မျက်နှာဖုံးတို့ကို တပ်ဆင်ခြင်းစသည့် အခြေခံများနှင့်အတူ ထုတ်ပြန်ကြေညာထားသော ဥပဒေစည်းကမ်းတို့ကို လိုက်နာရန် အထူး လိုပါသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မြွက်ဆိုသကဲ့သို့ ဆန္ဒ၊ ဝီရိယ၊ စိတ်ဓာတ်၊ ပညာတို့က အရေးကြီး ပါသည်။ အမှန်တကယ် ဖြစ်ချင်မှု လိုလားမှု၊ အားအင်စိုက်ထုတ်မှု၊ စိတ်ဓာတ်မြင့်မားမှုနှင့် ဘာလုပ်သင့်သည်။ ဘာမလုပ်သင့်ဆိုသည်ကို ကောင်းစွာနားလည်သည့် ပညာဉာဏ်ဖြင့် ကျင့်ကြံဆောင်ရွက်ကြခြင်းဖြင့် ယနေ့ ရင်ဆိုင်နေရသော ကပ်ရောဂါကို အောင်မြင်စွာ ကျော်လွှားနိုင်ကြမည်ဟု ယုံကြည်ပါကြောင်း။ ။