Skip to main content

အမျိုးသားအောင်ပွဲနေ့မှ ငြိမ်းချမ်းရေးသို့

၁၃၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်၊ ၂၀၂၀ ပြည့်နှစ်၊ နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့၏ဆောင်ပုဒ်သည် “ရာပြည့် အမျိုးသားအောင်ပွဲနေ့မှသည် တိုင်းရင်းသား အားလုံး ပူးပေါင်းဆောင်ရွက်လို့၊ ပြည်ထောင်စုငြိမ်းချမ်းရေး တည်ဆောက် စို့” ဟူ၍ဖြစ်သည်။ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးကို အထူးပြုထားသော ယခုနှစ်အမျိုးသားအောင်ပွဲနေ့ ဆောင်ပုဒ်သည် လေးနက်သည့်အနှစ်သာရများ ပြည့်ဝပါသည်။

လွတ်လပ်ရေးရပြီး နှစ်ပေါင်း(၇၀)ကျော်လာပြီဖြစ်သည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် ငြိမ်းချမ်းရမည့်နိုင်ငံ ဖြစ်သင့်ပါသည်။ ထို့ကြောင့် လွန်ခဲ့သည့် နှစ်တစ်ရာကာလက တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး လက်တွဲစည်းလုံးပြီး အမျိုးသားအားမာန်များ ကို အလျှံတညီးညီး ဘဝဂ်တညံညံ ထုတ်ဖော်လှစ်ခဲ့သည့် အမျိုးသားအောင်ပွဲနေ့၊ တစ်မျိုးသား လုံးအောင်ပွဲနေ့ကြီးကဲ့သို့ ငြိမ်းချမ်းရေးအောင်ပွဲကို အဆင့်ဆင့်လှမ်းတက် တည်ဆောက်ကာ ငြိမ်းချမ်းရေးအနှစ်သာရ၊ အသီးအပွင့်များကို ရယူရမည့် အချိန်အခါဖြစ်သည်။

အမျိုးသားလွတ်မြောက်ရေး ကြိုးပမ်းမှုသမိုင်းတွင် ၁၉၂၀ ပြည့်နှစ်၌ အမျိုးသားပညာရေးကို အကြောင်းပြု၍ တက္ကသိုလ် ကျောင်းသားလူငယ်များ ဦးဆောင်လှုပ်ရှားမှုဖြင့် တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး အမျိုးသားရေး စိတ်ဓာတ်များ နိုးကြားထက်သန် ခဲ့ကြသော်လည်း (၁၉၁၉-၁၉၂၉) ဆယ်နှစ်တာကာလအတွင်း နိုင်ငံရေးခေါင်းဆောင်ဟောင်းသခင်များ ဦးဆောင်သည့် ဝံသာနု ဂျီစီဘီအေအဖွဲ့ချုပ်ကြီးမှာ အစိတ်စိတ်အမြွာမြွာ ကွဲပြားပြီး အရေးနိမ့်သောကာလ ဖြစ်သည်။ ဤကဲ့သို့သောကာလတွင် တိုင်းပြည်၌ တက်ကြွသောနိုင်ငံရေးနိုးကြားမှု အသစ်များ လိုအပ်လာသည်မှာ ဓမ္မတာဖြစ်သည်။ ယင်းတို့ကို ၁၉၂၀ ပြည့်နှစ် အမျိုးသားနေ့မှတစ်ဆင့် မွေးဖွားပေးနိုင်ခဲ့သည်။

၁၉၂၀ ပြည့်နှစ်မှ ၁၉၄၈ ခုနှစ်အထိ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိသည့်ကာလတိုင် ဖြစ်ပေါ် လာသည့် နိုးကြားထက်သန်သော အမျိုးသား အားမာန်များ၊ စည်းလုံးညီညွတ်မှုစွမ်းအားများမှာ အမျိုးသားနေ့မှတစ်ဆင့် မွေးဖွားပေါ်ပေါက်လာသည်ဟု ဆိုနိုင်သည်။ ထိုသို့မွေးဖွားဖြစ်ထွန်း လာစေသည့်အဖွဲ့အစည်းမှာ တို့ဗမာအစည်းအရုံး အဖွဲ့အစည်းကြီးဖြစ်သည်။ မြန်မာ့သမိုင်းတွင် တို့ဗမာ အစည်းအရုံးဟူ၍ အထင်ကရ မော်ကွန်းတင်ရမည့် အမျိုးသားရေးအဖွဲ့အစည်းကြီး၏ ကြေညာစာတမ်းအမှတ်(၁)သည် မြန်မာ နိုင်ငံနှင့် မြန်မာနိုင်ငံသားများ အစဉ်ထာဝရ အလေးအနက်ထားသင့်သည့် သန္နိဋ္ဌာန်ဖြစ်သည်။ ကြေညာစာတမ်းတွင် -

“အချင်းအမျိုးသားအပေါင်းတို့ မြန်မာနိုင်ငံသည် အသင်တို့၊ ငါတို့နိုင်ငံ မဟုတ်ပါသလော။ အသင်တို့၊ ငါတို့နိုင်ငံကို ချစ်ခင်ကြဖို့ အလုပ်မှာ အသင်တို့၊ ငါတို့၏ မဟာဝတ္တရားတော်ကြီး မဟုတ်ပါလော။ မြန်မာနိုင်ငံသည် မြန်မာဖို့မဟုတ်ပါလော။ မြန်မာနိုင်ငံသည် မြန်မာဖို့ဖြစ်စေရမည်။ မမေ့မလျော့ကြကုန်လင့်။ ညီညွတ်ကြကုန်လော့။ အချင်းချင်း ရိုင်းပင်းကြကုန်လော့” ဟူသည့် တို့ဗမာအစည်းအရုံး ကြေညာစာတမ်းသည် မြန်မာတစ်နိုင်ငံလုံး၊ မြန်မာ တစ်မျိုးသား လုံး ထာဝရအကျိုးစီးပွားအတွက် တိုက်တွန်း နှိုးဆော်ထားသည့် ကြေညာစာတမ်းဟု ဆိုရမည် ဖြစ်သည်။ အမျိုးသားရေးလှုပ်ရှားမှုများသည် ကြီးသည်ထက်ကြီး၊ များသည် ထက်များလာကာ နောက်ဆုံးတွင်ကျူးကျော်သူနယ်ချဲ့တို့ ဆုတ်ခွာသွားရလေသည်။

၂၀၂၀ ပြည့်နှစ်တွင် အမျိုးသားအောင်ပွဲနေ့ ဆောင်ပုဒ်ပါအတိုင်း စည်းလုံးညီညွတ်မှုဖြင့် ငြိမ်းချမ်းရေးဆီသို့ တက်လှမ်းကြ တော့မည်ဖြစ်သည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် အခြေခံမူများ ချမှတ်နိုင်သည် သာမက လက်တွေ့တွင် မဖြစ်မနေ အကောင်အထည်ဖော် ကျင့်သုံးရမည့် လုပ်ငန်းစဉ်တစ်ရပ်ကို ကတိကဝတ် ပြုနိုင်ခဲ့ သည်။ ယင်းသည် အားလုံး စုပေါင်းညီညွတ်မှုကြောင့် စိုက်ထူလိုက်နိုင်သည့် သမိုင်းမှတ်တိုင် ဖြစ်သည်။

(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးဖွင့်ပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “ငြိမ်းချမ်းရေး တည်ဆောက်ကြရာမှာ သေနတ်သံတွေ၊ ဗုံးသံတွေ၊ တိုက်ပွဲသံတွေ တိုးတိတ်ငြိမ်သက် သွားရုံသက်သက် မဟုတ်ပါဘူး။ လက်နက်အားကိုးမှ၊ အင်အားကို အသုံးချမှ ထိရောက်မှုရှိမယ်၊ အရာဝင်မယ်၊ အလေးပေးခံရမယ်၊ အောင်မြင်မယ်ဆိုတဲ့ နိုင်ငံရေးဓလေ့ဆိုးကို ဖြစ်ပေါ် စေခဲ့တဲ့ အဇ္ဈတ္တစိတ်သန် ရေသောက်မြစ်ကို ဖြတ်တောက်ပစ်ဖို့အထိ အဓိကရည်ရွယ်တာပါ” ဟု ငြိမ်းချမ်းရေးတည်ဆောက်သူများ၏ အန္တိမ မျှော်မှန်းချက်ကို ပြောကြားခဲ့သည်။

သို့ဖြစ်ရာ ၁၉၂၀ ပြည့်နှစ် အမျိုးသားနေ့သည် စည်းလုံးခြင်းမှ ပေါ်ထွက်လာသော အမျိုးသား အားမာန်များ စတင်သန္ဓေတည် မွေးဖွားသည့် နေ့ဖြစ်ရာ ၂၀၂၀ ရာပြည့် အမျိုးသားအောင်ပွဲနေ့မှသည် တိုင်းရင်းသား ပြည်သူအားလုံး လက်တွဲပူးပေါင်း ဆောင်ရွက်ကြကာ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးကို တည်ဆောက်ကြရမည် ဖြစ်ပါကြောင်း။ ။